လက်ထပ်လက်စွပ်ဆိုတာ.....
ကမ္ဘာပေါ်မှာ အသေးငယ်ဆုံးသော လက်ထိပ်ပဲတဲ့...။
ဒါပေမယ့်... အဲဒီလက်ထိပ်ဟာ မိန်းမတွေကိုပဲ ခတ်လိုက်တာ..... ။
အဲဒီစကားကို ကျွန်မရေရွတ်တိုင်း အစ်ကိုက ဟက်ဟက်ပက်ပက်ရယ်
တတ်သည်။
ထောက်ခံလို့ပဲ အရှက်ပြေရယ်တာလား..... ။
မထောက်ခံလို့ပဲ ခနဲ့ပြီးရယ်တာလား..... ။
သိပ်မသဲကွဲပေမယ့် ကျွန်မကတော့ အစ်ကို့ရယ်သံတွေထဲမှာ အမြဲတမ်း
သူ့ရဲ့အတ္တတွေကို တွေ့တတ်သည်။
အချိန်တန်ရင်.... ကိုယ့်အိမ်မှာကိုယ်နေပြီး အိမ်အလုပ်လေးတွေလုပ်..
ကလေးတွေနဲ့အတူတူနေပြီး သက်တောင့်သက်သာနေရမှာပဲကို
အဲသလောက်အပင်ပန်းမခံစမ်းပါနဲ့ဟု..... ကျွန်မ စာကြည့်တိုက်မှာ
စာမေးပွဲအတွက်ပြင်ဆင်တိုင်း အစ်ကိုဆိုတတ်သည်။
အစ်ကို့ပြောသော သက်တောင့်သက်သာဆိုတဲ့ဘဝကို ကျွန်မ
တွေးကြည့်ဖူးသည်။
မိန်းမတွေဟာ တကယ်ပဲကလေးလေးတွေနဲ့အတူတူနေပြီး
အိမ်အလုပ်တွေလုပ်ရင်း သက်တောင့်သက်သာရှိနေကြပါသလား... ။
သက်တောင့်သက်သာရှိတယ်ဆိုတာရဲ့အဓိပ္ပာယ်ကိုကော အစ်ကိုဟာ
တိတိကျကျမှ သိပါရဲ့လား..... ။
အစ်ကိုသိမသိကိုတော့ ကျွန်မ သေချာမတွေးတတ်....။
သိရက်သားနဲ့လား.... မသိလို့ပဲလားဆိုတာ.... အစ်ကိုမှပဲသိမှာ.... ။
ယောက်ျားတွေက တစ်ယောက်တည်းရှင်သန်မရပ်တည်နိုင်တဲ့အမျိုးအစားလို့ ကျွန်မစွပ်စွဲတဲ့အခါတိုင်း အစ်ကိုက ဒေါသထွက်တတ်သည်။
ပြီးတော့.... ယောက်ျားတွေဟာ မိန်းမတွေအပေါ် အချစ်မပါလည်း
ခံစားလို့ရတယ် ဆိုတဲ့အချက်ကိုလည်း သူဟာ ဝူးဝူးဝါးဝါးတွေနဲ့
ပေါက်ကွဲတတ်သေးသည်။
လူတွေဟာ ....
အထူးသဖြင့်.... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ....
တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြတယ်ဆိုတာနဲ့......
မဖြစ်မနေ လက်ထပ်မှရမှာလား..... ။
တစ်ယောက်ရင်ထဲမှာတစ်ယောက်ကိုသိမ်းထားပုံချင်း ပမာဏတူသွား
တာနဲ့ပဲ လက်ထပ်ကြရမှာလား..... ။
တစ်ယောက်ယောက်ကိုပိုင်ဆိုင်ချင်သွားတဲ့အတ္တဆိုတာ ဘယ်လောက်
ပူလောင်ပြင်းရှပြီး အန္တရာယ်များလိုက်သလဲ..... ။
ပြီးတော့.... ဘယ်လောက်တောင်မှပဲ အထီးကျန်ဆန်လွန်းစေတတ်
သလဲ.... ။
ကိုယ်ကချစ်သလို ကိုယ့်ကိုပြန်မချစ်မှာ....
ကိုယ်ဂရုစိုက်သလို ကိုယ့်ကိုပြန်ဂရုမစိုက်မှာ....
ကိုယ့်တစ်ယောက်တည်းကိုပဲ မကြည့်မှာ.... ။
ကိုယ့်ရဲ့မနက်နဲ့ည အရာရာကို တစ်ဦးတစ်ယောက်တည်းက ထိန်းချုပ်
ထားမှာ.... ။
ကိုယ့်ရဲ့အတွေးတွေကို တစ်စုံတစ်ခုတည်းကပဲ ဘောင်ခတ်ထားမှာ.. ။
တစ်ယောက်ရဲ့တာဝန်ကို တစ်ယောက်ကယူရဦးမှာ.... ။
မနက်စောစောမထတတ်တဲ့ကျွန်မဟာ တစ်ယောက်ယောက်အတွက်
မနက်စာကို စိတ်ပါလက်ပါပြင်ဆင်ပေးနိုင်ပါ့မလား.... ။
ကိုယ်တိုက်ချက်ပြုတ်လေ့သိပ်မရှိတဲ့ကျွန်မက အဲဒီတစ်စုံတစ်ယောက်
အတွက် နေ့လည်စာညစာချက်ပြုတ်ပြင်ဆင်နိုင်ပါ့မလား.... ။
ကော်ဖီတစ်ခွက်ရယ် သီးချင်းသံခပ်ဆူဆူတွေနဲ့
ညလုံးပေါက်ရင်ပေါက်တတ်တဲ့ညတွေမှာ ကိုယ့်ဘေးက
တစ်ယောက်ယောက်အတွက် အသံတိတ်ပေးနေနိုင်ပါ့မလား... ။
ကျွန်မအတွက်တော့ အဲဒီအရာတွေအားလုံးဟာ ငြီးငွေ့ဖွယ်ရာတွေပဲ
ဖြစ်နေခဲ့သည်။
အစ်ကို့ဆီက လက်ထပ်ကြစို့.... ဆိုတဲ့စကားဟာ ကျွန်မကိုချောက်
နက်နက်ထဲ တွန်းချတော့မလိုပဲ ခံစားရသည်။
ဘာကြောင့်ပါလိမ့်... ။
အစ်ကို့ကို ကျွန်မ မချစ်လို့များလား... ။
အစ်ကို့ကို ကျွန်မ မချစ်တော့တာများလား.... ။
ဒါတော့မဟုတ်... ။အစ်ကို့ကို ကျွန်မချစ်သည်။
အစ်ကိုပြုံးနေတာလေးကအစ ဒေါသထွက်နေတာလေးအထိ ကျွန်မ
ချစ်သည်။
ဒါဆို....ကျွန်မဟာ ကျွန်မကိုယ်ကျွန်မပဲ ပိုချစ်နေတာများလား။
တစ်ယောက်အတွက်တစ်ယောက်က အတ္တတွေကိုစွန့်လွှတ်နိုင်ပြီဆိုမှ
တစ်ယောက်ယောက်ရဲ့ဘဝထဲကိုဝင်ပါ... ဆိုတဲ့စကားလိုပဲပေါ့... ။
သူ့အတွက်ရယ်လို့ အသာတကြည်စိတ်လိုလက်ရ လိုက်လျော
အလျှော့ပေးချင်စိတ် မရှိသေးသရွေ့.....
ကျွန်မရဲ့အတ္တဟာ ကျွန်မဆီကနေ ကြာကြာကင်းကွာမသွားနိုင်သေး
သရွေ့ကတော့
ကိုယ်တို့လက်ထပ်ကြစို့.... လို့ အစ်ကိုတစ်ခါပြောတိုင်း
အဲဒီစကားကိုပဲ အခါခါ ထပ်ရေရွတ်ဖြစ်ဦးမည်ထင်ပါသည်။
လက်ထပ်လက်စွပ်ဆိုတာ.....
ကမ္ဘာပေါ်မှာ အသေးငယ်ဆုံးသော လက်ထိပ်ပဲတဲ့...။
ဒါပေမယ့်...
အဲဒီလက်ထိပ်ဟာ မိန်းမတွေကိုပဲ ခတ်လိုက်တာပဲမလားကွယ်....။
💙💙💙💙💙💙
လက်ထိပ်လေးတစ်စုံ....
ညတာရာလင်း(ထားဝယ်)
15.6.2024
9:28 pm
#ညတာရာလင်း