လူတချို့ကို မှန်တစ်ချပ်လို ပြန်ပြီး ဆက်ဆံနိုင်လာတဲ့ နေ့ကစပြီး ဘဝက Drama နည်းနည်းနဲ့ ပိုပြီး အေးချမ်းလာတယ်လို့ ခံစားလာရတော့တာပါပဲ။
သူတို့ပေးသလောက်ပဲ ပြန်ပေးဖြစ်တော့တယ်။
ကိုယ်ကလည်း ပိုမပေးဖြစ်တော့သလို “ငါကကျတော့ ဘယ်လောက်တောင် အနစ်နာ ခံထားရတယ်။ သူကကျတော့” ဆိုတြ့ စိတ်လည်း မရှိတော့ဘူး။
“I give the same energy they gave” ပဲ။
အရင်ကတော့ ဘယ်ဆက်ဆံရေးမှာမဆို အကောင်းဆုံး ဖြစ်ချင်ခဲ့တာ။ တစ်ခုခုဆို သူမကောင်းရင်တောင် ကိုယ်က ဆယ်ဆ ပြန်ကောင်းပေးချင်တာ၊ တစ်ခုခုဆို ချစ်တဲ့ စိတ်နဲ့ ဖြည့်တွေးပေး၊ သည်းခံပေးခဲ့တာ။
ဒါကိုတောင်မှ တစ်ဖက်က ကိုယ့်ကို နာကျင်အောင်လုပ်ရင် ဝမ်းနည်းခံစားနေတတ်တာ။ “ငါကတော့ ကောင်းပေးလိုက်ရတာ၊ ငါ့ကို ဒီလို လုပ်ရသလား” ဆိုပြီး တနုံ့နုံ့နဲ့ပေါ့။ အဓိကကတော့ ကျွန်မတို့ရဲ့ “သူကတော့ ဒီလိုမလုပ်လောက်ပါဘူး” ဆိုတဲ့ မျှော်လင့်ချက်က ပြန်သတ်တာပါပဲ။
အဲဒီကနေ အသက်ကြီးလာတော့ ဘာသိလာသလဲဆို ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား အဲ့ဒါက လူတချို့အတွက်၊ ဆက်ဆံရေးတချို့အတွက် အလုပ်မဖြစ်ဘူး ဆိုတာပါပဲ။ များသောအားဖြင့်တော့ ပန်းချီကားလို လူဖြစ်ဖို့ပဲ ကြိုးစားပေမဲ့ လူတချို့အတွက် မှန်လိုလူအနေနဲ့ နေတာပဲ ကောင်းတယ်။
ကိုယ့်အပေါ် မကောင်းရင် ကိုယ်လည်း ပြန်ယုတ်မာရမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ မှန်တစ်ချပ် ထောင်ပြ ခိုင်းတာ။ ကိုယ့်ကိုယ်ကိုယ် အဲဒီလူတွေအနားကနေ ခွာခိုင်းတာပါ။ ကိုယ့်ကို တစ်ခုပေးလာရင် တစ်ခုပြန်ပေးလိုက်၊ အရင်လို ဆယ်ခုပြန်မပေးချင်နဲ့။ ကိုယ့်အပေါ် မကောင်းဘူး မဟုတ်လား၊ respect မထားဘူးမဟုတ်လား။ ခွာလိုက်။ သွားပြီး အောက်ကျို့မနေနဲ့။
ထွက်သွားချင်တဲ့လူကို ဆွဲမထားဘဲ တံခါးဖွင့်ပေးခိုင်းတာ၊ ကိုယ့်ကို တန်ဖိုးမထားဘူးမဟုတ်လား ဘာလို့လဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေ မေးမနေဘဲ၊ တောင်းဆိုမနေဘဲ၊ တောင်းပန်မနေဘဲ နင်တန်ဖိုးမထားပေမဲ့ ငါ့ကိုယ်ငါတန်ဖိုးထားတယ်ဆိုတဲ့ စိတ်ကို ထားပြီး အဲ့ဒီ အရပ်ဒေသကနေ ထွက်လာခိုင်းတာပါ။
ဘယ်အရာမဆို ကိုယ်ပေးနိုင်သလောက်ပေး၊ ကိုယ်လုပ်နိုင်သလောက်လုပ်၊ ကိုယ်အနစ်နာခံ ပေးထားရတယ်ဆိုတိုင်း လူတိုင်းက ကိုယ့်အပေါ် ပြန်သိတတ်မယ် မထင်နဲ့။ မမျှော်လင့်နဲ့။ လူတွေအပေါ် စိတ်ကောင်းစေတနာကောင်းထားတာ ကောင်းတယ်။ ဒါပေမဲ့ ကိုယ့် Limit နဲ့ ကိုယ်ကောင်း။ ကိုယ်အဆင်ပြေမပြေကို အရင်ကြည့်၊ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးတွေကို အထိခိုက်ခံပြီး ကာကွယ်ပေးရလောက်တဲ့အထိ လောကမှာ အရေးကြီးတဲ့အရာ ဘာမှမရှိပါဘူး။
#crd
