Part-3
သူငယ်ချင်း မောင်သာနိုး
ကိုသာနိုးဟာ တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းတွေမှာလည်း အင်္ဂလိပ်စာကဏ္ဍ စာတည်း၊ မြန်မာစာကဏ္ဍ စာတည်းအဖြစ် ဆောင်ရွက်ရပါတယ်။ ကိုသာနိုးက ကျောင်းသားသမဂ္ဂဘက်မှာ အလုပ်များလို့ ကလောင်ရှင်အသင်းဘက်မှာ သူ ကိုယ်တိုင် မပါနိုင်ပေမဲ့ ကျွန်တော်တို့နဲ့ အမြဲတွဲပြီး အကူအညီပေးလေ့ရှိပါတယ်။ တက္ကသိုလ်မှာ အားလပ်ချိန်ရရင် အတူသွား အတူလာ အတူသီချင်းဆိုကြပါတယ်။ စစ်ကိုင်းတောင်ကို လပြည့်ညတိုင်း အတူတက်ကြပါတယ်။ ကိုသာနိုးက ခရီးသွား တာလည်း ဝါသနာပါတယ်။
တက္ကသိုလ်မှာတော့ ကျွန်တော်တို့အားလုံး ဝင်လိုက်ထွက်လိုက်ပါပဲ။ အပြင်မှာ တော့ ကျူရှင်ပေးကြတယ်။ တင်မိုးတို့၊ မောင်သိန်းနိုင်တို့က မြန်မာစာပြပြီး ကိုသာနိုးက အင်္ဂလိပ်စာပြပါတယ်။ တင်မိုးက သူငယ်ချင်းတွေ တစ်အိမ်တည်း အတူနေဖို့ ကြိုးစားပါတယ်။ သူက သူ့အိပ်ရာ ကိုယ့်အိပ်ရာ၊ သူ့အဝတ် ကိုယ့် အဝတ်၊ သူ့ဆေးလိပ် ကိုယ့်ဆေးလိပ် မခွဲခြားဘဲ နေတတ်သူမျိုးပါ။ ကိုသာနိုးကကျွန်တော့်လိုပဲ သူများနဲ့ အဲသလို ရောရောနှောနှော အိပ်တာ နေတာ မလုပ်တတ် ပါ။ ဒါကြောင့် ကိုသာနိုးနဲ့ တင်မိုးတို့ တစ်အိမ်တည်း အတူမနေဖြစ်ခဲ့ကြပါ ဒါပေမဲ့ နေ ့တိုင်းမဟုတ်တောင် တစ်ပတ်တစ်ခါတော့ ဈေးချိုတော်အနောက်ဘက် အပြင်တန်းက ကိုသန်းညွန့်ရဲ့ စန်းသော်တာစာအုပ်ဆိုင်မှာ ဆုံလေ့ရှိပါတယ်။ အဲဒီကမှ မွေ့ရာတန်းကြားက စိန်လှိုင်ကဖေးမှာ ပန်းချီ၊ ဂီတ၊ သူငယ်ချင်းတွေပါ ဆုံကြပါတယ်။
မန္တလေး ကျူရှင်လောကမှာ ကျင်လည်နေကြစဉ်မှာပဲ မောင်စွမ်းရည်ရဲ့ အနီနှင့်အပြာ ကဗျာစာအုပ်ကို တင်မိုးနဲ့ ကိုညိုကြီးတို့ရဲ့ သပြေစာအုပ်တိုက်က ထုတ်ပါတယ်။ တင်မိုးက ကိုသာနိုးကို ကဗျာအားလုံး ဘာသာပြန်ခိုင်းပါတယ်။ ကြည်အောင်ကတော့ ကိုသာနိုးကို အိုမာရ်ခိုက်ယမ်းရဲ့ ရူဘိုက်ယတ်ကို ဘာသာပြန် ခိုင်းပါတယ်။ ကိုသာနိုးဖတ်နေတဲ့ ဇိုယာနှင့်ရှုရာ ရုရှားစာအုပ်ကလေးကိုလည်း တင်မိုးက ကိုယ်တိုင်မဖတ်ဖူးသေးဘဲ ကိုသာနိုးကို ဘာသာပြန်ပေးဖို့ ပူဆာပါသေး တယ်။ တင်မိုး ရန်ကုန်ဆင်း ကျူရှင်ပြရင်း အိမ်ထောင်ကျသွားတော့ ဒီစာအုပ် ကလေး ဘာသာပြန်ဖြစ်အောင် မလုပ်လိုက်နိုင်ခဲ့ပါဘူး။
နောက်များမကြာခင်မှာပဲ တင်မိုး၊ မောင်သာနိုး၊ မောင်သိန်းနိုင်၊ ပန်းချီ ဝင်းဖေ၊ စန္ဒရားသိန်းမောင်၊ မောင်မိုးသူ စတဲ့ မန္တလေး လူငယ်အနုပညာအသိုင်း အဝိုင်းတစ်ခုလုံးလိုလို ရန်ကုန်ရွှေ့သွားခဲ့ကြပါတယ်။ နောက်ဆုံးတော့ မောင်စွမ်းရည် လည်း ပါသွားပါလေရော။ ဦးလေး လူထုဦးလှက ဗထူးကွင်းက လေ့ကျင့်ထားတာ လေးတွေဟာ မကြာခင် ရန်ကုန်အောင်ဆန်းကွင်း ရောက်သွားကြတာ ဓမ္မတာပါပဲ လေလို့ ပြောလိုက်ရှာပါတယ်။ အားလုံးလိုလို ရန်ကုန်ရောက်သွားပြီးနောက် တော့ ကိုသာနိုးနေတဲ့တိုက်ခန်းနဲ့ နီးတဲ့နေရာကို သွားကြပါတယ်။ ဇွဲတို ့၊ စာပေ လောကတိုရှိတဲ့လမ်းပေါ်က လက်ဖက်ရည်ဆိုင်မှာ စုကြတာပေါ့။ နောက်တော့ တင်မိုးရဲ့ အလုပ်ဌာနဖြစ်တဲ့ ဘီအိုစီကောလိပ်ဟောင်းအနီး သံတဲ လက်ဖက်ရည် ဆိုင်ကို ရွှေ့ကြပါတယ်။
သံတဲလက်ဖက်ရည်ဆိုင်က အခြေခံပညာရေးဌာန၊ ပညာရေး သုတေသန ဗျူရိုနဲ့ နီးတယ်။ အဲဒီမှာ ရန်ကုန် တကသ၊ ဗကသ ရဲဘော်ကြီးများဖြစ်ကြတဲ့ ကိုဘကောင်းတို့၊ ကိုဇော်ဝင်းတို့ ရှိကြတယ်။ သူတို့ရှိရာမှာ အသုံးလုံး (စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှု)မှာ ပါဝင်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ လူစုမခွဲနိုင်သေးဘဲ စုစု စုစုလုပ်နေကြရာက မောင်သာနိုး၊ တင်မိုး၊ မောင်စွမ်းရည်တို့ ရှိရာကို ရွှေ့လာခဲ့ကြပြန်ပါတယ်။ တချို့က ကိုသာနိုးရဲ့ အင်္ဂလိပ်စာသင်တန်းကို တက်ရင်း ကိုသာနိုးနဲ့ပါ ရင်းနှီးခင်မင်သွားကြရာက ကိုသာနိုးနဲ့ အပျော်ခရီးသွားကြ တာတွေ လုပ်ကြပါတယ်။ တင်မိုးနဲ့ မောင်စွမ်းရည်တို ့က တောင်ငူဆောင်ကို အလုပ်ဌာနပြောင်းကြတော့ တောင်ငူဆောင်၊ တောင်ပိန္နဲပင်အောက်က လက်ဖက်ရည် ဆိုင်ကို စာပေဝိုင်း ရွှေ့လာခဲ့ကြတာဟာ ရှစ်လေးလုံးအပြီးလောက်မှာ လူစုကွဲသွား ကြပါတယ်။
ခါတိုင်းတော့ နိုင်ငံရေးအခြေအနေ လှုပ်ခနဲဖြစ်လိုက်တိုင်း ကိုသာနိုး တစ်ယောက် အဆွဲခံရမြဲဖြစ်ပေမဲ့ ဒီတစ်ခါတော့ မောင်မိုးသူ၊ မောင်သိန်းနိုင်နဲ့ ဘယ်တုန်းကမှ အဖမ်းခံရမယ်လို့ထင်မထားတဲ့ တင်မိုးပါ အဖမ်းခံလိုက်ရပါတယ်။ တင်မိုး ထောင်ကထွက်တော့ ဘယ်လ်ဂျီယံကသမီးက နောက်ထပ်အဖမ်းမခံရအောင် သူ့ဆီကိုခေါ်ယူတယ်။ ဘယ်လ်ဂျီယံမှာ စကားပြောဖက်၊ ဆေးလိပ်ဖွာဖက်မရှိလို့ မပျော်ဘူး။ အမေရိကကိုကူးပြီး မန်းစာဂုဏ် သူငယ်ချင်းဆရာ ဦးစောထွန်းဆီကို အရောက်ကူးသွားတယ်။ အဲဒီကမှ သူ့သမီးငယ်ရှိရာ လော့စ်အိန်ဂျလိစ်ကို အခြေချ ပြီးနောက် သူ့အလုပ်ကို စတော့တာပါပဲ။ ပထမအဆင့် မောင်စွမ်းရည်ကို နယ်သာ လန်ကတစ်ဆင့် အမေရိကကို ခေါ်ယူတယ်။ ဆက်လက်ပြီး ကိုသာနိုးကို အိုင်အိုဝါ တက္ကသိုလ်က စာရေးသားမှုအစီအစဉ်ကို မောင်စွမ်းရည်တို့၊ ပန်းချီဝင်းဖေတို့ လာသလို လာရအောင် ဖိတ်ပါလို့ မောင်စွမ်းရည်ကို တိုက်တွန်းတယ်။ ဒီလိုနဲ့ ကိုသာနိုးလည်း ထင်းရှူးပင်ရိပ်ကို ခဏဝင်ခိုလာရပါတယ်။ နောက်မကြာခင် ကိုရီးယားကိုဖိတ်ခေါ်ပြီး မိုးမခပင်ရိပ်မှာ ဆုံဖို့ကြိုးစားခဲ့ကြတဲ့အခါ ကိုသာနိုးပဲ သူ့ ဇနီး နွယ်သာနိုးနဲ့ ရောက်သွားခဲ့ပါတယ်။ ကျွန်တော့်ပါ ဖိတ်ပေမဲ့ မသွားဖြစ်ခဲ့ပါ။
#ဆက်ရန်ရှိ