ရွေးကောက်ပွဲပျက်ပြားစေရန် ကျုးလွန်သူများကို အရေးယူဆောင်ရွက်မှု (၁၄၀) ရှိပြီး တရားခံ (၂၂၉) ဦး အရေးယူထား

ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ပြော
ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျုးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်နေပြီး ဒီဇင်ဘာ(၁၅)ရက်နေ့အထိ အမှု(၁၄၀) ရှိပြီး စုစုပေါင်း တရားခံ (၂၂၉)ဦးကို အရေးယူးထားကြောင်း ယမန်နေ့က ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှ သိရသည်။
ပြည်ထောင်စုနယ်မြေ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တာဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တရားခံ အမျိုးသား (၂၀၁)ဦး၊ အမျိုးသမီး(၂၈)ဦး စုစုပေါင်း (၂၂၉)ဦးကို အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုပြင် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်သော လှုံဆော်မှုများ၊ဝါဒဖြန့်မှုများ ကျုးလွန်နေသူများကို စုံစမ်းဖော်ထုတ်၍ ထိရောက်စွာ အရေးယူသွားရန် လိုအပ်ကြောင်းလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရန် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်လည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

image

ASPGB ၏ ရှယ်ယာတစ်စောင် အခြေခံဈေးနှုန်း ကျပ် ၁၀,၀၀၀ သတ်မှတ်
----------------------------------

ရန်ကုန်စတော့အိတ်ချိန်းရဲ့ စာရင်းဝင်အကြိုဈေးကွက် (Pre Listing Board ) မှာ အသစ်ဝင်ရောက်လာတဲ့ ဂျီဘီအက်စ် လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီ ( ASPGB ) ရဲ့ ရှယ်ယာတစ်စောင် အခြေခံဈေးနှုန်းကို ကျပ် ၁၀,၀၀၀ သတ်မှတ်လိုက်ပါတယ်။
ASPGB ရဲ့ ရှယ်ယာတစ်စုကို အမြင့်ဆုံးဈေးနှုန်းဟာ ၁၂,၅၀၀ ကျပ် ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းက ၇၅၀၀ ကျပ်နဲ့ တစ်ချက်ခုန်ဈေးနှုန်းက ကျပ် ၅၀၀ အဖြစ် သတ်မှတ်ထားတယ်လို ရန်ကုန်စတော့အိတ်ချိန်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အခုသတ်မှတ်လိုက်တဲ့ အခြေခံဈေးနှုန်း ကျပ် ၁၀,၀၀၀ ဟာ ရှယ်ယာအရောင်းအဝယ် ဆောင်ရွက်ကြတဲ့အခါမှာ အမြင့်ဈေးနဲ့ အနိမ့်ဈေးတို အကြား စဉ်းစားဝယ်ယူနိုင်မဲ့ ဈေးနှုန်းဖြစ်တယ်လို သိရပါတယ်။
အခုဒီဇင်ဘာလ ၁၇ ရက်ကစပြီး ရန်ကုန်စတော့အိတ်ချိန်းမှာ ASPGB ကုမ္ပဏီရဲ့ အစုရှယ်ယာ အရောင်းအဝယ်တွေ စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဂျီဘီအက်စ် လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၆ ရက်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ Pre –Listing Board မှာ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ကုမ္ပဏီတစ်ခုတိုက စတော့ရှယ်ယာတွေ နေ့စဉ်အရောင်းအဝယ်ဆောင်ရွက်နေပါတယ်။ ASPGB ကုမ္ပဏီကတော့ စာရင်းဝင်အကြိုဈေးကွက်မှာ ဒုတိယမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာတာဖြစ်ပါတယ်။

image

ငလျင်ဒဏ်သင့်နေအိမ်များ ပြန်လည်တည်ဆောက်ရာ၌ တရုတ် ပံ့ပိုးကူညီမည်
------------------------------------------------------------

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သဘာဝဘေးဒဏ်သင့် မိသားစုတွေအတွက် နေအိမ်တွေ ပြန်လည် ထူထောင် တည်ဆောက်ရာမှာ ပံ့ပိုးကူညီပေးသွားမယ်လို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက သဘာဝဘေးဒဏ်သင့် မိသားစုတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း ဆက်လက်ပေးအပ်သွားမယ်လို ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်ခဲ့ပြီး အဲဒီအချိန်တုန်းကလည်း တရုတ်နိုင်ငံက Global Development and South-South Cooperation Fund ကတစ်ဆင့် WFP ထံ အမေရိကန်ဒေါ်လာ ၄ သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီရန်ပုံငွေနဲ့ ဆန် ၅၁၂၆ တန်ဝယ်ယူနိုင်ခဲ့ပြီး ငလျင်ဘေးသင့်ဒေသတွေက ပြည်သူပေါင်း ၃၇၉,၀၀၀ ခန့်ကို ဖြန့်ဝေပေးခဲ့တယ်လို သိရပါတယ်။
လက်ရှိမှာလည်း ဆန်အများစုကို ဖြန့်ဝေပေးထားပြီး ကျန်ရှိတဲ့ဆန်တွေကို လာမဲ့ ဇန်နဝါရီလမှာ အစီအစဉ်အတိုင်း ဖြန့်ဝေပေးအပ်သွားမယ်လို သိရပါတယ်။

image

YBS ပေါ်တွင် အဘွားတစ်ဦး ရုတ်တရက် လဲကျသေဆုံး
------------------------------------------

YBS ၈၄ ကားပေါ်မှာ ဒီဇင်ဘာ ၁၆ ရက်က အသက် (၇၁)နှစ်အရွယ် အဘွားတစ်ယောက် ရုတ်တရက်လဲကျသေဆုံးသွားတယ်လို ဖြစ်စဉ်ကို သွားရောက်ကူညီတဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်ဟာ တောင်ဥက္ကလာပမြိုနယ်၊ ဥက္ကလာပဘုရားမှတ်တိုင်မှာ ဖြစ်ပွားခဲ့တာလို ဆိုပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသင်းကို အကူအညီတောင်း ခံတဲ့အတွက် သေဆုံးသူရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံကို ပိုဆောင်ပေးခဲ့တယ်လို သိရပါတယ်။

image

မြန်မာ-ဘရူနိုင်း ကုန်သွယ်မှုတိုးမြှင့်ရေး ဆွေးနွေး
--------

မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေး အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး ဟာဂျီ မိုဟာမက် ဆာရစ် ပူဒင် ဘင် မက်ဆရူဒင် ကို ဒီဇင်ဘာလ ၁၆ ရက် ကနေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံ ချိန်မှာ အခုလိုထည့်သွင်းဆွေးနွေးခဲ့တာပါ။
တွေ့ဆုံစဉ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေမဲ့ကိစ္စတွေ၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်မယ့်ကိစ္စ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်သမားကဏ္ဍ အပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

image

ယာယီသမ္မတထံ ပါကစ္စတန် နှင့် ဘရူနိုင်း သံအမတ်ကြီးများ ခန့်အပ်လွှာ ပေးအပ်
--------------------------------

နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး နဲ့ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ သံအမတ်ကြီးတို့က ဒီဇင်ဘာ ၁၆ ရက်၊ မနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင် ဧည့်ခန်းမမှာ သံအမတ်ခန့်အပ်လွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တာရစ် ကာရင်မ်က သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် နှစ်နိုင်ငံအကြား ခိုင်မာတဲ့ သံတမန် ဆက်ဆံရေး ရှိမှု နဲ့ ချစ်ကြည်ရင်းနှီးမှု နဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် နိုင်ရေး ဆောင်ရွက်နေမှု၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ နိုင်ငံရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စတွေ ဘာသာရေး နဲ့ ခရီးသွားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိ စ္စရပ်တွေ နိုင်ငံခြားရေး ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်သွားမဲ့ အခြေအနေတွေ မြန်မာနိုင်ငံမှာ မကြာမီ ကျင်းပပြုလုပ်မဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ပါကစ္စတန်နိုင်ငံက ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ စေလွှတ်ပေးသွားမဲ့ အခြေအနေတွေနဲ့ စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ပါ တယ်။
ဆက်လက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ ဆိုင်ရာ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး မိုဟာမက် ဆာရစ် ပူဒင် ဘင် မတ်ဆာရူဒင်က သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စ ရပ်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ ချစ်ကြည်ရေး ခရီးစဉ်တွေ အပြန်အလှန် လည်ပတ်မှု အခြေအနေတွေ ပညာရေး၊ ကာ ကွယ်ရေး၊ ခရီးသွား နဲ့ လေကြောင်း ပျံသန်းမှု ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်မဲ့ အခြေ အနေတွေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်တွေ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့ အတွင်း အာဆီယံပဋိညာဉ်အတိုင်း လိုက်ပါဆောင်ရွက်နေမှု နဲ့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ ဖိတ်ခေါ်ထားရှိမှု အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
သံအမတ်ခန့်အပ်လွှာတွေ ပေးအပ်ပွဲကိုတော့ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင် အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နဲ့ သံတမန်ရေး ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေး တို့ တက်ရောက်ခဲ့ကြပါတယ်။

image

ချယ်လ်ဆီးအသင်းကို (၇)လအတွင်း (၃)ကြိမ်မြောက် ဆီမီးဖိုင်နယ်ရောက်ရှိအောင် မာရက်စကာ စွမ်းဆောင်နိုင်ခဲ့

ချယ်လ်ဆီးအသင်းရဲ့နည်းပြ မာရက်စကာဟာ အသင်းကို (၇)လအတွင်း (၃)ကြိမ်မြောက် ဆီမီးဖိုင်နယ်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။
အီတလီနည်းပြ မာရက်စကာဟာ ချယ်လ်ဆီးအသင်းကို ၂၀၂၄ နွေရာသီမှာ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ကွန်းဖရန့်လိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရယူပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် မာရက်စကာအနေနဲ့ ၂၀၂၅ မေလမှာ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်ရောက်ရှိခဲ့ခြင်းက ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးဆီမီးဖိုင်နယ်ဖြစ်ပြီး ဇူလိုင်လမှာ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရောက်ရှိခြင်းက ဒုတိယမြောက် ဆီမီးဖိုင်နယ်ဖြစ်ပါတယ်။
အခု မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားကွာတားဖိုင်နယ်မှာ ကာဒစ်ဖ်ကို (၃-၁)ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တာကြောင့် (၇)လအတွင်း တတိယမြောက် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
မာရက်စကာက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုနည်းပါးနေကြောင်း ပြစ်တင်ပြောကြားခဲ့တာကြောင့် ကာဒစ်ဖ်နဲ့ပွဲမှာ ချယ်လ်ဆီးပရိသတ်တွေက သူ့အမည်ကို သီချင်းလုပ်သီဆိုကာ အားပေးခဲ့ကြောင်းလည်း သိရပါတယ်။
ဒီအတွက် မာရက်စကာက ပျော်ရွှင်မိကြောင်းနဲ့ အသင်းအနိုင်မရရင် ပရိသတ်တွေ မပျော်ရွှင်တာကိုလည်း မိမိနားလည်ကြောင်း ပြောကြားခဲ့ပါတယ်။

image

လီဗာပူးလ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာစ် ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံရ

လီဗာပူးလ်၊ လက်စတာနဲ့ ဆဲလ်တစ်အသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်တဲ့ ဘရန်ဒန်ရော်ဂျာစ်ဟာ ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။
အာရှရဲ့ ထိပ်တန်းအသင်းဖြစ်လာဖို့ ရည်မှန်းထားတဲ့ အယ်လ်ကတ်ဆီယာအသင်းက ဘရန်ဒန်ရော်ဂျာစ်ကို (၂)နှစ်ခွဲ စာချုပ်နဲ့ ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အသက်(၅၂)နှစ်ရှိပြီဖြစ်တဲ့ မြောက်အိုင်ယာလန်နိုင်ငံသား ဘရန်ဒန်ရော်ဂျာစ်ဟာ ချယ်လ်ဆီးအရန်အသင်းမှာ နည်းပြဘဝကို အစပြုခဲ့သူဖြစ်ပြီး ဝက်ဖို့ဒ်၊ ရက်ဒင်း၊ ဆွမ်ဆီးအသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။
ဆဲလ်တစ်အသင်းကိုတော့ နှစ်ကြိမ်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလမှာမှ အသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေဖြစ်ပြီး လမ်းခွဲခဲ့တာပါ။
အယ်လ်ကတ်ဆီယာအသင်းဟာ ၂၀၂၅-၂၆ ရာသီ ဆော်ဒီလိဂ်ပြိုင်ပွဲမှာ အဆင့်(၅)နေရာ ရောက်ရှိနေတဲ့အသင်းဖြစ်ပြီး ဘရန်ဒန်ရော်ဂျာစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းနဲ့အတူ ရင်းနှီးမြှုပ်နှံမှုများစွာ ထပ်မံပြုလုပ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အယ်လ်ကတ်ဆီယာအသင်းရဲ့ အားကစားဒါရိုက်တာ ကားလို့စ်အန်တန်က ''သူ့ရဲ့ ဖလော်ဆော်ဖီက ကျွန်တော်တို့ရဲ့ မဟာဗျူဟာတွေနဲ့ တကယ့်ကို ကိုက်ညီနေပါတယ်။ သူက အောင်မြင်မှုကို ဆာလောင်နေပြီး အရည်အချင်းရှိတဲ့ အသင်းတစ်သင်းကို ကိုင်တွယ်ရတာပါ'' လို့ ပြောကြားခဲ့ပါတယ်။

image

ဒေါ်လာ ငါးဘီလီယံ ရလိုမှုဖြင့် BBC သတင်းဌာနကို ဒေါ်နယ်ထရန့် တရားစွဲ

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ BBC သတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့ Panorama မှတ်တမ်းရုပ်ရှင်မှာ သူ့ရဲ့ မိန့်ခွန်းကို တည်းဖြတ်ထုတ်လွှင့်ခဲ့တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒေါ်လာ ငါးဘီလီယံ ရလိုမှုနဲ့ BBC သတင်းဌာနကို တရားစွဲလိုက်ပါတယ်။
ဖလော်ရီဒါမှာ တင်သွင်းခဲ့တဲ့ တရားရုံးစာရွက်စာတမ်းတွေအရ ထရန့်ဟာ BBC သတင်းဌာနကို အသရေဖျက်မှု၊ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုတို့နဲ့စွပ်စွဲပြီး တရားဆွဲဆိုခဲ့တာပါ။ BBC ကတော့ ပြီးခဲ့တဲ့လအတွင်းက သမ္မတထရန့်ကို တောင်းပန်ခဲ့ပေမယ့် လျော်ကြေးပေးဖို့ တောင်းဆိုမှုကို ပယ်ချခဲ့ပြီး အသရေဖျက်မှုဆိုင်ရာ တရားစွဲဆိုမှုအတွက် အခြေခံမလုံလောက်ဘူးလို့ ဆိုပါတယ်။
ထရန့်ရဲ့ ရှေ့နေအဖွဲ့ကတော့ BBC ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လှည့်ဖြားပြီး မိန့်ခွန်းကို တည်းဖြတ်ထုတ်လွှင့်ခဲ့တာဟာ အသရေဖျက်မှုလို့ ဆိုပါတယ်။ BBC ကတော့ တရားစွဲဆိုမှုကို တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။
၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမတိုင်မီ မှတ်တမ်းရုပ်ရှင်အတွက် BBC ကို တရားစွဲဆို စီစဉ်ထားကြောင်း ထရန့်က ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။ "ကျွန်တော် လုပ်ရမယ်လို့ ထင်ပါတယ်" ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ အဓိကရုဏ်းမဖြစ်မီ ထရန့်က ပြောကြားခဲ့တဲ့ မိန့်ခွန်းရဲ့ အပိုင်းတွေကို BBC က တည်းဖြတ်ထုတ်လွှင့်ရာမှာတော့ ထောက်ခံသူတွေအနေနဲ့ လွှတ်တော်ကို ဝင်စီးပြီး အကြမ်းဖက်တိုက်ခိုက်ကြဖို့ ပြောကြားခဲ့တဲ့ သဘောသက်ရောက်ခဲ့ပါတယ်။
ဒီလိုတည်းဖြတ်ထုတ်လွှင့်ခဲ့တာနဲ့ပတ်သက်ပြီး BBC ညွှန်ကြားရေးမှူးချုပ် တင်မ် ဒေးဗီနဲ့ သတင်းဌာန အကြီးအကဲ ဒက်ဘရာ တာနက်စ်တို့ ရာထူးမှ နုတ်ထွက်ခဲ့ကြပါတယ်။ "သူတို့ လိမ်လည်ခဲ့ကြတယ်။ ကျွန်တော့်ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေကို သူတို့ ပြောင်းလဲခဲ့ကြတယ်။" လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

image

သက်ဆင်ရဲ့ တူဖြစ်သူကို ဝန်ကြီးချုပ်လောင်းအဖြစ် ဖြူထိုင်းပါတီ အမည်စာရင်းတင်သွင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ တည်ထောင်ခဲ့တဲ့ ဖြူထိုင်းပါတီဟာ သက်ဆင်ရဲ့ တူဖြစ်သူကို လာမည့်ရွေးကောက်ပွဲမှာ ဝန်ကြီချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
နိုင်ငံရေးဩဇာကြီးပြီး ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တယောက်ဖြစ်တဲ့ အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ သူ ရာထူးတာဝန်ထမ်းဆောင်စဉ်အတွင်း အဂတိလိုက်စားမှုတွေကြောင့် လက်ရှိမှာတော့ ထောင်ဒဏ်ကျခံနေရပါတယ်။
ဖြူထိုင်းပါတီဟာ ဇီဝဆေးပညာအင်ဂျင်နီယာပါမောက္ခ ယော့ချနန် ဝေါင်ဆာဝပ်ကို ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်လောင်းအဖြစ် ပထမဆုံးအမည်စာရင်း တင်သွင်း ရွေးချယ်ခဲ့ပါတယ်။
အသက် ၄၆ နှစ်အရွယ် ယော့ချနန်ဟာ ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်း ဝေါင်ဆာဝပ်နဲ့ သက်ဆင်ရဲ့ ညီမ ယာအိုဝါပါ ဝေါင်ဆာဝပ်တို့ရဲ့ သားဖြစ်ပါတယ်။ သက်ဆင်နဲ့ သူရဲ့ ဆက်ဆံရေးဟာ ထူးခြားတဲ့အမြင်တခုနဲ့အတူ အားသာချက်ဖြစ်လိမ့်မယ်လို့ ယော့ချနန်က ပြောပါတယ်။
"ဒါက ကျွန်တော်တို့ပါတီအနေနဲ့ အားသာချက်တစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ ပြည်သူတွေအတွက်ဆိုတဲ့ တခုတည်းသော ရှိပြီးသားပါ" လို့သူက သတင်းထောက်တွေကို ပြောပါတယ်။
ယော့ချနန်ဟာ ၂၀၁၄ ခုနှစ်မှာ နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပြီး ရှင်နာဝပ်ထရာ နိုင်ငံရေးမိသားစုရဲ့ အမာခံနယ်မြေဖြစ်တဲ့ ချင်းမိုင်ကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် သက်ဆင်ရဲ့ ညီမ ယင်လပ်ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေက မဲရုံများကို ပိတ်ဆို့ပြီးနောက် တရားရုံးက ရွေးကောက်ပွဲကို ပယ်ဖျက်ခဲ့ပါတယ်။
ယော့ချနန်သည် အာလင်တန်ရှိ တက္ကဆက်တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်နဲ့ ပါရဂူဘွဲ့ ရရှိခဲ့ပြီး ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်ရှိ ဇီဝဆေးပညာအင်ဂျင်နီယာဌာနမှာလည်း စာသင်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယခုလတွင် ကြာရှည်စွာဖြစ်ပွားနေသော ပဋိပက္ခတစ်ခု ပြန်လည်ဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယားနဲ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ သူ့ရဲ့ လုံခြုံရေးမူဝါဒနှင့်ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းခဲ့ရာတွင် ယော့ချနန်က "အချုပ်အခြာအာဏာပိုင်စိုးရေးဟာ ဦးစားပေးဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပြည်သူတွေကို ကယ်တင်ဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။
ကမ္ဘောဒီးယားနဲ့ ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အနည်းဆုံး လူ ၃၂ ယောက် သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ ထိုင်းစစ်သား ၁၆ ယောက်၊ ထိုင်းအရပ်သားတယောက်နဲ့ ကမ္ဘောဒီးယားရှိ အရပ်သား ၁၅ ယောက်ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ နှစ်နိုင်ငံ နယ်စပ်‌မှာ ဒေသခံရှစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။

image