တောပြောင်းတောင်ပြောင်း ဖြစ်လာတဲ့ ထရမ့်ရဲ့ T1 Phone
ပထမ official page ကနေ "အမေရိကန်ပြည်ထောင်စုမှာ ဂုဏ်ယူစွာ ဒီဇိုင်းထုတ်ပြီး တည်ဆောက်သည်" လို့ ရေးပါတယ်။ အခု အဲ့ဒီစာ မရှိတော့ပါဘူး။
ဖြုတ်ပစ်လိုက်တဲ့စာနေရာမှာ "အမေရိကန်ဂုဏ်ဆောင် ဒီဇိုင်း" ၊ "စိတ်ထဲက အမေရိကန်တန်ဖိုးတွေနဲ့ ဒီဇိုင်းထုတ်ထား" ၊ "တစ်လုံးချင်းစီကို အမေရိကန်လက်တွေနဲ့ အနုစိတ်ထုတ်လုပ်ထား" ဆိုတာမျိုးစာတွေ ရောက်လာပါတယ်။ "အမေရိကန်တွင် ထုတ်လုပ်သည်" ဆိုတဲ့ စာတန်း မရှိတော့ပါဘူး။
ဇွန်လ ၁၆ ရက်နေ့တုန်းက Trump Mobile ဝက်ဘ်ဆိုက်ပေါ်မှာ ကြော်ငြာခဲ့တဲ့ T1 8002 ဖုန်းရဲ့ တချို့စာသားတွေ ၂၅ ရက်နေ့မှာ ပြောင်းသွားသလို ဖုန်း specs တချို့လည်း ပြောင်းလဲသွားပါပြီ။ စစချင်း ကြေညာတုန်းက ၆.၇၈ AMOLED display သုံးမယ်လို့ ပြောခဲ့ပေမယ့် အခု official specs မှာ ၆.၂၅ လက်မ display လို့ ပြောင်းလိုက်ပါတယ်။
RAM 12GB ဆိုတဲ့ စာသားလည်း ဖြုတ်ထားလိုက်ပါတယ်။ မပြောင်းတာကတော့ ဘက်ထရီ (5000mAh , 20W charging ) နဲ့ ဒေါ်လာ ၅၀၀ ဆိုတဲ့ ဈေးနှုန်းပါ။ သမ္မတထရမ့်ရဲ့ Trump Mobile က ဖုန်းထုတ်မယ်ဆိုကတည်းက အမေရိကန်ပြည်တွင်းဖြစ်ဖုန်းစစ်စစ် မဖြစ်နိုင်ဘူးလို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောခဲ့တာပါ။
ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ် Carey Business School က ပါမောက္ခ Tinglong Dai ကဆို "အလုပ်ဖြစ်တဲ့ ရှေ့ပြေးပုံစံတောင်မရှိတာ။ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ အံ့ဖွယ်အစွမ်းရှိမှပဲ ဖြစ်မယ်"လို့တောင် ပြောပါတယ်။
အဓိကဖုန်းပစ္စည်းအစိတ်အပိုင်းတွေ အမေရိကန်မှာ မထုတ်လုပ်တာကြောင့် တခြားနိုင်ငံက ထုတ်လိုက်တဲ့ ပစ္စည်းတွေ အမေရိကန်မှာ တပ်ဆင်မှပဲ USA Made စစ်စစ်မဖြစ်နိုင်တဲ့ ထရမ့်ရဲ့ T1 Phone ထွက်လာနိုင်မှာပါ။ ဒါကလည်း iPhone တွေ နောက်ကျောမှာ မြင်ရသလို ကယ်လီဖိုးနီးယားမှာ ဘယ်တုန်းကမှ မထုတ်တဲ့ "Designed in California" ဆိုတဲ့ စာသားနဲ့ သဘောတရားခပ်ဆင်ဆင်ပါပဲ။
အမေရိကန်မှာ ဖုန်းမထုတ်ဘဲ အမေရိကန်ဈေးကွက်ထဲ တင်သွင်းရင် အခွန် ၂၅% ထက်မနည်းကောက်မယ်ဆိုတဲ့ သမ္မတရဲ့သတင်းစကားကရော Trump Mobile ထုတ် T1 Phone ပေါ် ဘယ်လိုသက်ရောက်မလဲ ကြည့်ရဦးမှာပါ။
