~~~ အမှတ်တရ ~~~ { ၄ }
#ဂျူး
ကျွန်မ မှတ်မိသလောက် ရာပြည့်ကွင်းတွင် ကျင်းပသည့် မူးယစ်ဆေးဝါးပြပွဲရှိဆေးတက္ကသိုလ် ပြခန်းတွင် ကျွန်မတို့ တာ၀န်ကျသည့် ည၏ နောက်တစ်ပတ် တိတိ အကြာတွင် ဖြစ်သည်။ ထိုနေ့ညတွင် ညနေ ငါးနာရီမှ ည ၁၁ နာရီ အထိ မောင်နှင့် ကျွန်မ နီးကပ်စွာ ရှိနေခဲ့ပါသည်။ ကွယ်ရင်မေ့ပြီး တွေ့ရင်သေအောင် လွမ်းပြတတ်သူဟု (ပထမဆုံး အကြိမ်) ကျွန်မ နာမည်ပေးမိသော ညလည်း ဖြစ်ပါသည်။
မောင်သည် စာရေးမညံ့ပါ။ သို့သော် စာရေးကောင်းသူတစ်ဦးလည်း မဟုတ်။ မောင့်စာကို ဖတ်ပြီး ထိုညက ကျွန်မ အိပ်မပျော်ပါ။ အရမ်းပျော်နေသောကြောင့် ဖြစ်သည်။ စာက တစ်မျက်နှာပင် မပြည့်တတ်ပါ။ ကျွန်မကို ချစ်မြတ်နိုးမိသည့် အကြောင်းကို ရိုးစင်းစွာပင် ရေးသားထား၏။
မောင့်လက်မှတ်ကို ကျွန်မကျောင်းခေါ်ချိန်စာရွက် လက်မှတ်များတွင် မှတ်မိနေလို့သာပေါ့။ မောင်က စာအောက်ခြေတွင် နာမည်လေးမျှပင် ရေးဖော်မရချေ။
သူငယ်ချင်းများကို မောင့် ပထမဆုံးစာရလျှင် အအေးတိုက်မည်ဟု ကတိခံပြီး ဖြစ်သော်လည်း ထိုအချိန်က ဖေဖော်ဝါရီလကြီး ဖြစ်သဖြင့် အခြေအနေအရ ဆီချက်ခေါက်ဆွဲတစ်ပွဲစီ ကျွေးလိုက်ရပါသည်။ မောင့်စာရကတည်းက ကျွန်မ စာပြန်ချင်လှပြီ။
(ကျွန်မက လုံး၀ မမူတတ်သူ ဖြစ်ပါလိမ့်မည်။) သူငယ်ချင်းများက တားထား၏။
“အခုချက်ချင်း စာရ ၊ အခုချက်ချင်း စာပြန်လို့ ဘယ်ဖြစ်မလဲ။ နင်ကလဲ မိန်းကလေးဆိုတာ မူရတယ်ဟဲ့” ဘာညာ အကြံဉာဏ်ပေးကြ၏။
ကျွန်မ စိတ်ကို ကွေးကောက်နေအောင် ထိန်းချုပ်၍ သူငယ်ချင်းများ၏ အမိန့်အရ ဒုတိယအမ်ဘီ အတန်းတင် စာမေးပွဲကြီးအပြီး အောင်စာရင်းထွက်သောနေ့က စာပြန်လိုက်လေသည်။ စာပြန်တော့လည်း မောင့်အခန်းနံပါတ်ကို ကျွန်မ မသိ။ အောင်ဆန်းဆောင်မှန်းသာ သိသည်။(အဲသည်တုန်းက မောင် အဆောင်နေသေးသည်) မောင်စာထည့်သလို မောင့်နာမည်ရဲ့ နောက် က ကွင်းစ ၊ ကွင်းပိတ်ထဲမှာ မောင့်မြို့နာမည် နှင့် မောင့်အတန်းတို့ကို ရေးပေးလိုက်သည်။
နောက်တစ်နေ့ ဇီဇဝါဆောင်သို့ မောင်ရောက်လာပါသည်။ ကျွန်မ အဲသည်နေ့က မောင့်ကို ဆင်းတွေ့ဖို့ မိနစ် ၂၀လောက် စဉ်းစားယူရသည်။ ကျွန်မ မောင့်ကို မျက်နှာချင်း မဆိုင်ရဲလောက်အောင် ရှက်နေခဲ့ပါသည်။ အချစ်ဟူသည် ရှက်စရာဟု ကျွန်မ မထင်ခဲ့ဖူးသော်လည်း မောင့်ကို ချစ်တယ် .. ဟူသော စာကလေးတစ်ကြောင်း ရေးလိုက်မိသောကြောင့် ကျွန်မ မျက်နှာ ပူနွေးခဲ့ရသည်။ အဆောင်ရှေ့က ဗာဒံပင်အောက်မှာ မောင် အကြာကြီး ရပ်စောင့်နေသည်ကို ကျွန်မ အခန်းပြတင်းနောက်ကွယ်မှ ချောင်းကြည့်ရင်း ရင်ခုန်မောပန်းနေ၏။
ဘယ်လိုမှ ကြိုးစားအားတင်း၍ မရသောအခါ သူငယ်ချင်းကို စာတိုလေးရေး၍ သွားပေးခိုင်းလိုက်ရ၏။
“မောင် ၊ သိပ်စပ်စုတဲ့ မျက်လုံးတွေ အောက်မှာ မောင့်ကို ကျွန်မ လာမတွေ့ရဲဘူး ၊ မနက်ဖြန် ညနေ ၄ နာရီ ကျွန်မ ပြန်မှာ ၊ ခေတ္တရာ မန်းကားဂိတ်ကို ၂ နာရီလောက် လာခဲ့လေ။ အဲဒီကျမှပဲ တွေ့ရအောင်နော် ၊ ကျွန်မ ရှက်တယ်”
ဟု ရေးလိုက်သော စာတိုကလေးကို မောင်ဖတ်နေသည်ကို ကျွန်မ ရင်ခုန်ကြည်နူးစွာ ချောင်းကြည့်နေမိသည်။ မောင်နှုတ်ဆက်၍ ထွက်သွားမှ ကျွန်မ ငိုချင်သလို ခံစားလိုက်ရသည်။
“ငါ မှားသွားပြီလား” ဟု အထပ်ထပ်အခါခါ စဉ်းစားပြီး ကျွန်မ စိတ်ဆင်းရဲနေသည်မှာ တစ်ညနှင့် တစ်နေ့ ဖြစ်သည်။ မောင်စိတ်ဆိုးမှာကို အဲသည်ကတည်းက စိုးရိမ်ပူပန်တတ်သူပါကွယ်။
မောင့်ကို ကျွန်မ ချစ်သူအဖြစ် သတ်မှတ်သည့်နေ့သည်ပင် ကျွန်မနှင့် မောင် တစ်နယ်စီ ခွဲရမည့် နေ့ဖြစ်ခဲ့၏။ ဤသည်မှာ ကျွန်မတို့ နှစ်ဦးအတွက် မကောင်းသောနိမိတ်ဆိုး ဖြစ်ဟန်တူပါသည်။ မောင့်အနေနှင့်တော့ မသိ။
ကျွန်မ အနေနှင့်တော့ မောင့်ကို ခွဲခွာရသည့် ဝေဒနာနှင့် ပထမဆုံး ကြုံမိစေသော ကိုယ့်ကိုကိုယ်သာ ထပ်တလဲလဲ အပြစ်တင်လျှင် ရင်နာမဆုံး ဖြစ်ရသည်။ ဘာကြောင့်များ ကျောင်းပြန်ဖွင့်ပြီး ပြန်ဆုံရတဲ့နေ့ကို မရွေးမိလေသလဲနော်။
ကျွန်မ ပြန်မည့်နေ့က ချိန်းသည့်အတိုင်း မောင် နေ့လယ် နှစ်နာရီ ကတည်းက စောင့်နေပါသည်။ ကားဂိတ်ကလူရှုပ်သဖြင့် ပစ္စည်းများနေရာချပြီး နောက် စျေးချိုနားက လက်ဖက်ရည်ဆိုင် တစ်ခုမှာ ကျွန်မတို့ နှစ်ယောက် တွေ့ကြသည်။ နှစ်ယောက်တည်း တွေ့ရတော့လည်း ရှက်နေခဲ့တာပါပဲ။ မောင်ကလည်း ရှက်နေပြီး ကျွန်မကို တည့်တည့်မကြည့်။ ကျွန်မကလည်း ရှက်နေပြီး မောင့်မျက်နှာကို တည့်တည့်မကြည့်။ လက်ဖက်ရည်ပန်းကန်များ ကိုသာ ငုံ့စိုက်ကြည့်ပြီး သောက်လည်းမသောက်ကြပါ။
“စာရေးနော်”
ကျွန်မ ခေါင်းညိတ်ပြလိုက်ပါသည်။ ခေါင်းညိတ်ပြသော်လည်း ကျွန်မမောင့်လိပ်စာကို မသိ။မေးဖို့ သတိရသော်လည်း စကားမဆိုရဲပါ။ မောင်ကလည်း မေ့သေးသည် တော်တော်ကြီးကြာမှ
“ကျောင်းဖွင့်ရင် ချက်ချင်း ပြန်လာနော် သိလား” ဟု ဆိုပြန်သည်။
#ဆက်ရန်ရှိ
