Part_5
မောင်သာနိုးဘာသာပြန်တဲ့ ဘောင်းဘီဝတ်မိုးတိမ်
“မာရီယာ၊ တိုးခဲ့စမ်းပါ။
ဝတ်လစ်စားလစ် အရှက်မဲ့မှု။
ကြောက်ရွံ့ရွံ့ တုန်ရီမှုတွေနဲ့
မင်းနှုတ်ခမ်းတို့ရဲ့ ပန်းဦး မခြွေရသေးတဲ့
နှစ်လိုဖွယ်ကို ပေးပ။
ငါ့ရဲ့နှလုံးသားဟာ တစ်ခါမှ မေလအထိ
မနေခဲ့ရ။
ရှိခဲ့ရဲ့၊ ဧပြီတစ်ရာမျှ။
မာရီယာ
ကဗျာဆရာဟာ တျာနာအဖို့
ဆောနဲ့တ်တွေ သီခဲ့တယ်။
ငါကတော့-
သွေးသားနဲ့ လုံးဝ
လုံးဝ လူသားမျှ
မင့်ကိုယ်ကာယ သက်သက်ကို တောင်းတယ်
ခရစ်ယာန်တွေ တောင်းကြသလိုနှယ်
"ယနေ့အဖို့ စားစရာ အစားအစာကိုလည်း
ကျွန်ုပ်တို့အား ပေးသနားတော်မူပါ”
မာရီယာ - ပေးလော့။
မာရီယာ
မင့်နာမည်ကို မေ့သွားမှာ ငါစိုးတယ်၊
ညရဲ့ ဒုက္ခထဲ မွေးဖွားလာခဲ့ပြီး
ကြီးမြတ်မှုအရာ
ဘုရားသခင်ကို တုပနိုင်တဲ့ စကားတစ်လုံးကို
မေ့သွားမှာ ကဗျာဆရာ စိုးသလိုမျိုး။
မင့်ကိုယ်ခန္ဓာကို
ငါ စောင့်ရှောက်မယ်၊ ချစ်မယ်၊
စစ်ပွဲမှာ
ကျိုးပြတ်ခဲ့ရတဲ့၊ လိုသူ မဲ့တဲ့
ပိုင်သူ မဲ့တဲ့
စစ်သားဟာ
သူ့ရဲ့ တစ်ချောင်းတည်း ခြေထောက်ကို
စောင့်ရှောက်သလိုမျိုး။
#ဆက်ရန်ရှိ