လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုကြာမြင့်လာမှုကြောင့် စက်မှုဇုန်များ၌ စက်သုံးဆီကို ယခင်ထက်(၃၀) ရာခိုင်နှုန်းအထိ တိုး၍ဝယ်ယူနေ
ဒီဇင်ဘာ ၁၈
လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုကြာမြင့်လာသည့်အတွက် စက်မှုဇုန်များ၌ စက်သုံးဆီကို ယခင် ဝယ်ယူသည့်ပမာဏထက် (၃၀)ရာခိုင်နှုန်းအထိ တိုး၍ဝယ်ယူနေရကြောင်း စက်မှုဇုန်လုပ်ငန်းရှင် အချို့ ထံမှ သိရသည်။
နိုင်ငံအတွင်း၌ နှစ်စဉ်လျှပ်စစ်ဓာတ်အား (၉)ရာခိုင်နှုန်း တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၈၃) မဂ္ဂါဝပ်လိုအပ်သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ယခုကာလတွင် တစ်ရက် ပျမ်းမျှ(၂၈၀ဝ)မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး လိုအပ်ချက်၏(၅၀)ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစ၍ လူနေရပ်ကွက်များ၌ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမို ကြာမြင့်မှုကိုရင်ဆိုင်လာခဲ့ရပြီး စက်မှုဇုန်များ၌လည်း လျှပ်စစ်မီး ပုံမှန်မရရှိကြောင်း သိရသည်။ ထို့ ကြောင့် စက်မှုဇုန်လုပ်ငန်းရှင်များအနေဖြင့် စက်ရုံလည်ပတ်နိုင်ရေးအတွက် စက်သုံးဆီများကို ယခင်ဝယ်ယူသည့်ပမာဏထက် (၃၀)ရာခိုင်နှုန်းအထိ တိုး၍ဝယ်ယူလာခဲ့ရပြီး ကုန်ကျစရိတ်များ ပိုမို များပြားလာကြောင်း သိရသည်။
“လူနေအိမ်တွေမှာလည်း တော်တော်ပြတ်တယ်။ စက်ရုံတွေမှာဆိုရင်လည်း (၄)နာရီဆိုပေမယ့် တစ်ခါတစ်လေ (၃)နာရီပဲရတဲ့ရက်လည်းရှိတယ်။ မမှန်ဘူး။ အခုနောက်ပိုင်းမှာ ပိုပြတ်တယ်။ မီးမမှန်ပေ မယ့် အော်ဒါကတော့ ယူရတာပဲ။ ဒါပေမယ့် ပြဿနာက အမြတ်အရမ်းနည်းသွားတယ်။ မြတ်ရမယ့် ပိုက်ဆံက ဆီပဲဝယ်နေရတယ်။ စက်သုံးဆီကလည်း ဈေးတော့ကြီးတယ်။ အစ်ကိုတို့ကတော့ ဘယ်နှစ် ဂါလန် လိုချင်ပါတယ်ဆိုရင် ဇုန်ကိုလျှောက်ရတယ်။ အဲဒီ ကနေ ခွဲတမ်းချပြီး ရောင်းတော့ရောင်း ပေးတယ်။ မီးပျက်တော့ အရင်ကထက်လည်း ပိုဝယ်နေရတယ်။ အရင်ကဝယ်ရတဲ့ပမာဏထက် (၃၀) ရာခိုင်နှုန်း၊ (၄၀)ရာခိုင်နှုန်းလောက်ပိုဝယ်ရတယ်"ဟု ရွှေပေါက် ကံစက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စက်မှုဇုန်များအနေဖြင့် စက်သုံးဆီကို လိုသလောက်ဝယ်ယူ၍ ရသော်လည်း တစ်ဂါလံလျှင် အပြင်ပေါက်ဈေးထက် (၂၀ဝ)ကျပ်ပိုပေး၍ ဝယ်ယူရပြီး ယခင်က တစ်လလျှင် ဆီဖိုးငွေကျပ်သိန်း(၃၀ဝ) ကုန်ကျသည့် စက်ရုံသည် လက်ရှိတွင် သိန်း(၄၀ဝ)၊ သိန်း(၄၅၀)အထိ ကုန်ကျနေကြောင်း၎င်းက ဆိုသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အချို့၌ အလုပ်သမားများ၏လစာကို နှစ်ဆနီးပါးတိုးပေး၍ လုပ်သားရှားပါးမှုကို ဖြေရှင်းမှုများလည်းရှိနေသည်။
“ဆီဖိုးမသုံးလိုက်ရဘူးဆိုရင်တော့ ဝန်ထမ်းတွေကို လစာတိုးပေးလို့ရမယ်။ အခုကတော့ ဝန်ထမ်းတွေကို ဒီနှစ်ထဲမှာပဲ လစာတိုးတာနှစ်ခါရှိပြီ။ အရင်ကတော့ တစ်နှစ်တစ်ခါပဲတိုးတယ်။ ထွက်တာ အရမ်းများတော့ လစာတိုးပေးလိုက်တယ်။ လစာက အရမ်းတိုးပေးထားတော့ အခုတော့ အရင်ကလောက် မထွက်ကြတော့ဘူး။ အောက်တိုဘာလကုန်လောက်ထဲက မီးပျက်တာဆိုးလာတာ” ဟု အထက်ပါ စက်မှုဇုန်လုပ်ငန်းရှင်က ဆိုသည်။
ထို့ပြင် ယခုနွေရာသီ၌ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနိုင်ခြင်းကြောင့် ဖြေရှင်း ရန်နည်းလမ်းများကို ရှာဖွေနေရကြောင်း စက်မှုဇုန်လုပ်ငန်းရှင်က ဆိုထားသည်။
ပြီးခဲ့သည့် (၂၀၂၁)ခုနှစ်တွင်တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် အိမ်ထောင်စုအချိုးမှာ (၅၆) ရာခိုင်နှုန်းရှိရာမှ ယခု(၂၀၂၄) ခုနှစ်၊ နိုဝင်ဘာလတွင် (၆၈)ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား (၁)မဂ္ဂါဝပ်လျှင် စုစုပေါင်း အိမ်ခြေ(၃၅၀ဝ)ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီး ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်တွင် တစ်ဦးချင်းပျမ်းမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှုန်းသည် (၃၇၈) ကီလိုဝပ်ခန့် ရှိခဲ့ကြောင်း သိရသည်။
Credit - NP News Agency
#သတင်းဟင်းလေးအိုးကြီး
