တစ်တားလစ်ခ် တို့အဘိုးဟုတ်သေးလား (#ပြီး)
ဒီဇာတ်လမ်းသစ်ကြောင့် တစ်တားလစ်ခ် ရုပ်ကြွင်းက အရေးမပါတော့ဘူးလား။ ကျွန်တော်တို့က လူထုကြားမှာ လက်ရှိ ပျံ့ပွားနေတဲ့ “ကုန်းတိရစ္ဆာန်အစ တစ်တားလစ်ခ်က” ဇာတ်လမ်းကိုတော့ သံသယနဲ့ စဉ်းစားသင့်ပေမယ့်၊ ဒီ ရုပ်ကြွင်းတွေက အရေးပါနေဆဲပါ။ ဘာလို့လဲဆိုတော့ ပေါင်းဆုံဆင့်ကဲဖြစ်စဉ် (convergence) သဘောကြောင့်ပါ။ သက်ရှိမျိုးနွယ်တွေဟာ ခပ်ဆင်ဆင် မျက်နှာပေးမှုဖိအားတွေနဲ့ ကြုံရတဲ့အခါ ခပ်ဆင်ဆင်ပဲ ပြုပြင်ပြောင်းလဲ ကြတယ်ကိုး။
ဥပမာ ငါးမန်းရဲ့ ကျောဆူးတောင်ရယ်၊ လင်းပိုင်ရဲ့ ကျောအတောင်ရယ်ကို ကြည့်ပါ။ ဘယ်နို့တိုက်သတ္တဝါမှာမှ ကျောအတောင် မရှိပေမယ့် ရေသတ္တဝါ ဖြစ်လာတဲ့ လင်းပိုင်မှာ ငါးမန်းလို ကျောအတောင် ဖြစ်လာတယ် မို့လား။ အစ်သီယိုဆော ခေါ်တဲ့ ဒိုင်နိုဆောတွေနဲ့ ခေတ်ပြိုင် အဏ္ဏဝါတွားသွားသတ္တဝါတွေကလည်း အပေါ်ယံအားဖြင့် လင်းပိုင်နဲ့ ဆင်ပြီး၊ သူတို့မှာလည်း ကျောအတောင်ရှိတယ်။ ဒိုင်နိုဆောနဲ့ ခေတ်ပြိုင် တယ်ရိုဆောနဲ့ ဒီနေ့ခေတ် လင်းနို့တွေကော။ သူတို့ အတောင်တွေကလည်း လက်ချောင်းအရှည်ကြီးနဲ့ လက်ချောင်းကြားက အရေပြား ပါးပါးလေးတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်လား။ နည်းနည်းတော့ ကွာမှာပေါ့။ တယ်ရိုဆောက လက်သူကြွယ် အရှည်ကြီး တစ်ခုတည်းနဲ့ အတောင်လုပ်တယ်။ လင်းနို့က လက်ချောင်းအားလုံးကို သုံးတယ်ကိုး။
ပေါင်းဆုံဆင့်ကဲဖြစ်ပေါ်မယ့် မျိုးနွယ်နှစ်ခုဟာ သိပ်နီးစပ်ရင် (မျိုးခွဲထွက်တာ မကြာသေးရင်) သူတို့ရဲ့ ပေါင်းဆုံး လက္ခဏာတွေက ပိုလို့တောင် တိုက်ဆိုင်ဦးမယ်။ ဥပမာ နို့တိုက်သတ္တဝါတွေထဲက သားပိုက်ရှဉ့်ပျံ (sugar glider) နဲ့ ရှဉ့်ပျံအစစ် ဆင်သလိုပေါ့။ ဒီမျိုးနွယ်တွေရဲ့ ဘိုးဘေးတွေက ဒိုင်နိုဆောခေတ်တည်းက ခွဲထွက်ခဲ့ကြပေမယ့်၊ သစ်ကိုင်းတွေပေါ်မှာနေရတဲ့ ဘဝကြောင့် နှစ်မျိုးလုံးမှာ လေဟုန်စီးတဲ့ အရေပြားတွဲဆက်တွေ ချွတ်စွပ်နီးပါး ဖွံ့ဖြိုးလာပါတယ်။
တစ်တားလစ်ခ်နဲ့ အပေါင်းပါ အယ်လ်ပစ္စတိုစတက်ဂဲလီးယန်းတွေက ခြေလေးချောင်း ပီပီပြင်ပြင် မရလိုက်ဘဲ မျိုးသုဉ်း သွားရှာတယ်။ သူတို့ဟာ ခြေလေးချောင်း တိရစ္ဆာန်တို့ရဲ့ တိုက်ရိုက်ရှေ့ပြေးတွေ မဟုတ်ရင် တောင်မှ၊ ငါးကနေ ကုန်းပေါ်တက်တဲ့ ကနဦးအဆင့်တွေကတော့ ဒီရုပ်ကြွင်းတွေမှာ မှတ်တမ်းတင်ရစ်ပါမယ်။ လက်ရှိမှာ ကျွန်တော်တို့ ခြေလေးချောင်း တိရစ္ဆာန် (အစစ်) တွေရဲ့ တကယ့် ရှေ့ပြေးတွေကို မတွေ့သေးဘူးပဲ ထားဦး၊ ကျွန်တော်တို့ အတွက် တစ်တားလစ်ခ်ဟာ စင်ပြိုင် ခြေလေးချောင်း ဆင့်ကဲဖြစ်စဉ်ကို လေ့လာနိုင်မယ့် အခွင့်အရေး တစ်ခုဖြစ်ပါတယ်။
အယ်လ်ပစ္စတိုစတက်ဂဲလီးယန်းတွေရဲ့ ဆင့်ကဲဖြစ်စဉ် အဆင့်တိုင်းက ကျွန်တော်တို့ ဘိုးအေတွေမှာကော ပေါင်းဆုံဆင့်ကဲဖြစ်စဉ် သဘောအရ စင်ပြိုင်ဖြစ်ခဲ့သလား။ ဒါဆိုရင်ကော ဘယ်လောက် ဆင်တူမလဲ။ သားပိုက်ရှဉ့်ပျံ့နဲ့ ရှဉ့်ပျံအစစ်လို ချွတ်စွပ်နီးပါး တူမလား။ ဒါဆိုရင်တော့ တစ်တားလစ်ခ်ဟာ တို့ရဲ့ ဘိုးအေ မဟုတ်တောင်မှ၊ ကျွန်တော်တို့ ဘိုးအေးတွေ ပြောင်းလဲပုံကို တစ်တားလစ်ခ်ကနေ သွယ်ဝိုက်သောအားဖြင့် သိနိုင်ပြီပေါ့။ ဒါမှမဟုတ်၊ တယ်ရိုဆောနဲ့ လင်းနို့ လို အနည်းငယ်စီ ကွဲလွဲတဲ့ ပေါင်းဆုံမှုမျိုးလား။ ဆီလိုအပေါက်ရှာတတ်တဲ့ ဆင့်ကဲဖြစ်စဉ်ဟာ ရှိပြီးသား လက္ခဏာတွေကို သုံးပြီး တစ်မျိုးထက်မက ထုဆစ်နိုင်တာကို အထက်က ဥပမာတွေမှာ မြင်ရပြီပဲ။ ဆင့်ကဲဖြစ်စဉ်ဟာ ကနဦး အသားစိုင်ရေယက်ရှိငါးတွေရဲ့ ခြေလေးချောင်းအမျိုးနီးငါး လက္ခဏာရပ်တွေကို သုံးပြီး တစ်တားလစ်ခ်နဲ့ မတူမယ့်၊ ခြေလေးချောင်းသတ္တဝါ လုပ်နည်း နောက်တစ်ခုများ ကြံစည်ခဲ့ဖူးသလား။ ဒါဆိုရင်တော့ အမ်စီယန်ခေတ် သို့မဟုတ်၊ ပရာ့ဂီးယန်း ခေတ် (Pragian Age) ထဲက ကျွန်တော်တို့ မတွေ့ရသေးတဲ့ ဘိုးအေရုပ်ကြွင်းမှာ စိတ်ဝင်စားစရာ လျှို့ဝှက်ချက်တွေ ရှိဦးမယ် ထင်ပါရဲ့။
ကိုးကား
-----
1. Beznosov, P. A., Clack, J. A., Lukševičs, E., Ruta, M., & Ahlberg, P. E. (2019). Morphology of the earliest reconstructable tetrapod Parmastega aelidae. Nature, 574(7779), 527–531. https://doi.org/10.1038/s41586-019-1636-y
2. Niedźwiedzki, G., Szrek, P., Narkiewicz, K., Narkiewicz, M., & Ahlberg, P. E. (201. Tetrapod trackways from the early Middle Devonian period of Poland. Nature, 463(7277), 43–48. https://doi.org/10.1038/nature08623
3. McGhee Jr., G. R. (2013). When the Invasion of Land Failed: The Legacy of the Devonian Extinctions (The Critical Moments and Perspectives in Earth History and Paleobiology) (Illustrated ed.). Columbia University Press.