ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်မှန်လုံယာဉ်ငယ်ပေါ်မှ လက်နက်နှင့် ကျည်ဆံများ သိမ်းဆည်းရမိ
အောက်တိုဘာ ၂၉၊ နေပြည်တော်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် "သိင်္ဂီအောင်"ခရီးသည်တင် မှန်လုံယာဉ်ငယ်ပေါ်မှ လက်နက်နှင့် ကျည်ဆံများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ (၂၈)ရက် မွန်းလွဲ (၂)နာရီခွဲအချိန်က ညောင်ခါးရှည်ဂိတ်တွင် X Ray စက်ဖြင့် မော်တော်ယာဉ်များကို စစ်ဆေးနေစဉ် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ အသက် (၄၇)နှစ်အရွယ် ယာဉ်မောင်း ကျော်စိုးဝင်း မောင်းနှင်ပြီး အသက် (၄၃)နှစ်အရွယ် ယာဉ်နောက်လိုက် အောင်ကျော်စိုး လိုက်ပါလာသည့် "သိင်္ဂီအောင်" ခရီးသည်တင် မှန်လုံယာဉ်ငယ်ကို စစ်ဆေးရှာဖွေခဲ့သည်။
ယင်းသို့ စစ်ဆေးရှာဖွေရာတွင် ယာဉ်၏နောက်ပိုင်းအတွင်း ကုန်ပစ္စည်းများနှင့် ရောနှောတင်ဆောင်လာသည့် ကိုမင်းထိုက် ပျော်ဘွယ် အမည်နှင့် ဖုန်းနံပါတ်များ ပါရှိသည့် အဝါရောင် ဆာလာအိတ်အတွင်း ကတ်ထူစက္ကူ ဂျပ်ဖာဖြင့် ထည့်ထားသော အမြင့် (၁၅)လက်မခန့်၊ လုံးပတ် (၁၉)လက်မခန့်ရှိ အဖြူရောင် ပလပ်စတစ်ပုံးနှင့် အပြာရောင်အဖုံးဖြင့် ပိတ်ထားသည့် အမြင့် (၁၄)လက်မခန့်၊ လုံးပတ် (၂၈)လက်မခန့်ရှိ အဖြူရောင် ပလက်စတစ်ပုံး အတွင်းတို့မှ ရေချိုငါးပိများနှင့် ရောနှောထားပြီး အဝါရောင်တိတ်၊ ခဲစက္ကူများဖြင့် ပိတ်လျက် ၄၀ မမ သေနတ် (၁)လက်၊ ၎င်းကျည် ၅ တောင့်နှင့် 380 Auto ကျည် ၅၀ တောင့် တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
ယင်းနောက်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဆက်လက်စစ်မေးရာ ၎င်းလက်နက်/ခဲယမ်းများကို ကော့ကရိတ်မြို့နယ်၊ ထိုးကော်ကိုး တောင်ခြေရှိ “သိင်္ဂီအောင်" ကားဂိတ်မှ ရန်ကုန်မြို့၊ အောင်မင်္ဂလာ အဝေးပြေး ကားဝင်း၊ ပကွင်းရှိ "သိင်္ဂီအောင်" ကားဂိတ်သို့ ပို့ဆောင်ရန် လူမဲ့တန်ဆာ တင်ဆောင်ပေး လိုက်ခြင်းဖြစ်ပြီး ရန်ကုန်ကားဂိတ်မှ လူမဲ့တန်ဆာပေါ်၌ ပါရှိသည့် ဖုန်းနံပါတ်၊ လိပ်စာအတိုင်း ပျော်ဘွယ်မြို့သို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၃)ရက်ကလည်း ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် ရာဇာအောင် ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကိုနိုင်ဆိုသူထံမှ လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
#centralnewsnayptitaw