4 w - Translate

မြစ်ထဲ ၅ နှစ်ကြာ မြုပ်နေတဲ့ iPad ကြောင့် တရားခံတွေ ဖော်ထုတ်နိုင်ခဲ့

လန်ဒန်ရဲတွေ နှစ်အတော်ကြာအောင် ခေါင်းခြောက်ခဲ့တဲ့အမှုတစ်ခုက iPad Mini တစ်ခုကြောင့် ဖြေရှင်းနိုင်ခဲ့ပါတယ်။

အမှုက ၂၀၀၆ မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလန်သမိုင်းရဲ့ အကြီးဆုံး ဘဏ်ဓါးပြမှု ကျူးလွန်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ပေါလ်အလန်ကို သတ်ဖို့ ကြိုးစားမှုနဲ့ ဆက်စပ်နေပါတယ်။ ပေါလ်အလန်ပါ ၈ ဦးဟာ အင်္ဂလန်ဘဏ် ငွေတိုက်ကို ဓါးပြတိုက်ပြီး ပေါင် ၅၃ သန်း ခိုးသွားခဲ့တာပါ။

ဘဏ်ဓါးပြတွေရဲ့ ထရပ်ကားနဲ့ မဆန့်လို့သာ နောက်ထပ် ပေါင် ၁၅၄ သန်း ဘဏ်မှာ ကျန်နေခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုကြောင့် အလန်ကို ထောင် ၁၈ နှစ် ချခဲ့ပေမယ့် ထောင်ထဲ ၉ နှစ်ကျော်လောက်ပဲ နေခဲ့ရပြီး ၂၀၁၆ မှာ လွတ်လာခဲ့ပါတယ်။ ထောင်ကလွတ်ပြီး ၃ နှစ်အကြာ အိမ်ထဲမှာ ရှိနေတုန်း အလန်ကို လူသုံးယောက်က သေနတ်နဲ့ ၆ ချက်ပစ်သွားခဲ့ပါတယ်။

ဘဏ်ဖောက်တုန်းက ကြံရာပါတွေကို လက်စဖျောက်ဖို့လို့ ယူဆရပါတယ်။ လုပ်ကြံခံရမှုမှာ မသေပေမယ့် အာရုံကြောမကြီးထိပြီး အောက်တစ်ပိုင်းသေသွားခဲ့ပါတယ်။ ဒီအမှုကျူးလွန်သူတွေကို ဖမ်းမိတဲ့အခါ အမှုနဲ့ မသက်ဆိုင်တဲ့ ဓါးပြမှုတွေပါ ရဲက ဖော်ထုတ်မိသွားပါတယ်။ တစ်မှုက ပြတိုက်ဖောက်ပြီး ပေါင် ၂.၈ သန်းတန် ၁၄ ရာစု ချင်မင်းဆက်ခေတ်က ရှေးဟောင်းပစ္စည်းတွေ ခိုးတဲ့အမှုပါ။

ခိုးရာပါပစ္စည်းတွေကို Public Auction တစ်ခုမှာ မစဉ်းမစား လေလံတင်ရောင်းဖို့ လုပ်ရာကနေ လေလံရုံးက ရဲကို အကြောင်းကြားလိုက်လို့ ဖမ်းမိသွားတာပါ။ တရားခံတွေကို DNA စစ်ကြည့်ချိန်မှာ လွန်ခဲ့တဲ့ ၅ နှစ်က အလန်ကို လုပ်ကြံချိန်က ရခဲ့တဲ့ DNA တွေနဲ့ တူနေရာကနေ အမှုကွင်းဆက်ပေါ်လာပါတယ်။

အမှုကို စစ်ရင်းနဲ့ တစ်ယောက်က ကားကို သိမ်းမြစ်ဘေးမှာ ရပ်ထားခဲ့တယ်ဆိုတဲ့ စစ်ချက်အရ မြစ်ထဲမှာ လက်နက်တွေ ရှာဖို့ ရဲက သတ္တုရှာစက်နဲ့ ဆင်းရှာခဲ့တာပါ။ သေနတ်အစား ရွှံထဲ မြုပ်နေတဲ iPad တစ်လုံး ရှာတွေ့ခဲ့ပြီး ဒီ iPad ထဲက Vodafone SIM Card ကို စစ်‌ဆေးမိရာကနေ တရားခံတစ်ဦးဖြစ်တဲ့ ဒန်နီယယ် ကယ်လီပိုင်တက်ဘလက်မှန်း သိသွားခဲ့ပါတယ်။

SIM Card က အလန်ရဲ့ ကားမှာ တပ်ထားတဲ့ GPS ခြေရာခံစက်နဲ့လည်း ချိတ်ဆက်ထားတာတာပါ။ ဆင်းမ်ကတ်ထဲက Call Data တွေက ကယ်လီနဲ့ အယ်ဟာန်း ညီအစ်ကိုကို ရာဇဝတ်ဘေးပြေးမလွတ်အောင် ဖမ်းချုပ်နိုင်ခဲ့ပြီး အပြစ်ရှိကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ တရားခံတွေကိုတော့ လာမယ့် ဧပြီ ၂၅ ရက်နေ့ စီရင်ချက်ချမှာပါ။

ရုပ်ရှင်ဆန်တဲ့ ဒီအမှုမှာ iPad တစ်လုံးက အဓိကဇာတ်ဆောင်တစ်ယောက်လို ဖြစ်ခဲ့သလို ရေအောက် ဒီလောက်ကြာတဲ့အထိ အချက်အလက်တွေ ယူလို့ရနေသေးတာကလည်း ပြောစမှတ်ဖြစ်ခဲ့ပါတယ်။

image