မန်ယူနိုက်တက်-ဘီလ်ဘာအိုပွဲမှာ (၂)ဂိုးသွင်းခဲ့တဲ့ မေဆန်မောင့်ကို ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူတွေ ချီးကျူး
မန်ယူနိုက်တက်အသင်းက ဘီလ်ဘာအိုအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ ခြေစွမ်းပြသပြီး (၂)ဂိုးသွင်းယူခဲ့တဲ့ မန်ယူနိုက်တက်အသင်းကွင်းလယ်တိုက်စစ်ကစားသမား မေဆန်မောင့်ကို TNT Sports ရဲ့ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူတွေက ချီးကျူးခဲ့ပါတယ်။ ဒီပွဲက မေဆန်မောင့်ရဲ့ သွင်းဂိုးတွေဟာ ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့လာပြီးနောက် မန်ယူနိုက်တက်အသင်းအတွက် အိုးထရက်ဖိုဒ့်မှာ ပထမဆုံးသွင်းယူတဲ့သွင်းဂိုးတွေဖြစ်ခဲ့တာပါ
မေဆန်မောင့်ဟာ မန်ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးကတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အကောင်းဆုံးပြသနိုင်ခဲ့ခြင်းမရှိသေးတာဖြစ်ပါတယ်။ မေဆန်မောင့်ဟာ ဒဏ်ရာကနေပြန်သက်သာလာပြီးနောက် မန်ယူနိုက်တက်အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခွင့်မရသေးဘဲ ဘီလ်ဘာအိုအသင်းနဲ့ပွဲမှာလည်း လူစားဝင်အဖြစ်ပါဝင်ခဲ့ရတာပါ။ မေဆန်မောင့်ဟာ လူစားဝင်လာပြီး (၁၀)မိနစ်အကြာမှာ နောက်ခံလူယိုရိုရဲ့ပေးပို့မှုကနေ လှပတဲ့သွင်းဂိုးသွင်းယူခဲ့သလို မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာလည်း နောက်ထပ်လှပတဲ့သွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။
