~~~ အမှတ်တရ ~~~ { ၈ }
ဂျူး
“ဘာလုပ်မလို့လဲ”
“အပြန် လိုက်ပို့သင့်သလားလို့ပါ ညစာစားပြီးရင်
၈ နာရီလောက် ဖြစ်သွားမှာလေ ချစ် တစ်ယောက်တည်းဆိုရင် ပြောတာပါ ။ အဖော်ရှိရင်တော့ မပို့ပါဘူး”
“မပို့ပါနဲ့ ၊ တစ်ယောက်တည်း သွားတာ အကျင့်ပါနေပြီ”
ကျွန်မ ရယ်မောပစ်လိုက်ပါသည်။ ထို့နောက် ချက်ချင်း အရယ်ရပ်ပြီး ….
“ဖက်ထုပ်ကြော် မစားချင်ပါဘူးကွယ်” ဟု အနည်းငယ် ညည်းညူလိုက်မိ၏။ မောင်က နားလည်စွာ ဘာမှ မတိုက်တွန်းဘဲ နှစ်ဦးတိုင်ပင်၍ တစ်ခါမျှ နှစ်ယောက်တွဲ မသွားဖူးသော မောရွှေလီ စားသောက်ဆိုင်သို့ သုံးဘီးဖြင့် သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။
“ဘာဆို ဘာမှ မကျေနပ်တဲ့ အကြောင်းလေးတောင် စာရေးဖော်မရလို့ ကျေးဇူးလဲတင်ပြီး သိပ်လဲ အားနာတယ်။”
မောင်သည် ကျွန်မကို တည့်တည့်မကြည့်ဘဲ လမ်းတစ်ဘက် တစ်ချက်က ဆိုင်များ ၊ ဆိုင်းဘုတ်များကို ငေးမောရင်း ခပ်ဆဆလေသံဖြင့် အတိတ်ကို ပြန်ဖွင့်ဟသည်။
“အချစ်မှာ အားနာတယ် ဆိုတာ မရှိဘူး”
မောင်က ခက်ခဲစွာ ပြုံးရင်း ခေါင်းခါ ယမ်းနေလေသည်။ သုံးဘီးကားခကို ကျွန်မ ရှင်းမည်လုပ်တော့ မောင်က အို .. မဟုတ်တာ ၊ ကျောင်းသားဘ၀တုန်းကလို မောင် မမွဲတော့ပါဘူးဟု နာကြည်းစွာ ဆိုသည်။
“အခုလို နှစ်ယောက်တွဲပြီး စားပွဲရုံကို လာတာများ မောင့်ဇနီးသိရင် ဘာပြောမလဲနော်”
မောင့်မျက်နှာညိုမှိုင်းသွား၏။
“အဲဒီလောက်မှ မပိုင်ရင် ဒီလို မိန်းမကို လက်ကိုမထပ်ဘူး။မောင်က အရေးမဟုတ်ပါဘူး။ ချစ်ကသာ မိန်းကလေးမို့”
“ကျွန်မမှာ သ၀န်တိုမယ့်သူ တစ်ယောက်မှ မရှိဘူး”
ကျွန်မ လေသံက အနည်းငယ် မာဆတ်သွား၏။မောင်က နားလည်စွာ ပြုံးနေပါသည်။
“ကဲ .. မောင် တောင်းပန်ချင်တဲ့ စကားတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလား”
“ကျေးဇူးပြုပြီး ဘာမှ မပြောပါနဲ့လေ ကိုယ့်ကိုယ်ကို အမွှန်းတင်တာ မဟုတ်ပါဘူး။ ကျွန်မက သဘောထား ကြီးပါတယ် ။ ဒါပေမယ့် အဲဒီလို သဘောထား ကြီးလိုက်တာ ဆိုတဲ့ အံ့သြမှု ၊ ကျေးဇူးတင်မှုလေး ရဖို့အတွက် ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတွေကတော့ အများကြီးပါပဲ ။ ထားပါလေ။ အခုချိန်မှာ အချစ်ဟောင်း တစ်ယောက်လို သဘောမထားပါနဲ့တော့ ။ မိတ်ဆွေတစ်ဦးလိုပဲ သဘောထားပါ။ ဒါဆိုရင် နေရထိုင်ရ အလိုလို စိတ်ပေါ့ပါး သွားပါလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် ။ ချစ် စားချင်တဲ့ဟင်းကို မှာလေ”
“မောင် စားချင်တာ မှာလေ”
မောင်က အခံရခက်သလို ပြုံးလေသည်။
“မဟုတ်ဘူး ။ ထမင်းစားလို့ မဖြစ်ဘူး ဖျားနေတယ်”
“အို … ”
# ဆက်ရန်ရှိ
