မလေးရှားရောက် မြန်မာဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ခွင့်ပေးမည်ဟု မလေးရှားအစိုးရပြော
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈
မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့်ပေးဖို့ အစိုးရက အဆိုပြုထားကြောင်း မလေးရှားဝန်ကြီးချုပ်ရုံး (ဖက်ဒရယ်အစိုးရ) မှ ဝန်ကြီး ဇာလီဟာ မွတ်စ်တာဖာက ပြောပါတယ်။
အဆိုပါ ဒုက္ခသည်တွေဟာ မလေးရှားအစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကနေ တရားဝင်ဒုက္ခသည်မှတ်ပုံတင် (အိုင်ဒီ) ကတ် ရရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“မလေးရှားနိုင်ငံမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူအားလုံး အစိုးရထံ တရားဝင်မှတ်ပုံတင်ပြီးသာ အတည်ပြုချက်ကို အပြီးသတ်နိုင်မယ်”လို့ ၎င်းက ဆက်ပြောပါတယ်။
ကဏ္ဍအသီးသီးက အလုပ်သမားလိုအပ်ချက်တွေနဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး အစိုးရအဆိုပြုချက်ရဲ့ သီးခြားအချက်တွေကို ပြုပြင်ဆဲဖြစ်ကြောင်းလည်း သိရပါတယ်။
“လူသားချင်းစာနာထောက်ထားမှုအရ မလေးရှားဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တခြားနိုင်ငံတွေက ဒုက္ခသည်တွေကို လူမှုရေးအကူအညီတွေ ထပ်တိုးပေးခဲ့ပါတယ်”လို့ ဇာလီဟာ မွတ်စ်တာဖာက ပြောပါတယ်။
မလေးရှားအစိုးရရဲ့ ဒုက္ခသည်များ အလုပ်လုပ်ခွင့်ပေးရေး အဆိုပြုချက်ဟာ ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများ စီမံခန့်ခွဲရေးမူဝါဒနှင့် ယန္တရား (၂၀၂၃) ကို အကောင်အထည်ဖော်နေတဲ့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အမိန့်ညွှန်ကြားချက်တွေအတိုင်း အကောင်အထည်ဖော်နေတာပါ။
ဒီညွှန်ကြားချက်ဟာ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းသူတွေကို ကြီးကြပ်ကွပ်ကဲဖို့ အစိုးရဲ့ မူဘောင်တစ်ရပ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာအစိုးဌာနတစ်ခုစီရဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေကို အကြမ်းဖျင်း ဖော်ပြထားကြောင်း သိရပါတယ်။