image

အစားထိုးနိုင်မယ့်သူ ရောက်လာမှာသာ ကစားသမားတို့ ထွက်ခွာခွင့် ရရှိမယ်လို့ အမိုရမ် ပြောကြားလာ
================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် အစားထိုးနိုင်မယ့် ကစားသမား ရောက်လာမှသာလျှင် ကစားသမားထွက်ခွာခွင့်ပြုလာမယ်လို့ ပြောကြားလာပါတယ်။

ကိုဘီမိုင်နူးနှင့် ဂျိုရှာဇတ်ဇီးတို့ဟာ ယူနိုက်တက်တွင် ပုံမှန်ကစားခွင့် ရရှိရန် ရုန်းကန်နေရမှုနှင့်အတူ ဇန်နဝါရီတွင် အသင်းပြောင်းမယ်လို့ သတင်းထွက်နေပါတယ်။ ကိုဘီမိုင်နူးကို နာပိုလီက စိတ်ဝင်စားနေပြီး ဇတ်ဇီးမှာလည်း အီတလီသို့ ပြန်မယ်လို့ သတင်းထွက်နေပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ အာဖရိကဖလားပြိုင်ပွဲအတွက် ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လိုနှင့် မာ့ဇ်ရာဝီတို့အား ဆုံးရှုံးထားရသလို အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကိုလည်း ဒဏ်ရာကြောင့် တစ်လကြာ လက်လွှတ်ထားပါတယ်။

ဒါကြောင့်လည်း ရူဘင်အမိုရမ်က ယူနိုက်တက်မှာ လက်ရှိ လူအင်အားကို လျှော့ချနိုင်တဲ့အနေအထားမှာ မရှိကြောင်း ဆိုသွားပါတယ်။

အမိုရမ်က "အစားထိုးဖို့ လူမရှိဘူးဆိုရင် ကလပ်က တစ်ယောက်ယောက်ကို ထွက်ခွာခွင့်ပေးဖို့ ခက်ခဲလာပါမယ်။ လူအင်အားနည်းနေတယ်။ လူအင်အားအစုံအလင်နဲ့တောင် တခါတလေ တခုခု ဖြစ်လာရင် အင်အားနည်းနေတာပါ။ ကျွန်တော်တို့က တာဝန်ယူမှု ကြီးတဲ့ ကလပ်မှာ ရှိနေတာပါ။ ပြဿနာအားလုံးကို ရှင်းနေရတယ်။ မီဒီယာ၊ ကျွန်တော်တို့နဲ့ အားလုံးရဲ့ ခေါင်းထဲမှာလည်း ပွဲတိုင်းနိုင်ဖို့ လိုနေတယ်။ မဖြစ်လာဘူးဆိုရင် အကြောင်းပြချက်ပေးနေလို့ မရပါဘူး"လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ယနေည နယူးကာဆယ်နှင့်ပွဲစဉ်အား အဓိကကစားသမားအများအပြား မပါဝင်ဘဲ ရင်ဆိုင်ရပါမယ်။

မိုင်နူးမှာ ခြေသလုံးဒဏ်ရာကြောင့် နားနေရဆဲ ဖြစ်သလို မက်ဂွိုင်းယားနှင့် မားသီးယပ်စ်ဒီလက်တို့မှာလည်း ဒဏ်ရာကြောင့် နားနေရတုန်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အသင်းရဲ့အားအနည်းဆုံးနေရာဖြစ်တဲ့ ကွင်းလယ်ကို အားဖြည့်လာဖို့ ရှိပါတယ်။

တဖက်တင် ယူနိုက်တက်ဟာ မိုင်နူးအား လက်လွှတ်ရပါက သူ့နေရာတွင် အစားထိုးရမယ့် ကစားသမားအတွက် မိုင်နူးထက် လုပ်ခ ၄ ဆခန့်ပေးလာရပါမယ်။

image

စကော့တလန်ဂန္ထဝင်နှင့် နော်တင်ဟမ်ဖောရက်စ်သူရဲကောင်း ဂျွန်ရောဘတ်ဆင် ကွယ်လွန်
==============

စကော့တလန်ဂန္ထဝင်နှင့် နော်တင်ဟမ်ဖောရက်စ်သူရဲကောင်းဂျွန်ရောဘတ်ဆင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဂျွန်ရောဘတ်ဆင်ဟာ အသက် ၇၂ နှစ်အရွယ်တွင် ခရစ္စမတ်နေ့မှာပဲ ကွယ်လွန်သွားခဲ့တာပါ။

သူဟာ နော်တင်ဟမ်ဖောရက်စ်သမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ဘရိုင်ယန်ကလောက်ချ်လက်အောက်တွင် အမှတ်ပေးဖလား ၁ကြိမ်၊ ဥရောပဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ မယ်လ်မိုနှင့် ၁၉၇၉ ဥရောပဖလားဗိုလ်လုပွဲတွင် ထရီဗော်ဖရန်ဆစ် ဂိုးသွင်းနိုင်အောင် ဖြတ်တင်ဘော ပြုလုပ် ဖန်တီးပေးခဲ့သလို နောက်တစ်နှစ် ဟမ်းဘတ်အား အနိုင်ရကာ ချန်ပီယံဘွဲ့ကို ထပ်မံ ကာကွယ်နိုင်တဲ့ ဗိုလ်လုပွဲတွင်လည်း ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ စကော့တလန်အသင်းအတွက် ၂၈ ပွဲကစားကာ ၈ ဂိုးသွင်းခဲ့သူ ဖြစ်ပြီး ၁၉၇၈ ကမ္ဘာ့ဖလားနှင့် ၁၉၈၂ ကမ္ဘာ့ဖလားတို့ ကစားခဲ့ပါတယ်။

သူဟာ ဖောရက်စ်တွင် ၁၃ ရာသီကြာ ကစားပြီးနောက် ဒါဘီကောင်တီသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းခဲ့ပေမယ့်လည်း နှစ်ရာသီအကြာမှာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

သူဟာ ဖောရက်စ်အတွက် ပွဲငါးရာကျော်ကစားခဲ့ပြီး ၉၅ ဂိုးသွင်းပေးခဲ့ပါတယ်။

သူဟာ ကစားသမားဘဝမှ အနားယူပြီးနောက် ကစားဖော်ဟောင်းမာတင်အိုနေးလ်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကာ ဆဲလ်တစ်တွင် အောင်မြင်မှုများ ရယူနိုင်ခဲ့ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်တုန်းက နော်တင်ဟမ်ဖောရက်စ်သမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။

image

နယူးကာဆယ်ရဲ့ ကွင်းသစ်စီမံကိန်း ဖြစ်နိုင်ရန် အခွင့်အရေး အလွန်နည်းပါး
==================

နယူးကာဆယ်နည်းပြအက်ဒီဟောင်းက နယူးကာဆယ်ရဲ့ အိမ်ကွင်းနှင့် လေ့ကျင့်ရေးကွင်းသစ်သို့ ပြောင်းရွှေ့ရေးမှာ မရေမရာ ဖြစ်နေပြီး ၎င်းအနေဖြင့် မမြင်တွေ့ရရန် ၉၉.၉ ရာခိုင်နှုန်းသေချာနေကြောင်း ဝန်ခံ ပြောဆိုလာပါတယ်။

နယူးကာဆယ်ဟာ လက်ရှိ အသုံးပြုနေတဲ့ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းအား တိုးချဲ့တည်ဆောက်ခြင်း (သို့မဟုတ်) ကွင်းသစ်သို့ ပြောင်းခြင်း ပြုလုပ်ရန် စီစဉ်နေသလို လေ့ကျင့်ရေးကွင်းသစ်သို့ ပြောင်းရန်လည်း စီစဉ်နေပါတယ်။

ဒါပေမယ့် နယူးကာဆယ်ဟာ မြေနေရာရှာဖွေရ ခက်ခဲနေမှုနှင့်အတူ နေရာသစ်သို့ ပြောင်းရေး ခက်ခဲနေပါတယ်။

အက်ဒီဟောင်းက "ကလပ်ရဲ့ လက်ရှိ လေ့ကျင့်ရေးကွင်းနဲ့ ကွင်းအခြေအနေအပေါ် အမြင်ကျယ်ကျယ်နဲ့ ကြည့်မယ်ဆိုရင် မရေမရာ ဖြစ်နေပါတယ်။ ဒါတွေက ကလပ်ရဲ့ အနာဂတ်လမ်းကြောင်းကို ဘယ်လို လျှောက်သွားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင့်ရစေမယ့် အပြုသဘောဆောင်တဲ့ ကြီးမားတဲ့ ခြေလှမ်း ဖြစ်ပါတယ်။ အရာအားလုံးအပေါ် တကယ့်ကို ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာပါမယ်။ ကျွန်တော်ပြောတဲ့အထဲမှာ အကယ်ဒမီအကြောင်းလည်း ပါပါတယ်။ တကယ့်ကို ကောင်းမွန်တဲ့အလုပ် ဖြစ်လာမှာပါ"လို့ ပြောကြားသွားပါတယ်။

နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းဟာ ယခင်တုန်းက အင်္ဂလန်တွင် အိုးထရက်ဖို့ဒ်ကွင်းပြီးလျှင် ဒုတိယအကြီးမားဆုံး ကွင်းဖြစ်ပေမယ့်လည်း နောက်ပိုင်းတွင် စပါးစ်၊ ဝက်စ်ဟမ်း၊ အာဆင်နယ်၊ မန်စီးတီးနှင့် အဲဗာတန်တို့က ကွင်းသစ်သို့ ပြောင်းရွှေ့ကာ ကျော်တင်ခြင်းခံခဲ့ရပါတယ်။

နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ ပရိသတ် ၅၂၃၃၅ ဆန့်ပါတယ်။ နယူးကာဆယ်ရဲ့ တစ်ရာသီ ကွင်းဝင်ကြေး ရရှိငွေက ပေါင် ၈၇ သန်းသာ ရှိပြီး ယူနိုက်တက်က ပေါင် ၂၁၉.၃ သန်းအထိ ရရှိတဲ့အထိ ကွင်းဝင်ကြေး ရရှိငွေ ပမာဏ ကွာခြားပါတယ်။

image

လေးမျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် အစပ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေးမျက်နှာမြို့နယ် ချင်းကုန်း၊ စောပြာရွာနဲ့ အနီးပတ်ဝန်းကျင်တွေမှာ အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေလည်း များပြားလျက်ရှိတယ်လို့ သိရပါတယ်။

“လေးမျက်နှာက AA ပူးပေါင်းတပ်တွေ သိမ်းထားတဲ့ နေရာတွေကို အစိုးရတပ်က ထိုးစစ်ဆင်နေတာပါ။ ဒီမြို့က ရွေးကောက်ပွဲ အပိုင်း (၃) မှာ ပါလာပြီဆိုတော့ အစိုးရတပ်ဘက်က ပိုပြီး ထိုးစစ်ပြင်လာမယ့် သဘောရှိတယ်။ နောက်ပိုင်းမှာ တိုက်ပွဲ ပိုပြီး ပြင်းထန်လာနိုင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိမှာ အစိုးရတပ်ဟာ လေကြောင်း ပစ်ကူတွေ အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပေမယ့် ထင်သလောက် ရှေ့တိုးနိုင်ခြင်း မရှိဘဲ မကြာခဏဆိုသလို တပ်ပြန်ဆုတ်နေရတဲ့ အနေအထားမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။

“လေကြောင်း တိုက်ခိုက်မှု မလုပ်ခင် စက်တပ်လေထီးတွေနဲ့ တိုက်ခိုက်တာလည်း ရှိတယ်။ ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်း ရှိတယ်။ လက်နက်ကြီး ပစ်ခတ်မှုကလည်း နေ့တိုင်းလိုကို ရှိနေတာ” လို့ သူက ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၂၅ ရက်ကလည်း လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းကျေးရွာအုပ်စုမှာ ညနေ ၄ နာရီမှ ၆ နာရီ ဝန်းကျင်အတွင်း လက်နက်ကြီး ကျရောက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း အဲဒီ မြို့နယ်အတွင်းက စောပြာရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့သလို ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း အဲဒီ စောပြာရွာမှာပဲ စက်တပ်လေထီးနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် သုံးယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း လေးမျက်နှာမြို့နယ်၊ ခတ်ချိုကုန်းရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ အနီးပတ်ဝန်းကျင်ရှိ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေဟာ လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်အစပ် ပုသိမ် - မုံရွာလမ်းပိုင်းက ကျေးရွာတွေမှာ ဖြစ်ပွားနေသလို ရေကြည်မြို့နယ် မြောက်စမ်းရွာ အမြောက်တပ် (အမတ - ၃၄၄) အနီးဝန်းကျင်မှာလည်း တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒါအပြင် ရေကြည်မြို့နယ်၊ ဂွ - ငသိုင်းချောင်း လမ်းပေါ်ရှိ အမတ - ၃၄၄ ကာကင်းစခန်း တချို့ကိုလည်း AA နဲ့ ပူးပေါင်းတပ်တွေက အခုရက်ပိုင်းအတွင်း ထပ်မံ သိမ်းပိုက်ထားတယ်လို့လည်း သိရပါတယ်။

ဧရာဝတီတိုင်းထဲမှာ လေးမျက်နှာနဲ့ ရေကြည်မြို့နယ်အပြင် သာပေါင်းနဲ့ ရွှေသောင်ယံ မြိုနယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး AA ပူးပေါင်းတပ်တွေဟာ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာ မြို့နယ်တွေထဲက ကျေးရွာတချို့ကို ထိန်းချုပ်ထားကာ အထူးသဖြင့် ပုသိမ် - မုံရွာ ကားလမ်းမကြီးကို ဖြတ်တောက်ထားနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

image

ကယ်လီဖိုးနီးယား ရေကြီရေလျှံမှု သုံးယောက်သေပြီး လူသိန်းချီ ဓါတ်အားပြတ်တောက်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် နေရာအတော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ခရစ္စမတ်ညမှာ လူသုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံအရာရှိတွေက ပြောပါတယ်။

မုန်တိုင်းတွေဟာ သောကြာနေ့အထိ ဆက်လက်ဖြစ်ပွားမယ်လို့ မျှော်လင့်ရပြီး လော့စ်အိန်ဂျလိစ်ကောင်တီရဲ့ အချို့နေရာတွေမှာ မိုးရေချိန် ၁၁ လက်မ (၂၇ စင်တီမီတာ) ရွာသွန်းခဲ့ပြီး လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကာ အဓိကလမ်းတွေကို ပိတ်ထားခဲ့ရပါတယ်။

ရေကြီးရေလျှံမှုကြောင့် ယာဉ်တွေပေါ်မှာ ပိတ်မိနေသူတွေကို အရေးပေါ်ကယ်ဆယ်ရေး အများအပြား လုပ်ဆောင်ခဲ့ရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က လော့စ်အိန်ဂျလိစ်နဲ့ အခြား ကယ်လီဖိုးနီးယား တောင်ပိုင်းခရိုင်တွေမှာ ဗုဒ္ဓဟူးနေ့က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

ကြာသပတေးနေ့ ညနေပိုင်းအထိ ပြည်နယ်ရှိ လူပေါင်း တသိန်းကျော်ဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပါတယ်။ အမေရိကန်မိုးလေဝသဌာနကတော့ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိတယ်လို့သတိပေးထားပါတယ်။
မြစ်၊ ချောင်းတွေလည်း ရေလျှံနိုင်တယ်လို့ ဆိုပါတယ်။ ဆန်ဒီယေဂိုမှ အသက် ၆၄ နှစ်အရွယ် အမျိုးသားတယောက်ဟာ သစ်ပင်ပိသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၇၄ နှစ်အရွယ် ယာဉ်တစီးထဲမှာ ပိတ်မိပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မန်ဒိုစီနိုကောင်တီရှိ ပြည်နယ်ပန်းခြံမှာ အသက် ၇၀ ကျော် အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ ဆန်ဘာနာဒင်နို ကောင်တီရှိ ဒေသခံအချို့အတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ကြာသပတေးနေ့နံနက်မှာတော့ ဆန်ဖရန်စစ္စကိုဘေး ဒေသခံတွေကို အစားအစာသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

image

မူဆယ် ခရိုင်အတွင်းက CDM နာမည် စာရင်းပေါက်တဲ့ သူတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် သက်တမ်းတိုး မပေးတော့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် - မြန်မာ နယ်စပ်၊ မူဆယ် ခရိုင်အတွင်းက CDM နာမည် စာရင်းပေါက်တဲ့ သူတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် သက်တမ်းတိုး မပေးတော့ကြောင်း အစိုးရ ဝန်ထမ်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

"အခု CDM လုပ်သွားတဲ့ ဝန်ထမ်းတွေကို နယ်စပ် ဖြတ်ကျော်ခွင့် သက်တမ်း မတိုးပေးတော့ဘူး" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

အရင်က နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် နဲ့ ပုံမှန် နယ်စပ် ဖြတ်ကျော်လို့ ရတယ်လို့ သူက ပြောပါတယ်။

"အရင်က ဘာမှ မသိ နားမလည်လို့ နာမည်ပါသွားတာတောင် ပြန်ဖျက်ချင်တာ မရတော့ဘူး" လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

နယ်စပ်ဒေသခံ အများစုကတော့ နယ်စပ် အဝင်အထွက် လုပ်ပြီး အသက်မွေး ဝမ်းကျောင်း ပြုနေကြရတာကြောင့် နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်က လူတိုင်းအတွက် အရေးပါတာ ဖြစ်ပါတယ်။

CDM လုပ်တဲ့ ဝန်ထမ်းစာရင်းတွေကို ‌စစ်ဆေးပြီး အရေးယူတာတွေ လုပ်တော့မယ်လို့ သိရကြောင်း ဌာနဆိုင်ရာ နဲ့ နီးစပ်သူ တယောက်ကလည်း ပြောပါတယ်။

image

ထိုင်ဝမ်ကို အမေရိကန်ရဲ့ လက်နက်ရောင်းချမှု စစ်ပွဲဖြစ်ဖို့ မီးလောင်ရာလေပင့်တာလို့ တရုတ်ဝေဖန်

ထိုင်ဝမ်ကို အမေရိကန်ရဲ့ လက်နက်ရောင်းချမှု သဘောတူညီချက်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ဝေဖန်ခဲ့ပြီး ဒါဟာ ထိုင်ဝမ်ရေလက်ကြား စစ်ပွဲဖြစ်ဖို့ မီးလောင်ရာလေပင့်တာလို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဒဿမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမယ်လို့ ကြေညာခဲ့ပြီး ဒါဟာ ထိုင်ဝမ်ကျွန်းအတွက် အမေရိကန်ရဲ့ အကြီးမားဆုံး လက်နက်ရောင်းချမှု အစီအစဉ်လည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရန်စမှု" အားလုံးကို ရပ်တန့်ပြီး မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကို ပြင်ဆင်သင့်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Zhang Xiaogang က ပြောပါတယ်။

"အမေရိကန်ရဲ့ အပျက်သဘောဆောင်တဲ့ ထိုင်ဝမ်ဆိုင်ရာ ဥပဒေကြမ်းဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အကြောင်းမဲ့ ဝင်ရောက်စွက်ဖက်ပြီး ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးအင်အားစုတွေဆီကို မှားယွင်းတဲ့ အချက်ပြမှုတခု ပေးပို့သလိုဖြစ်ပြီး ဒါဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေပါတယ်" လို့ သူက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်ပြဿနာရဲ့ အလွန်အမင်းထိခိုက်လွယ်မှုကို အပြည့်အဝနားလည်ဖို့၊ တရုတ်ရဲ့ တပြည်ထောင်မူဝါအပြင် တရုတ်-အမေရိကန် ပူးတွဲကြေညာချက်သုံးခုကို အလေးအနက်လိုက်နာဖို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်မှာ အမေရိကန်ပြည်ထောင်စုက အတည်ပြုခဲ့တဲ့ ထိုင်ဝမ်အတွက် လက်နက်ရောင်းချမှုမှာ ဟိုင်းမားစ် ရော့ကက်စနစ်တွေ၊ ဟောင်ဝစ်ဇာအမြောက်တွေ ၊ ဂျက်ဗလင်တင့်ကားဖျက်ဒုံးကျည်တွေ၊ အယ်လ်တီးရပ်စ် လက်နက်တပ်ဆင်ဒရုန်းတွေနဲ့ အခြားစစ်ပစ္စည်းကိရိယာများအတွက် အစိတ်အပိုင်းများ အပါအဝင် အဓိက ပစ္စည်းရှစ်မျိုး ပါဝင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဒီဇင်ဘာ - ၂၆ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၀၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၃၈၀၀၀၀ ကျပ်
ဝယ်ဈေး ၉၃၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၉၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၉၄၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၂၆၀၀၀၀ ကျပ်
ဝယ်ဈေး ၉၂၂၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၈၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၈၂၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၄ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၈၀ ကျပ်
ဝယ်ဈေး - ၃၈၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၀၀ ကျပ်
ဝယ်ဈေး - ၃၀၂၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၉၅ ကျပ်
ဝယ်ဈေး - ၄၅၇၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၇ ကျပ်
ဝယ်ဈေး - ၉၆၂ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၆၈ ကျပ်
ဝယ်ဈေး - ၅၅၃ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၅ ကျပ်
ဝယ်ဈေး - ၂၄.၈၆ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၃၂ ကျပ်
ဝယ်ဈေး - ၄၃.၂၁ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၈ ကျပ်
ဝယ်ဈေး - ၂.၇၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၃၇၅ ကျပ်
ဝယ်ဈေး - ၅၂၄၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၇၃ ကျပ်
ဝယ်ဈေး - ၂၆၀၆ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၀၉ ကျပ်
ဝယ်ဈေး - ၂၈၃၆ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၂ ကျပ်
ဝယ်ဈေး - ၄၉၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၈၄ ကျပ်
ဝယ်ဈေး - ၁၀၅၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

တူရကီမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလအတွင်း တိုက်ခိုက်ဖို့ စီစဉ်သူ အိုင်အက်စ် ၁၀၀ ကျော်ကို ဖမ်းဆီး

တူရကီနိုင်ငံမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတွေအတွင်း တိုက်ခိုက်ဖို့စီစဉ်ထားတဲ့ အိုင်အက်စ်အဖွဲ့ဝင်တွေလို့ သံသယရှိသူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စတန်ဘူလ်တဝန်းရှိ ၁၂၄ ခုမှာ စီးနင်းမှုတွေ ပြုလုပ်ခဲ့ပြီး သေနတ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ အဖွဲ့အစည်းဆိုင်ရာ စာရွက်စာတမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

အိုင်အက်စ် ထောက်ခံသူတွေဟာ ယခုအပတ်မှာ တူရကီတဝန်း အထူးသဖြင့် မွတ်စလင်မဟုတ်သူတွေကို တိုက်ခိုက်ဖို့ တက်ကြွစွာ စီစဉ်နေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ သံသယရှိသူ ၁၁၅ ယောက်ကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ၂၂ ယောက်ကိုလည်း ခြေရာခံဖမ်း လုပ်ဆောင်နေပါတယ်။

သံသယရှိသူတွေဟာ တူရကီပြင်ပရှိ အိုင်အက်စ်လှုပ်ရှားသူတွေနဲ့ အဆက်အသွယ်ရှိကြောင်း ရှေ့နေရုံးက ထုတ်ပြန်ထားပါတယ်။ တူရကီထောက်လှမ်းရေးအေးဂျင့်တွေဟာ အာဖဂန်နစ္စတန်-ပါကစ္စတန်နယ်စပ်မှာ စီးနင်းမှုတခု ပြုလုပ်ပြီးနောက် နှစ်ရက်အကြာမှာ သံသယရှိသူတွေကို ဖမ်းဆီးခဲ့ကြောင်း ကြေညာချက် ထွက်ပေါ်လာတာပါ။

တူရကီဟာ အိုင်အက်စ်အဖွဲ့ လှုပ်ရှားနေတဲ့ ဆီးရီးယားနဲ့ မိုင် ၅၆၀ ရှည်လျားတဲ့ နယ်နိမိတ်ထိစပ်နေပါတယ်။ တူရကီအစိုးရနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ဆီးရီးယားသမ္မတ အာမက် အယ်လ်ရှာရာကတော့ နိုင်ငံတွင်းမှာ အိုင်အက်စ်တို့ နောက်ဆုံးခြေကုပ်ယူရာ နေရာတွေကို အမြစ်ဖြတ်ဖို့ အမေရိကန်နဲ့ ဥရောပတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုထားပါတယ်။

ယခုလအစောပိုင်းက အိုင်အက်စ် သေနတ်သမားတွေရဲ့ ချုံခိုတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သားနှစ်ယောက်နဲ့ အရပ်သားစကားပြန်တယောက်တို့ သေဆုံးခဲ့ပြီးနောက် အမေရိကန်စစ်တပ်ဟာ ဆီးရီးယားရှိ အိုက်အက်စ်ပစ်မှတ်တွေကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။

image