Part-3
တသက်တာစာပေဆုရှင် သူငယ်ချင်း မောင်သာနိုး
ကျောင်းသားခေါင်းဆောင်အနေနဲ့ ထောင်အကျဆုံးကတော့ မန္တလေးမှာ ကိုသာနိုးပါ။ ဒုတိယ တတိယလိုက်သူများကတော့ မောင်မိုးသူနဲ့ မောင်သိန်းနိုင်ပါ မောင်စွမ်းရည်က ထောင်ကျတာမပါပါ။ အဖမ်းခံရမယ်လို့ အလိုက်ခံရဆဲ ထောင် မကျဘဲ ပြေးရင်းလွှားရင်း အိမ်ထောင်ကျသွားခဲ့ပါတယ်။ နောက်တစ်ခါ အလိုက် ခံရဆဲမှာတော့ အလွတ်ကျောင်းတွေ ပြည်သူပိုင်သိမ်းလိုက်လို့ အလွတ်ကျောင်း ဆရာက အစိုးရကျောင်းဆရာဖြစ်သွားတဲ့ မောင်စွမ်းရည် မြန်မာပြည် မြောက်အစွန် စစ်ကိုင်းတိုင်း၊ ရေဦးမြောက်ဘက် တန့်ဆည်ကိုပို့လိုက်လို့ ရဲတွေ မျက်စပြတ်သွားခဲ့ ပါသတဲ့။ ကံကြီးပေစွ။ နောက်ထပ် တင်မိုးနဲ ့ စောလူတို့က မောင်စွမ်းရည်ကို ဥရောပကတစ်ဆင့် အမေရိကကိုခေါ်ထုတ်လိုက်လို့ အဖမ်းခံလွတ်ခဲ့ရပြန်တယ်။
အမေရိကရောက်တော့ ကျန်ရစ်တဲ့သူငယ်ချင်းတွေကို လွမ်းတယ်။ မောင်မိုးသူ ရဲ့သား “အာဂျလာ”ကို “မင်းအဖေခေါ်ကွာ”ဆိုတော့ အဖေက ငြင်းသတဲ့။ ဒါနဲ့ တင်မိုးနဲ့ မောင်စွမ်းရည်တို့က မောင်သာနိုးကိုဖိတ်ခေါ်တယ်။ Iowa အပြည်ပြည် ဆိုင်ရာ စာရေးသားမှုအစီအစဉ်*ကို သူငယ်ချင်းရဲ့ သမီး ဝင်နီရွှေစင်ဦးက ဖုန်းနဲ့ ဖိတ်ခေါ်တယ်။ “မင်းသား”က “မင်းသမီး”မပါရင် မလာဘူးတဲ့ ငြင်းတယ်။ မင်းသမီးကို ကိုယ့်စရိတ်နဲ့ ကိုယ်ခေါ်ရင် ရစေမယ်ဆိုတော့မှ လာတယ်။ ဒါ့ကြောင့် အိုင်အိုဝါမှာရော၊ စောလူအိမ်မှာရော မောင်သာနိုးနဲ ့ သူငယ်ချင်းသုံးယောက် ပျော်ပျော်ကြီးပြန်ဆုံကြရပါတယ်။
ကျွန်တော်တို့က ပြည်တွင်းကို ပြန်လာခွင့်မရတာ ၁ဝ နှစ်လောက် ကြာခဲ့ပြီ ဆိုတော့ သူငယ်ချင်းတွေကို လွမ်းတာပေါ့။ နောက်တစ်ခါ ကိုသာနိုးနဲ့ တွေ့ဖို့ အခွင့်အလမ်းရပြန်ပါတယ်။ ကိုရီးယား(တောင်)က ဖိတ်ကြားတာပါ။ မောင်စွမ်းရည် နဲ့ အဖော်တစ်ဦးတဲ့ အမေရိကမှာရှိတဲ့ မောင်သာရကို မခေါ်ဘဲ ပြည်တွင်းက စာရေးဆရာကို ခေါ်ခွင့်ရရင် ခေါ်ချင်တယ်လို့ အကြောင်းပြန်တော့ ကိုသာနိုးကိုပါ ခေါ်ခွင့်ရပါတယ်။ ကိုသာနိုးသာ ကိုရီးယားရောက်သွားတယ် ကျွန်တော်က ခရီးသွား လက်မှတ် အဆင်မပြေဘဲ ဖြစ်သွားခဲ့လို့ မသွားလိုက်ရတော့ပါ။ ဒါပေမဲ့ ဖုန်းဆက် ပြီးတော့ လွမ်းစကားမန်းစကားတွေ အားရအောင်ပြောလိုက်ကြပါတယ်။ ကျုပ်တို့ ဆရာနိုးဟာ အနောက်နိုင်ငံတွေက ‘ထင်းရှူးရိပ်ကိုရော၊ အရှေ့နိုင်ငံက “မိုးမခပင်ရိပ်’ ကိုရော ရောက်ရှိဖူးသွားလို့ ကျွန်တော်တို့က ကိုယ်တိုင်ရောက်ရတာထက် ဝမ်းသာ ပါတယ်။ ဆရာနိုးက အရှေ့အနောက် ကဗျာတွေကို ဘာသာပြန်သူဖြစ်လို့ပါ။
ကိုသာနိုးက အင်္ဂလိပ်စာ ထူးချွန်တယ်လို ့ သူပြောလူပြောနဲ့ ကြားဖူးရုံပဲ ရှိခဲ့တာပါ။ နောက်တော့ ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ ကဗျာတွေကို သူပဲ ဒိုင်ခံပြီး အင်္ဂလိပ်လို ဘာသာပြန်ခဲ့တာပါ။ ကျွန်တော်ရဲ့ ‘အနီနှင့်အပြာ’ကဗျာများ စာအုပ်ကို ဘာသာပြန်ပေးဖို့ ကျွန်တော်ကိုယ်တိုင် မပြောခဲ့ရပါ။ အားနာလို့ပါ။ သူငယ်ချင်းတင်မိုးက သူ့ဘာသာပြောပြီး အင်္ဂလိပ်မြန်မာ နှစ်ဘာသာတွဲကို သူ ကိုယ်တိုင် ထုတ်ပေးရှာခဲ့တာပါ။ ဒါနဲ့ အားမရသေးဘဲ တရုတ်၊ ရုရှားတို ့ကို အားကျလို့တဲ့ "မြန်မာစာပေမဂ္ဂဇင်း တစ်စောင်ကို အင်္ဂလိပ်လို ထုတ်ချင်သေးတာလို့ ကိုသာနိုးကို အပူကပ်ခဲ့ပါသေးတယ်။ တင်မိုးက အိမ်ထောင်ကျပြီး ရန်ကုန်ကို ခေတ္တပြောင်းသွားရလို ့ မလုပ်ဖြစ်တော့ပါ။ ထုတ်ပေးမယ့်သူရှိပါတယ်။
မြန်မာလိုက အင်္ဂလိပ်လို ဘာသာပြန်နိုင်ရုံမက အင်္ဂလိပ်လိုက မြန်မာလို ဘာသာပြန်ပေးပါဆိုတာကိုလည်း တင်မိုးနဲ့ ကြည်အောင်တို့က အမြဲပူဆာခဲ့ကြ ပါတယ်။ တင်မိုးက ဘာသာပြန်မဂ္ဂဇင်းတောင် ထုတ်ချင်သေးသတဲ့။ အိုမာရ် ခိုက်ယမ်းရဲ့ “ရူဘိုက်ယတ်ကိုတော့ ကြည်အောင်က ဘာသာပြန်ခိုင်းလို့ပါ။ တင်မိုး က ကိုသာနိုးကို ဘာသာပြန်ခိုင်းဖူးတာက “ဇိုယာနှင့်ရှုရာ’ ရုရှားဝတ္ထုပါ။ နောင်အခါ ဆရာကြီး ဦးကိုလေး(ဇေယျာမောင်) ဘာသာပြန်လို့ ဘာသာပြန်ဆု ရတဲ့စာအုပ်ပါ။ ကိုသာနိုးက ထောင်ကျသွားလို့နဲ့ တူပါရဲ့။ အဲဒီကာလက ဘာသာမပြန်ဖြစ်ခဲ့ပါ။ ရန်ကုန်ရောက်တော့ Time/ Newsweek တို့က သတင်းတချို့ကို ကိုသာနိုးက ဖတ်လာပြီး ဘီအိုစီကောလိပ်လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်တို့ကို ဘာသာပြန်ပြီးပြောပြလေ့ရှိပါတယ်။ တင်မိုးနားမထောင်ဘဲ အိပ်ငိုက်နေရင် ကိုသာနိုးက “ဟေ့လူ ကိုဘဂျမ်း ခင်ဗျားအတွက်ပြောနေတာလေ နားထောင်ဦး”လို့ လှမ်းအော်လေ့ရှိပါ တယ်။ ကိုသာနိုးက ကျွန်တော်တို့အတွက် ပါရမီဖြည့်ရင်းက နိုင်ငံခြားကဗျာတွေ ဘာသာပြန်တဲ့အလုပ်ကို စတင်မိခဲ့တာလို့ ထင်ပါတယ်။ နောက်တော့ `ထင်းရှူး ပင်ကြီးတစ်ပင်နဲ့ ‘မိုးမခပင်ကြီးတစ်ပင် စိုက်ထူမိခဲ့ပါလေရောလား။ မိုးမခပင်ပြီ စိုက်ထူမိတော့ တင်မိုးနဲ့ ကြည်အောင်တို့ မရှိတော့ပါ။ လူငယ်ကဗျာဆရာတွေ ကတော့ ဖတ်ကြပါတယ်။
#ဆက်ရန်ရှိ