~~~ အမှတ်တရ ~~~{ ၇ }
ဂျူး
“နင် ငါ့ကို စိတ်ကောက်ပြန်ပြီ မဟုတ်လား ထမင်းရော စားပြီးပြီလား”
ကျွန်မ မဖြေပါ။
“ကဲ … ထ ထ၊ မောင် အလကားစတာ ပြန်ပို့မှာပါ။ သွားရအောင်လေ ဒီအချိန်ဆို မြင်းလှည်းရသေးတယ်။”
ကျွန်မ၏ ပခုံးအောက်မှ လက်တစ်ဘက် ၊ ဒူးကောက်ခွက်အောက်မှ လက်တစ်ဘက် လျှိုသွင်း၍ မောင်က ပွေ့ချီဖို့ ဟန်ပြင်၏။
“အို … ဖယ်ပါ ၊ ထမလို့”
“ဒီမှာ ကျေးဇူး ပြုပြီး ဒေါ်စုစုထွေး ငြိမ်ငြိမ်လေးနေပါ။ ကျွန်တော် ခင်ဗျားကိုယ်ထက် နှစ်ဆတောင် ပွေ့ချီနိုင်ပါတယ် ”
မောင်က ပြောပြောဆိုဆို ကျွန်မကို အိမ်ရှေ့ထိ ပွေ့ချီလာသောကြောင့် ကျွန်မ အလန့်တကြား အော်မိသည်။
“ဟော .. ဘယ်လိုလုပ်တာလဲ ၊ အစောကြီး ရှိသေးတယ် ၊ အိမ်ရှေ့လမ်းပေါ်မှာ လူမပြတ်သေးဘဲနဲ့”
“ဘာဖြစ်လဲ ၊ ကိုယ့်မိန်းမ ကိုယ်ပွေ့တာပဲ ၊ ဟေ့ မရုန်းနဲ့ ၊ ငါ လွှတ်ချလိုက်မယ် ၊ ပြော ငါ့ကို ချစ်လား”
မောင့် မျက်နှာမှာ ကျွန်မကို ချစ်ခင်ယုယသည့် အရိပ်အရောင်များဖြင့် ရွှန်းလက်ဆဲပါတည်း ။ ဘုရားရေ ၊ ကျွန်မ ဘယ်လို နားလည်ရပါ့မလဲ။ မောင်ကပဲ ဟန်ဆောင်ကောင်းလွန်းတာလား ။ ကျွန်မပဲ လူကဲခတ် ညံ့တာလား ။ ထိုညကဖြင့် မောင့် အပေါ်ထားခဲ့သည့် သံသယ များအားလုံး မောင့်အပြုံးဖြင့် ပျောက်လွင့်ခဲ့တော့သည်။
သို့သော် နောက်တစ်နေ့ညနေမှာတော့ မောင်ကိုယ်တိုင်၏ စကားမဟုတ်ဘဲ မည်သူ့စကားမျှ မယုံကြည်ခဲ့သော ကျွန်မအဖို့ အိပ်မက်မှ ဖြုန်းခနဲ လန့်နိုးသွားရ၏။ နောက်တစ်နေ့ ညနေ မှာ ကျွန်မ မောင်ရှိရာ ကလေးဆေးရုံသို့ သွား၏ ။ ကျွန်မတို့ မြို့သို့ ပစ္စည်းနှင့်စာ လူကြုံပေးရန် ကားဂိတ်သို့ သွားရန် မောင့်ကို လာခေါ်ခြင်းဖြစ်သည်။ ကလေးဆေးရုံရောက်တော့ မောင့်သူငယ်ချင်းများကိုသာ တွေ့ရ၏။
ဒေါ်မာမာစိန် စာသင်နေသော အခန်းပေါက်၀မှပင် ကျွန်မ ချောင်းကြည့်ခဲ့သည်။ မောင့်ကို မတွေ့ရ၍ ပြန်ထွက်မည် စိတ်ကူးစဉ် ကံအားလျော်စွာ ဆရာမ စာသင်ပြီးစီး သွားသဖြင့် မောင့်သူငယ်ချင်းက အပြေးအလွှားရောက်လာသည်။ မောင် မနက်ကတည်းက ဝါ့ဒ်ထဲ မလာကြောင်း ပြောပြသည်။ အရေးကြီးလျှင် လိုက်ရှာပေးမည်တဲ့ ။ ဟင့်အင်း ၊ နေပါစေ ၊ အရေးမကြီးးပါဘူး ဟု ပြောခဲ့ပြီး ဘုရားသုံးဆူ ရှေ့သို့ “အောင်သူ” ဟီးနိုး ကားဂိတ်သို့ တစ်ယောက်တည်း ရောက်သွားပြီး ကားဂိတ်မှာ ပစ္စည်းနှင့် စာပေးလိုက်၏။
အဲသည်နေ့က မောင်ရော ကျွန်မ ရော နှစ်ဦးလုံး ကံဆိုးကြ၏။
ကျွန်မက ထုံးစံအတိုင်း ထီးဆောင်းတတ်သူ မဟုတ်သော ကြောင့် အဲ့သည်နေ့ ညနေအပြန်မှာ မိုးဖွဲဖွဲရွာသောအခါ
ကျွန်မ မိုးခိုရန် လိုအပ်လာ၏။ ချက်ချင်း သဲမဲပြီး ချက်ချင်း စဲသွားမည့် မိုးမျိုးဟု လည်း ထင်မှတ်သောကြောင့် နီးစပ်ရာ တစ်နေရာရာသို့ ၀င်ထိုင်ဖို့ လိုအပ်နေဆဲ မှာပင် အဏ္ဏဝါ အအေးဆိုင်ရှေ့ ရောက်လာ၏။ အအေး သောက်ချင်လွန်း၍ မဟုတ်သော်လည်း ဖြုန်းခနဲ ဆုံးဖြတ်ချက်ဖြင့် အအေးဆိုင်ထဲ ခပ်သွက်သွက် ၀င်လိုက်မိသည်။ တည်းတည်းကလေး ကျန်ရစ်သော မျှော်လင့်ချက် ကြိုးမျှင် ကလေးတစ်ခု ထောက်ခနဲ ပြတ်သွားပြီး အေးစိမ့်သော ပတ်၀န်းကျင်နှင့် ဘာမျှ မဆိုင်စွာပင် ကျွန်မ ရင်ထဲမှာ မီးတောက်တစ်ခု အရှိန် ပြင်းစွာ ဟပ်လိုက်သလို ပူပြင်းနာကျင် သွားရသည်။ မယုံကြည်နိုင်စရာ မြင်ကွင်းလည်း မဟုတ် ၊ တစ်စ တစ်မျှင် ခြင်းဖြင့် ရုပ်လုံးတစ်ခု ပေါ်လုနီးပါး ရိပ်မိသိရှိပြီးသော အဖြစ်အပျက် ဆိုပေမယ့် တကယ်တမ်း ရင်ဆိုင်လိုက်ရသောအခါ ကိုယ်ခန္ဓာမှ အားအင်များ ရုတ်ခြည်း လျော့ကျ ဆုတ်ယုတ်သွားသည်။
ကျွန်မက အလျင်စတင် မြင်လိုက်ရသူမို့ ရုတ်တရက် ချောက်ချား အံ့သြမှုကို ချက်ချင်း ပြင်ဆင် ထိန်းသိမ်းရန် အချိန် လုံလောက်စွာ ရခဲ့၏။ ကျွန်မ ရပ်တည်နိုင်စွမ်း ပြန်လည်ရသည့် အချိန်တွင်မှ မောင် က ကျွန်မကို မြင်သွား၏။ မောင့်မျက်နှာ၏ ထိခိုက်ချောက်ချားမှုကို ကျွန်မ တစ်သက်နှင့် တစ်ကိုယ် သည်တစ်ခါပဲ မြင်ဖူးပါသည်။
မောင်သည် လေးငါးစက္ကန့်လောက်အထိ ကျွန်မကို တုန်လှုပ်သော ဟန်အမှုအရာဖြင့် ငေးနေ၏။ ကျွန်မ ဟန်ဆောင် မြန်သူပီပီ လက်မြှောက်ပြကာ “နေပါ ၊ နေပါ” ဟူသော ပုံစံဖြင့် ခပ်လှမ်းလှမ်းက စားပွဲရှိရာသို့ တစ်ဦးတည်း သွား၍ ထိုင်ခဲ့ပါသည်။
ကျွန်မ အနည်းငယ် ညစ်စွာ မောင်နှင့် မျက်နှာချင်းဆိုင်ဖြစ်မည့် ကုလားထိုင်၌ ရွေး၍ ထိုင်သည်။
မောင့် မိန်းမငယ်လေးသည် ကျွန်မကို ကျောပေးလျက်ရှိသည်။ ကျွန်မ နှလုံးသားကို အတင်းဆွဲထုတ်သွားမည့် ပြိုင်ဘက်မိန်းမတစ်ဦးအဖြစ် မနာကြည်းနိုင်လောက်အောင်ပင် ချစ်စဖွယ်ကောင်းသော မိန်းကလေးတစ်ဦးပါ တကား ။ ကြည်ပြာရောင် အထက်အောက် ဆင်တူဖြင့် လန်းဆန်း နူးညံ့စွာ လှပတင့်တယ် သူ တစ်ဦးဖြစ်သည်။ စောစောက ဘေးစောင်း မြင်ခဲ့ရသော ပါးမို့ကလေးများမှာ ပန်းသွေးရောင် ရဲနေသည်။ ဘယ်လောက် ချစ်စရာ နူးညံ့လိုက်တဲ့ မိန်းကလေးပါလိမ့်။
“ဘာသောက်မလဲ” ကျွန်မအနားသို့ လာရပ်သော အင်္ကျီ အဖြူ ၊ လုံချည်ပြာနှင့် ဆိုင်၀န်ထမ်း မိန်းကလေး၏ အသံသည် လိုအပ်သည်ထက် ကျယ်လောင်စွာ နားထဲ ဆောင့်၀င်သွားသည်။
#ဆက်ရန်ရှိ
