ကျန်းမာသုခဆေးခန်း ပိတ်သိမ်းရမယ်ဆိုတာမဟုတ်ဘဲ ပုံမှန်အတိုင်းလည်ပတ်နေကြောင်း ဆေးရုံဘက်ကရှင်းလင်း

ဖေဖော်ဝါရီ ၁၆

ရန်ကုန်မြို့က ပိတ်သိမ်းဖို့သတင်းထွက်ပေါ်ခဲ့တဲ့ဆေးရုံတွေထဲမှာ ကျန်းမာသုခ အထူးကုဆေးခန်းပါဝင်တယ်ဆိုတာ မဟုတ်ကြောင်း လုပ်ငန်းပုံမှန်လည်ပတ်နေတယ်လို့ ဆေးရုံဘက်က ပြန်လည်ရှင်းလင်း ပြောဆိုလာပါတယ်။

ကျန်းမာသုခအထူးကုဆေးခန်းက ရန်ကုန်မြို့ထဲမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းခွဲတွေထဲကမှ ဆေးခန်းခွဲတခုကိုသာ ပိတ်ထားပြီး ကျန်တဲ့ဆေးခန်းခွဲတွေကို ဖွင့်လှစ်ထားကာလုပ်ငန်းလည်ပတ်နေတယ်လို့ ဆေးရုံပိုင်ရှင်ကဆိုပါတယ်။

" လတ်တလောမှာ လုပ်ငန်းခွဲဆေးခန်းခွဲတခုကိုသာပိတ်လိုက်တယ်။ပိတ်လိုက်တယ်ဆိုတာ အခြားအကြောင်း တခုကြောင့်ပိတ်လိုက်တာပါ။ကျန်တဲ့လုပ်ငန်းတွေကပုံမှန်အတိုင်းလည်ပတ်နေပါတယ်။" လို့ ဆေးရုံပိုင်ရှင်က ပြောပါတယ်။

လူမှုကွန်ယက်မှာ ​ထွက်ပေါ်ခဲ့တဲ့ ဆေးရုံပိတ်သိမ်းခံရတဲ့ သတင်းတွေထဲမှာတော့ ကျန်းမာသုခ ဆေးရုံက အပြီးပိတ်သိမ်းခံရတယ်ဆိုပြီး ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် အဆိုပါ သတင်းက မဟုတ်မှန်ကြောင်း ဆေးရုံဘက်က ပြန်လည် ရှင်းလင်းပြောဆိုလာတာဖြစ်ပါတယ်။

ဆေးရုံ အချို့ကို ပြစ်ဒဏ်တွေချမှတ်တဲ့စာရင်းမှာပါတဲ့ ဂရန်းဟံသာ နဲ့ဆာကူရာဆေးရုံတွေကလည်း ဆေးရုံပိတ်ရမယ်ဆိုတာသတင်းအမှားသာဖြစ်ကြောင်းနဲ့ ၂၄ နာရီဆေးရုံဖွင့်လှစ်ဝန်ဆောင်မှုပေးနေတယ်လို့ အသိပေးထားပါတယ်။

Photo - ကျမ္မာသုခဆေးခန်း

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

သောင်ရင်းမြစ်ကိုဖြတ်ကူး၍ မဲဆောက်ဘက် ခိုးဝင်သည့် မြန်မာနိုင်ငံသားများ လှည့်ကင်းနှင့် တည့်တည့်တိုး၍ ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၁၆

သောင်ရင်းမြစ်ကိုဖြတ်ကူး၍ မဲဆောက်ဘက်ကို ခိုးဝင်သည့် မြန်မာနိုင်ငံသားများကို ကင်းလှည့်နေသည့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက် ည ၁၁ နာရီကျော်အချိန်က ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ အမှတ်(၂)၊ ထာ့ဆိုင်လွှက်ကျေးရွာရှိ ထိုင်း-မြန်မာ အမှတ် (၁)တံတားအနီးတွင် ကင်းလှည့်နေသည့် လုံခြုံရေးအဖွဲ့က မသင်္ကာဖွယ်ရာ လူတစ်စုကိုတွေ့ရှိ၍ စစ်ဆေးရာမှ ခိုးဝင်လာသူများ ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အမျိုးသား ၁၃ ဦး ၊ အမျိုးသမီး ၁၀ ဦး တို့ ပါဝင်သော အဆိုပါ လူ ၂၃ ဦးကို မဲဆောက်ရဲစခန်း၌ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်မှုဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မဲဆောက်ရဲစခန်းက စစ်ဆေးရာ ၎င်းတို့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့က သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ ခိုးဝင်လာခြင်းဖြစ်ကြောင်း ဝန်ခံ ထွက်ဆိုထားကြောင်း သိရသည်။

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် လုံခြုံရေးတင်းကြပ်၍ စစ်ဆေးရေး ဂိတ်များဖြင့် ပိုက်စိပ်တိုက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

#centralnewsnaypyitaw

image
image
image

သင်္ဃန်းကျွန်းမြို့နယ် မီးလောင်မှု အမျိုးသားတယောက် ပိတ်မိသေဆုံး

ဖေဖော်ဝါရီ ၁၆

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတယောက် အခန်းအတွင်း ပိတ်မိ သေဆုံးခဲ့တယ်လို့ အောင်ရဲသူ လူမှုကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။

ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က သုမင်္ဂလာလမ်းထဲက နှစ်ထပ် လုံးချင်းအိမ်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၀ ကျော်ဝန်းကျင်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“လောင်တာကတော့ ဝါယာရှော့ဖြစ်ပြီး လောင်တယ်လို့တော့ သိရတယ်။ သေသွားတဲ့သူကတော့ အခန်းထဲမှာ အိပ်နေတယ်။ ကျန်းမာရေး မကောင်းဘူး။ လောင်တာက ရှေ့အခန်းကနေ စလောင်တယ်။ အိမ်က နှစ်ထပ်အိမ်၊ လုံးချင်း။ ရှေ့မှာ လောင်နေတဲ့အချိန်မှာ သူက သူ့အခန်းကနေ တံခါးဖွင့်ပြီး ထွက်တဲ့အချိန်မှာ အပြင်မှာ လောင်နေတဲ့အခါကျတော့ သူက မီးခိုးမွှန်တာလည်း ပါမှာပေါ့နော်။ တံခါးက ဖွင့်လို့မရဘူး။ မရဘဲနဲ့ သူ့အိမ်က ဘေးပြတင်းပေါက်တွေ အကုန်လုံးကလည်း သံဇကာတွေ ကာထားတဲ့အခါကျတော့ အပြင်ထွက်လို့ မရပြန်ဘူး။ မှန်ရိုက်ခွဲထွက်လည်း မရတဲ့အခါကျတော့ သူလွတ်မြောက်ဖို့အတွက်ကို သူရုန်းရင်းနဲ့ပဲ အထဲထဲမှာပဲ အသက် ဆုံးရှုံးသွားပါတယ်” လို့ အောင်ရဲသူ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို Medical လူငယ်များ လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ မီးလောင်မှုကို မနက် ၁၁ နာရီ ၈ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး မနက် ၁၁ နာရီ ၁၃ မိနစ်ဝန်းကျင်မှာ အပြီးသတ် မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတယောက်နဲ့ ခွေး တကောင် သေဆုံးခဲ့တယ်လို့ အဲဒီ မီးလောင်မှုဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ ရွှေမေတ္တာ လူမှုကူညီရေးအသင်းမှ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်မှာ မွေ့ယာပေါ် ပါဝါဘန့်အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ကလည်း လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတယောက် မီးလောင် ‌သေဆုံးခဲ့ကာ အရန်မီးသတ်တယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ကရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းမှ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း မီးလောင်မှု အကြိမ်ရေ ၁၁၅၀ ကြိမ် ဖြစ်ပွားခဲ့ကာ မီးလောင်မှုကြောင့် သေဆုံးသူ ၉၉ ယောက်၊ ဒဏ်ရာရရှိသူ ၁၃၈ ယောက် ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၉၀၀၀ ကျော် ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရပါတယ်။

မီးလောင်မှု ဖြစ်စဉ်တွေထဲမှာ နေအိမ် မီးလောင်မှုက အများဆုံး ဖြစ်ပြီး ကြိုတင် ကာကွယ်ရမယ့်အပိုင်းအနေနဲ့ မီးသွေးမီးဖို၊ ထင်းမီးနဲ့ လျှပ်စစ်မီးတွေကို စနစ်တကျ သုံးစွဲဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်က အသ်ိပေးထားပါတယ်။

ဓာတ်ပုံ - အောင်ရဲသူ လူမှုကယ်ဆယ်ရေးအသင်း

#သတင်းဟင်းလေးအိုးကြီး

image
image
image

ကိုနာတေးကို နွေရာသီမှာခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီ မျှော်လင့်

ဖေဖော်ဝါရီ ၁၆

ပီအက်စ်ဂျီအသင်းဟာ လီဗာပူးလ်အသင်း နောက်ခံလူ ကိုနာတေးကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လာမယ့် နွေရာသီအတွက် စီစဉ်မှုတွေ ပြုလုပ်နေပြီး လီဗာပူးလ်အသင်း နောက်ခံလူ ကိုနာတေးဟာ သူတို့ရဲ့ပစ်မှတ်တွေထဲက တစ်ဦးဖြစ်လာခဲ့တာပါ။

ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်ဟာ ဗဟိုခံစစ်ကို ပိုပြီးအားကောင်းစေဖို့အတွက် ကိုနာတေးကို ခေါ်ယူအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။

ကိုနာတေးဟာ လူငယ်ကစားသမားဘဝက ပဲရစ်အကယ်ဒမီမှာ ၅ နှစ်ကြာရှိခဲ့တာကြောင့် သူမွေးဖွားရာမြို့ကို ပြန်လာဖို့ ဆွဲဆောင်ခံနေရတာပါ။

ကိုနာတေးကလည်း ပီအက်စ်ဂျီအသင်းထံ အပြောင်းအရွှေ့ကို စိတ်ဝင်စားပေမယ့် လက်ရှိအချိန်မှာ လီဗာပူးလ် အသင်းနဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလား ပြိုင်ပွဲတွေမှာ အောင်မြင်မှုရယူနိုင်ဖို့ အာရုံစိုက်နေတာ ဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အတွက် ၂၁ ပွဲ ပါဝင်ကစားထားတဲ့ ကိုနာတေးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ၁ နှစ်သာ ကျန်ရှိတော့ပြီး သူဟာ လီဗာပူးလ်အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ပယ်ချထားတာပါ။

လီဗာပူးလ်အသင်းဟာ ဒီရာသီအကုန်မှာ ဗန်ဒိုက်ကို အလွတ်နဲ့ ဆုံးရှုံးရဖွယ် ရှိနေတာကြောင့် ကိုနာတေးကို စာချုပ်သက်တမ်းတိုးပြီး ဆက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းဖွယ်ရှိနေပါတယ်။

ကိုနာတေးဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် နည်းပြအာနီဆလော့ လက်ထက်မှာ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေတာပါ။

၂၀၂၁ ခုနှစ်က လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကိုနာတေးဟာ လီဗာပူးလ်အသင်းအတွက် ၁၁၆ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုး သွင်းယူထားပါတယ်။

လီဗာပူးလ်အသင်းဟာ ဖေဖော်ဝါရီ ၁၆ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ကိုနာတေးကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ရွှေအလေးချိန် ပြောင်းပေမယ့် ဈေးကွက်အတွင်း စနစ်ဟောင်းနဲ့သာ အရောင်းအဝယ် ဆက်လက်ပြုလုပ်နေ

ဖေဖော်ဝါရီ ၁၅

အရေးကြီးကုန်စည် ဝန်ဆောင်မူဥပဒေမှာ ပါရှိတဲ့ အလေးချိန် စံချိန်စံညွှန်း သတ်မှတ်ချက်တွေအရ ရွှေအလေးချိန်စနစ် ပြောင်းလဲလိုက်ပေမယ့် ဈေးကွက်အတွင်း စနစ်ဟောင်းနဲ့သာ အရောင်းအဝယ် ပြုလုပ်နေဆဲဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။

ရွှေအလေးချိန်စနစ်ကို မြန်မာနိုင်ငံတဝန်းမှာ အရင်က အသုံးပြုနေတဲ့ အလေးချိန် သတ်မှတ်ချက်ဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်အစား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ် အလေးချိန်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ စတင်ကာ ရွှေချိန်စက်တွေမှာ တပြေးညီ ပြောင်းလဲ ကျင့်သုံးဖို့ ဓါတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ ဈေးကွက်အတွင်းမှာတော့ စနစ်ဟောင်းဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်နဲ့သာ ဈေးဖွင့်‌ပြီး အရောင်းအဝယ် ပြုလုပ်နေဆဲဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“အကယ်ဒမီက အခုထွက်လာတဲ့ ၁၀ သားတွေကတော့ စနစ်သစ်နဲ့ ထွက်လာပြီပေါ့။ ဒါပေမယ့် ဈေးကွက်ထဲမှာ အရောင်းအဝယ်ကတော့ စနစ်ဟောင်းနဲ့ပဲ လုပ်နေတုန်းဆိုတော့ အခု ဒီဟာ စနစ်သစ်နဲ့ ထွက်လာတဲ့ဟာတွေက ၁၀ သား အပြည့်မရဘူးပေါ့။ စနစ်ဟောင်းနဲ့ ပြန်ချိန်ကြည့်ရင် ကိုးကျပ် ဆယ့်သုံးပဲနဲ့ နှစ်ရွေးတခြမ်းပဲ ရတာပေါ့။ စနစ်ဟောင်းနဲ့ ဆက်သွားဖြစ်နေတာက စက်မှာ အချိန်အတွယ် ပြောင်းရတဲ့ အခက်အခဲကြောင့်တော့ မဟုတ်ဘူး။ ဈေးဖွင့်တဲ့သူတွေက စနစ်ဟောင်းနဲ့ပဲ ဖွင့်နေတော့ ဒီမှာလည်း စနစ်ဟောင်းနဲ့ပဲ ဖြစ်နေပါတယ်” လို့ သူက ပြောပါတယ်။

ဈေးကွက်ထဲ ရွှေအလေးချိန်စနစ် မပြောင်းသေးတဲ့အတွက် ရွှေချိန် အဟောင်းအတိုင်း ဝယ်ထားတဲ့ အတုံးဈေးတွေက ၁၀ သားအတိ ဈေးအတိုင်းသာ ရှိနေမှာဖြစ်ပြီး အသစ်ထွက်တဲ့ အတုံးတွေကတော့ ၁၀ သားမပြည့်ဘဲ ဖြစ်နေမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“တကယ်လို့သာ ပြောင်းလိုက်မယ်ဆို အရင်ဝယ်ထားတဲ့ အတုံးတွေက ၁၀ ကို နည်းနည်းလေး ပိုသွားလိမ့်မယ်။ တကယ်လို့သာ စနစ်သစ်နဲ့ဈေးဖွင့်မယ်ဆိုရင် ရွှေဈေးက လက်ရှိပေါက်ဈေးထက် တသိန်းတသောင်း လျော့သွားမှာပေါ့” လို့ သူက ပြောပါတယ်။

ရွှေအလေးချိန်စနစ်သစ်နဲ့ပတ်သက်လို့ ရန်ကုန်တိုင်းရွှေအသင်းမှ တာဝန်ရှိသူတယောက်ကတော့ လက်ရှိမှာ ရွှေဆိုင်တွေအားလုံးမှာသာမက ဝယ်‌၊ ရောင်းလုပ်တဲ့သူတွေပါ အလေးချိန် အသစ်ဖြစ်တဲ့ ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြပြီဖြစ်တယ်လို့ ပြောပါတယ်။

“အခုက အလေးချိန်လျော့သွားတာကိုး။ အရင်အတိုင်းရောင်းရင် ရှုံးကုန်မှာပေါ့။ ဒါပေမယ့် တခုတော့ ရှိတာပေါ့။ ကျန်တဲ့ဟာတွေနဲ့ အရည်အသွေးတခု တိုင်းရင်တော့ အခြေအနေက တမျိုးဖြစ်ရင် ဖြစ်နေမှာပေါ့။ ဒါပေမယ့် ကာအကယ်ဒမီက လုပ်ပြီဆိုရင်တော့ ကျန်တဲ့ဟာတွေက အကုန်လုပ်သွားမယ့် သဘောပါပဲ။ ဘာလို့ဆို အကယ်ဒမီက ဈေးကွက်မှာ ပေါက်နေပြီးသားဆိုတော့ တယောက်လုပ်ရင် အကုန်လုံးလုပ်ရမယ့် သဘောပါ။ အလေးချိန်ကလည်း ဂရမ်စနစ်နဲ့ သွားထားတာဖြစ်တဲ့အတွက် ဝယ်နိုင်၊ ရောင်းနိုင်တဲ့ အခြေအနေပေါ့။ အရင်တုန်းက ကမ္ဘာမှာ ဂရမ်စနစ်သုံးတယ်။ ကျွန်တော်တို့ဆီမှာက ကျပ်၊ ပဲ၊ ရွေးနဲ့ သွားနေတယ်ဆိုတော့ နိုင်ငံခြားသား ရောင်းချင်၊ ဝယ်ချင်တဲ့အခါကျတော့ ပြောရဆိုရတာနဲ့ တွက်ချက်တဲ့နေရာမှာ အခက်အခဲရှိတယ်” လို့ ရွှေအသင်းတာဝန်ရှိသူက ပြောပါတယ်။

အခုလို ဂရမ်စနစ် ပြောင်းလိုက်ခြင်းအားဖြင့် ရွှေဈေးကွက်ရှိတဲ့ နေရာတွေဖြစ်တဲ့ အမေရိကန်၊ လန်ဒန်၊ အင်္ဂလန်၊ ဩစ‌တြေးလျ၊ ဂျပန်၊ ကိုရီးယား စတဲ့ နိုင်ငံတွေနဲ့လည်း အရောင်းအဝယ် ပြုလုပ်နိုင်ပြီဖြစ်ကာ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်ပြီဖြစ်တယ်လို့ သူက ပြောပါတယ်။

Photo - YGEA/CJ

#သတင်းဟင်းလေးအိုးကြီး

imageimage

ဒေလီရှိ ဘူတာရုံတခုမှာ လူအုပ်ပြိုကျမှုကြောင့် ၁၅ ယောက်ထက်မနည်း သေဆုံး

ဒေလီ၊ ဖေဖော်ဝါရီ ၁၆

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီရှိ ဘူတာရံတခုမှာ လူအုပ်ပြိုကျမှုကြောင့် ကလေးငယ်သုံးယောက်အပါအဝင် လူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ခရီးသည်တွေဟာ ဘာသာရေးပွဲတော်တခုအတါက် နိုင်ငံမြောက်ပိုင်း ပရာယာဂရက်ကို သွားရောက်ဖို့ စောင့်ဆိုင်းနေကြတာဖြစ်ပြီး သီတင်းခြောက်ပတ်ကြာမြင့်မယ့် အဲဒီပွဲတော်ကို ဇန်နဝါရီလမှာ စတင်ခဲ့တာဖြစ်ကာ အင်္ဂါမြစ်မှာ လူသန်းနဲ့ချီပြီး ရေချိုးလေ့ရှိကြပါတယ်။

ဘူတာရုံမှာ လူတွေများလွန်းတာကြောင့် ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်းမှာ အခြေအနေက ထိန်းမနိုင် သိမ်းမရ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီးကပြောပါတယ်။ လူအများအပြားကိုလည်း ဆေးရုံပို့ထားတယ်လို့ သူကဆိုပါတယ်။

လူအုပ်ကြီးဟာ ဘူတာရုံကို ဝင်လို့မရအောင်ထိ များပြားခဲ့ပြီး အမျိုးသမီး ခုနှစ်ယောက်လောက်ကို ထမ်းစင်တွေနဲ့ ခေါ်ထုတ်သွားကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးသုံးယောက်နဲ့ အမျိုးသမီး ၁၀ ယောက်ပါဝင်ပြီး ၁၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၉ ရက်ကလည်း ပွဲတော်ကျင်းပရာနေရာမှာ လူအုပ်ပြိုကျမှုကြောင့် လူ ၃၀ ထက်မနည်းသေဆုံးခဲ့ပြီး ပွဲတော်ကျင်းပရာနေရာတွေမှာ လုံခြုံရေးအစီအမံတွေ ပိုမိုဆောင်ရွက်ဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

Ref:BBC
Photo:HT

#centralnewsnaypyitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၁၆

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၈၈၂ ဒေါ်လာ

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၆၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၁၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၀၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၉၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၇၀ ကျပ်
ဝယ်ဈေး - ၄၅၅၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၁၀၀၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၄ ကျပ်
ဝယ်ဈေး - ၅၉၈ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၂၂ ကျပ်
ဝယ်ဈေး - ၂၈.၄၆ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၃၈ ကျပ်
ဝယ်ဈေး - ၅၀.၀၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၈ ကျပ်
ဝယ်ဈေး - ၃.၀၀ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၀၀ ကျပ်
ဝယ်ဈေး - ၅၄၅၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၅ ကျပ်
ဝယ်ဈေး - ၂၇၅၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၃၅ ကျပ်
ဝယ်ဈေး - ၃၀၅၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၂ ကျပ်
ဝယ်ဈေး - ၅၅၇ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၂ ကျပ်
ဝယ်ဈေး - ၁၁၈၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image

ဂရန်းဟံသာဆေးရုံအပါအဝင် ဆေးရုံကိုးခု ယာယီပိတ်ခံရ

ဖေဖော်ဝါရီ ၁၆

CDM ဆရာဝန်များကို အလုပ်ခန့်ထားခြင်းနှင့် PDF များကိုထောက်ပံ့ခြင်းကြောင့် ဂရန်းဟံသာဆေးရုံအပါအဝင် ဆေးရုံကိုးခုကို ယာယီပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါဆေးရုံများသည် မတ်လမှစတင်ကာ ပိတ်သိမ်းရမည်ဖြစ်ပြီး၊ ရုံးလုပ် ငန်းများကိုမူ ပုံမှန်အတိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

"ဂရန်းဟံသာဆေးရုံလည်းပါတယ်။ ဆာကူရာလည်းပါတယ်။ ဆေးရုံကိုးခုပေါ့။ စစ်ဆေးစရာတွေရှိလို့ ခဏပိတ်ထားမယ်။ ရုံးလုပ်ငန်းတွေကတော့ ဆက်လုပ်မှာပေါ့။ ဆေးကုသခွင့်ကတော့ မရဘူးပေါ့။ မတ်လ ၁ ရက်ကနေစပြီးပိတ်မယ်။" ဟု အစိုးရအဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုကဲ့သို့ ယာယီပိတ်သိမ်းရန်ညွှန်ကြားထားသည့် ဆေးရုံများမှာ ဂရန်းဟံသာဆေးရုံကို တစ်နှစ်၊ ဆာကူရာဆေးရုံကို ခြောက်လ၊ OSC ဆေးရုံကို တစ်နှစ်၊ သမိုင်းဆေးရုံကို သုံးလ၊ ကောင်းဆေးရုံကို သုံးလ၊ ကောင်းစုအောင်ဆေးရုံကို နှစ်နှစ်နှင့် ကျန်းမာသုခဆေးခန်း၊ ချမ်းမြေ့ဆေးခန်း၊ မြတ်တော်ဝင်ဆေးခန်းစ သည့် ဆေးခန်းသုံးခုကို အပြီးပိတ်ရန်ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဂရန်းဟံသာဆေးရုံနှင့် ဆာကူရာဆေး ရုံများက သတင်းအမှားသာဖြစ်ကြောင်း၊ ၂၄ နာရီဝန်ဆောင်မှုပေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့ နယ်၊ (၂၇)ရပ်ကွက်၊ ဆရာစံလမ်းတွင်ဖွင့်လှစ်ထားသည့် ပင်လုံ ပုဂ္ဂလိကဆေးရုံကို ဖေဖော်ဝါရီလနှင့်မတ်လ နှစ်လယာယီပိတ်သိမ်းခဲ့သေးသလို ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို မေလ ၁ ရက်နေ့ကစ ပြီး အချိန်နှစ်လကြာ ယာယီပိတ်သိမ်းခဲ့ရသည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image

ဝယ်ချင်ရင် ကစားသမားတွေ ရောင်းဖို့လိုတယ်လို့ အာမိုရင်ပြော

ဖေဖော်ဝါရီ ၁၆

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းအနေနဲ့ နွေရာသီမှာ ကစားသမားသစ်တွေ ဝယ်ယူချင်ရင် အသင်းမှာရှိနေတဲ့ ကစားသမားတွေကို ရောင်းချဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

အာမိုရင်က “ရိုးရိုးလေးပါ၊ တစ်ခုခုလုပ်ချင်ရင် ကစားသမားတွေ ရောင်းချဖို့လိုပါတယ်။ ကျနော်တို့ဟာ အခု အချိန်မှာ ကစားသမား ခေါ်ယူမှု မလုပ်နိုင်သလို အပြောင်းအရွှေ့ကလည်း ပိတ်သွားပါပြီ။ ကျနော်တို့ဟာ လာမယ့်ပွဲတွေကို အာရုံစိုက်ဖို့လိုအပ်ပြီး နွေရာသီကျရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုကို ရှောင်ချင်တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက ကြယ်ပွင့်ကစားသမား ဂါနာချိုကို ရောင်းချဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဂါနာချိုကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့က စိတ်ဝင်စားပြီး ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာကြောင့် ကစားသမားဟာ ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိနေခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က အသင်းမှာ လုပ်ခလစာ အများကြီးရရှိနေတဲ့ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကိုလည်း အငှားချခဲ့ပါတယ်။

ဂါနာချိုကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက် အကယ်ဒမီထွက် ကိုဘီမိုင်နူးကို ခေါ်ယူဖို့ နွေရာသီမှာ ကြိုးပမ်းလာဖွယ်ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ ကိုဘီမိုင်နူးကိုလည်း သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းချသွားဖွယ် ရှိနေပါတယ်။

မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက လက်ချီအသင်း နောက်ခံလူ ဒေါဂူနဲ့ အာဆင်နယ်အသင်းကြယ်ပွင့် ဟီဗန်တို့ကိုသာ ခေါ်ယူနိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် လင်ဒီလော့ဖ်နဲ့ အဲရစ်ဆန်တို့ကို ထွက်ခွာခွင့် ပေးမှာဖြစ်ပြီး ဆန်ချိုကို ချယ်လ်ဆီးအသင်းထံ အပြီးသတ်ရောင်းချကာ ရက်ရှ်ဖို့ဒ်နဲ့ ကတ်စီမီရိုတို့ကိုလည်း ရောင်းချဖို့ စီစဉ်ထားပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ ဂါနာချိုနဲ့ ကိုဘီမိုင်နူးတို့ကို အသင်းမှာ ဆက်ထိန်းသိမ်းချင်ပေမယ့် သူတို့ထဲက တစ်ဦးကို နွေရာသီမှာ ဆုံးရှုံးရဖွယ်ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၁၆ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းအိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro

ပုံ - အာမိုရင်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ငါးသိုင်းချောင်းမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေ

ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့အခြေစိုက် ဂွ - ငါးသိုင်းချောင်းလမ်းပိုင်းရှိ အမြောက်တပ် (၃၄၄) အနီးမှာ နစကတပ်နဲ့ AA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်၊ မနက်ပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး AA က နစကရဲ့ အမြောက်တပ် (၃၄၄) ကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“နစကရဲ့ အမြောက်တပ် ၃၄၄ တပ်ရင်းကို AA က အပြင်းအထန် ထိုးစစ်ဆင်နေတာ။ နစကရဲ့ စက်တပ်လေထီးတွေကတော့ ဆက်တိုက်ဆိုသလို ဝဲပျံနေတာ။ လက်နက်ကြီးတွေ သုံးပြီးတော့လည်း ပြင်းပြင်းထန်ထန်ကို ခုခံနေတယ်။ အထိအခိုက်လည်း များနိုင်တယ်။ စာဥစမ်းမှာ နစကရဲ့ ထောက်ပို့ ဂိုဒေါင်တွေလည်းရှိတယ်လို့ သိရတယ်။ AA က မရပ်မနား ထိုးစစ်ဆင်နေတာဆိုတော့ တိုက်ပွဲကတော့ အခုထက်ပိုပြီး ပြင်းထန်လာနိုင်ခြေရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဂွမြို့နဲ့ မိုင် ၅၀ ကျော်ခန့် ကွာဝေးတဲ့ ငါးသိုင်းချောင်းမြို့ဟာ အမှတ် (၃၄၄) အမြောက်တပ်နဲ့ ၁၁ မိုင်ခန့် အကွာမှာ တည်ရှိတာဖြစ်ပြီး လက်ရှိမှာ ငါးသိုင်းချောင်းနဲ့ ၁၃ မိုင်ခန့်အကွာမှာ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ဧရာဝတီတိုင်းအတွင်း ထိုးဖောက် ဝင်ရောက်လာပြီး ဂွ - ငါးသိုင်းချောင်း လမ်းပိုင်းမှ နစကစခန်းတချို့နဲ့ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာရဲစခန်း၊ ဘောမိကျေးရွာရှိ နစကတပ်စခန်းတွေကို ထိန်းချုပ်ပြီးနောက် လက်ရှိမှာ ငါးသိုင်းချောင်း၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်ဘက်မှာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ လက်ရှိမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပြီး လတ်တလော တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော AA ဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဒါအပြင် ဧရာဝတီတိုင်းထဲက သားပေါင်းမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာရှိ နစကစခန်းတခုကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ရခိုင်နဲ့အစပ် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ချင်းစုရွာမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံအများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်ဟာ နစကရဲ့ အမြောက်တပ် အမတ - ၃၄၄ တည်ရှိတဲ့ နေရာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အရေးပေါ် ရဟတ်ယာဉ်ကွင်း စတင်တည်ဆောက်ထားတဲ့ မြို့နယ်တခု ဖြစ်တယ်လို့ သိရပါတယ်။

Photo - CJ

#centralnewsnaypyitaw

image