မြနှင်းဝေရေ ... လူဟာ အိုမင်းလာတဲ့အခါ
သူ့ရဲ့ အရေးမပါမှု တွေကို ပိုပြီး
အရေးပါအောင် လုပ်ရလို့ ပိုပြီး
မောပန်းလာတယ် မဟုတ်လား။
ငြိမ်ငြိမ်သက်သက်လေး နေခဲ့သူအဖို့ကတော့
အရေးပါတာတွေ၊ အရေးမပါတာတွေက
ဘာမှ အဓိပ္ပာယ်မရှိတဲ့၊ အနှစ်သား မရှိတဲ့
အရာတွေ ဖြစ်နေတတ်တယ်။ ကျွန်တော်က
ငြိမ်ငြိမ်လေး နေခဲ့သူ တစ်ယောက်ပါ။
အချိန်တွေရဲ့ ချိုမြိန်မှုကို စားသုံးသူ
တစ်ယောက်အဖြစ်နဲ့ ဒီကမ္ဘာကို လာခဲ့ပါတယ်။
တကယ်မရှိတဲ့ ကမ္ဘာထဲမှာ နေထိုင်ခဲ့ပါတယ်။
တယ်လီ ဖုန်းကြိုးတွေ၊ ကားမှတ်တိုင်တွေ၊
အမှိုက်ပုံတွေ၊ နောက်ဖေးလမ်းကြား တွေ
ညထဲမှာ တိတ်တိတ်ဆိတ်ဆိတ်။
ကတ္တရာလမ်းမပေါ်မှာ ခေတ်အဆက်ဆက်က
လမ်းသရဲတစ်ယောက်လို
လေကလေး ချွန်လို့ ကျွန်တော် အိမ်ပြန်ခဲ့ပါတယ်။
- - လွင်မောင်မောင် -
