ဆီးရီးယားသမ္မတဟောင်း အာဆတ်ဟာ သူ နိုင်ငံထဲက ထွက်သွားတဲ့အခါ သူ့လေယာဉ်ပစ်အချမခံရဖို့အတွက် ဆီးရီးယားစစ်တပ်ရဲ့ စစ်ရေးလျှို့ဝှက်ချက်တွေနဲ့ တန်ဖိုးကြီး အသေးစိတ်အချက်အလက်တွေကို အစ္စရေးကို ပေးခဲ့တယ်လို့ Daily Mail တို့ The Sun တို့က ဖော်ပြခဲ့ကြပါတယ်။
ဒီသတင်းဌာနတွေဟာ သိပ်ပြီး ယုံကြည်အားထားလောက်တာတော့ မဟုတ်ပါဘူး။ ဒီသတင်းကလည်း တူရကီသတင်းစာ Hurriyet သတင်းစာမှာ သတင်းထောက် Abdulkadir Selvi ဆိုသူ ရေးခဲ့တဲ့သတင်းကို ပြန်ဖော်ပြတာပါ။ ဒီသတင်းကို CNN , BBC စတဲ့ သတင်းဌာနတွေကတော့ အတည်ပြုဖော်ပြခဲ့တာ မတွေ့ရပါဘူး။
တူရကီသတင်းထောက်ရေးပုံက အာဆတ်ဟာ သူရဲဘောကြောင်စွာနဲ့ သူ့လေယာဉ်ကို အစ္စရေးက ပစ်မချဖို့ အာခံတယ် ဆိုရင် ဆီးရီးယားစစ်ရေးလျှို့ဝှက်ချက်တွေ ပြောပြမယ် ဆိုပြီး အလဲအလှယ် လုပ်ခဲ့တဲ့သဘောပါ။ ဒါကြောင့်သာ အာဆတ် ပြုတ်ကျပြီး နာရီပိုင်းအကြာမှာ အစ္စရေးဟာ ဆီးရီးယား စစ်ဘက်ပစ်မှတ် ရာချီပြီး တိတိကျကျ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ (အာဆတ်ပြောမှ အစ္စရေးသိနိုင်တာ မဟုတ်ပါဘူး၊ ဆီးရီးယားစစ်ဘက်နေရာတွေကို မော့ဆက်က ထောက်လှမ်းထားမှာဖြစ်ပြီး အာဏာလေဟာနယ်ဖြစ်ချိန်မှာ အခွင့်ကောင်းယူ ချေမှုန်းပစ်တာ မဆန်းပါဘူး)
တူရကီသတင်းစာက ရေးတယ်ဆိုတာကိုက ရိုးရှင်းပုံ မပေါ်ပါဘူး။ အခု ဒမတ်စကတ်သိမ်းနိုင်တဲ့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ Hayat Tahrir al-Sham (HTS) ကို တူရကီက ဘယ်လောက်ထောက်ပံ့ထားလဲ မသဲကွဲပါဘူး။ တူရကီတွေက ကာ့ဒ်ဦးဆောင်တဲ့ SDF အုပ်စုကိုလည်း ခေါင်းမထောင်နိုင်အောင် တိုက်နေပါသေးတယ်။ အချိန်ကောင်းစောင့်ပြီး တာ့ရှ်ကင့်တွေ ကြိတ်ကြံသွားတယ်လို့ အနောက်တိုင်းကျွမ်းကျင်သူတချို့က ပြောနေကြပါတယ်။
လောလောဆည်မှာ HTS ခေါင်းဆောင် Mohammad al-Bashir ဟာ မတ်လ ၁ ရက်အထိ သက်တမ်းရှိတဲ့ ဆီးရီးယားအသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ရဲ့ ယာယီဝန်ကြီးချုပ် ဖြစ်လာခဲ့ပါပြီ။
Credit to Min Myat San