Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပေါက်တောမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ နှစ်ယောက်သေပြီး လေးယောက်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ်၊ဂြင်းဒွေရွာမှာ စစ်လက်ကျန်ဗုံးသီးတလုံးပေါက်ကွဲပြီး နှစ်ယောက်သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဖေဖော်ဝါရီ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
"မနေ့ကညနေ ၃နာရီလောက်မှာ ဗုံးသီးပေါက်ကွဲမှုဖြစ်သွားတာ။ ဖြစ်တာက အခုဒဏ်ရာရတဲ့အထဲကကောင်လေးက ဗုံးသီးကို ကောက်တွေ့လို့ ယူလာပြီး ရွာရောက်တော့ သူတို့သူငယ်ချင်းတွေစုပြီး ဗုံးသီးကိုထုကြည့်ကြရာကနေ ပေါက်ကွဲပြီးခုလိုတွေဖြစ်ကုန်တာ။ နှစ်ယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီးပဲ။ ကလေးတွေလည်းမဟုတ်ဘဲ ခုလို ဗုံးသီးကို ထုကြည့်တာ အရမ်းမိုက်မဲတယ်။မဖြစ်သင့်တာတွေ ဖြစ်ကုန်ရပြီ" လို့ စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။
ဗုံးသီးပေါက်ကွဲမှုကြောင့် သေဆုံးတွေက အသက် ၂၀ အရွယ်အမျိုးသားနဲ့ ၁၈ နှစ်အရွယ် အမျိုးသားတို့ဖြစ်ပြီး ဒီနေ့ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။
ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့ အသက် ၁၅ နှစ်အရွယ်အမျိုးသားနှစ်ယောက်၊၁၇ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ဖြစ်ပြီး လက်ရှိမှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
မောင်တောမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁ဝ ရက်နေ့က စစ်ကျန်လက်နက်ဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး တယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ၊ဂွမြို့နယ်၊တိုင်ကျိုးကျေးရွာမှာ စစ်ကျန်လက်နက်ပစ္စည်းဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် သုံးယောက်သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ
စစ်လက်ကျန် ဗုံးသီးတွေ၊ မြေမြုပ်မိုင်းတွေနဲ့ မပေါက်ကွဲပဲကျန်ရစ်ခဲ့တဲ့ လက်နက်ကြီးကျည်ဆန်တွေ တွေ့ ရှိပါက ဒေသခံပြည်သူတွေအနေနဲ့ အဝေးမှရှောင်ရှားရန်နဲ့ ထိတွေ့ကိုင်တွယ်ဆော့ကစားခြင်းမလုပ်ရန် ဒေသခံပြည်သူတွေကို စစ်ရှောင်အရေးကူညီပေးနေသူတွေက ပညာပေး လုပ်ငန်းတွေ ဆောင်ရွှက်နေပေမယ့် လည်း ဗဟုသုတအားနည်းမှု ကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Photo -CJ
#centralnewsnaypyitaw
ကျားဖြန့်ဂိုဏ်းတွေကို တယောက်မကျန်ဖမ်းဖို့ဆိုကာ BGFက နှိမ်နင်းရေး အထူးတပ်ဖွဲ့ဖွဲ့
ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်ထဲက ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခို ကူးသူတွေကို နှိမ်နှင်းဖို့ဆိုပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF က ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
BGF ခေါင်းဆောင် တွေဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ ၊ဗိုလ်မုတ်သုန်နဲ့ဗိုလ်တင်ဝင်းတို့ကို ထိုင်းက ဖမ်းဝရမ်းထုတ်ဖို့ သတင်းထွက်အပြီးမှာ BGF ဘက်က ကျားဖြန့်နှိမ်နင်းဖို့အထူးအဖွဲ့ ကိုဖွဲ့စည်းကြောင်း အသိပေးလာတာဖြစ်ပါတယ်။
ဒါအပြင် ဗိုလ်မှူးကြီးစောချစ်သူကလည်း မကြာခင်မှာ လူမှောင်ခို ကျားဖြန့်ဂိုဏ်းကို နှိမ်နင်းပြီး တယောက်မကျန်ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံကိုပြန်ပို့ပေးမှာဖြစ်ကြောင်း မီဒီယာအချို့ကို ပြောဆိုထားတာတွေ့ရပါတယ်။
“ လူမှောင်ခို ကျားဖြန့်နှိမ်နင်းရေး အထူးအဖွဲ့ကို ကျနော်တို့ ဖွဲ့ပြီးတော့ ဖမ်းမှာ။ လုံးဝ တယောက်မကျန် ဖမ်းပြီးတော့ ကျနော်တို့ ပြန်ပို့မှာ။ ကျွန်တော်လည်း ဘာမှ အကျိုးစီးပွားမခံစားရဘူး။ သူတို့လာပြီး မသမာတဲ့ စီးပွားရေးလုပ်တာ။ကျွန်တော်တို့က မြေငှားရမ်းခလောက်ပဲ ခံစားရတာ။ နောက်ဆုံးမှာ ကျနော်တို့ပဲ ဆိုးဆိုးဝါးဝါး နာမည်ပျက်သွားတာ။ ကျနော်တို့နိုင်ငံသားလည်း မဟုတ်ပါဘူး။ အဲဒါ ကျနော် လုပ်ပြပါမယ်” လို့ ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုထားပါတယ်။
လက်ရှိဖွဲ့စည်းလိုက်တဲ့ ကျားဖြန့် လူမှောင်ခို နှိမ်နှင်းရေး အထူးတပ်ဖွဲ့မှာ ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး စောဒိဒိ ၊ ဖွဲ့ ၁ ခေါင်းဆောင် ဗိုလ်မှူးကြီး စွန်းထင်း ၊ အဖွဲ့ ၂ ခေါင်းဆောင် ဗိုလ်မှူးကြီး စောပါပီ ၊ အဖွဲ့ ၃ ခေါင်းဆောင် ဗိုလ်မှူးကြီး စောမောင်တူးတို့ ပါဝင်ပါတယ်။
BGF အနေနဲ့ အခုလို ကျားဖြန့် ငွေလိမ်ဂိုဏ်တွေကို နှိမ်နင်းပပျောက်အောင် အထူးတပ်ဖွဲ့ဖွဲ့ပြီး ဆောင်ရွက်မယ်ဆိုတဲ့အပေါ် ဒေသခံပြည်သူတွေကတော့ အလုံးစုံယုံကြည်မှုမရှိဘူးလို့ ဝေဖန်ပြောဆိုထားပါတယ်။
" ရွှေကုက္ကိုလ်မှာ ကျားဖြန့်တွေရှိတယ်။လူမှောင်ခိုကူးတာတွေရှိတယ်ဆိုတာသူတို့နဂိုကတည်းကသိပြီးသားပါ။ဒါပေမယ့်ဘာလုပ်ခဲ့လို့လဲ။ဘာမှမလုပ်ခဲ့ဘူး။အခုလည်းထိုင်းက တော်တော်လေးကို ကြပ်လာလို့သူတို့စာထုတ်တာတွေ အဖွဲ့ဖွဲ့တာတွေလုပ်တာပဲ။အခုသူတို့ဘာတွေလုပ်မလဲ ဘယ်လိုအရေးယူမှာလဲ ဘယ်လောက်အထိ ထိရောက်အောင်လုပ်မလဲဆိုတာ ကျွန်တော်တို့မြဝတီဒေသခံတွေတင်မကဘူး ထိုင်းရော တနိုင်ငံလုံးကပါကြည့်နေတာ။လုပ်ရင်တောင်ဟန်ပြပဲနေလိမ့်မယ်။သူတို့မှာဒီလုပ်ငန်းတွေကရတဲ့ငွေတွေနဲ့ပဲ လည်ပတ်နေရတာ။" လို့ မြဝတီမြို့က လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်သူက ဝေဖန်သုံးသပ်ပြောပါတယ်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့လူမှောင်ခိုကူးမှုတွေကို ရွှေကုက္ကိုလ်ဘက်မှာအဓိကလုပ်ကိုင်နေတာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။
လက်ရှိမှာတော့ BGF ခေါင်းဆောင်ဗိုလ်မှူးကြီး စောချစ်သူကို ဖမ်းဝရမ်းထုတ်ဖို့ ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ ၊ ဗိုလ်မုတ်သုန် နဲ့ ဗိုလ်တင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ သက်သေအထောက်အထားတွေနဲ့ တင်ပြခဲ့ပေမယ့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSIသက်သေမလုံလောက်ဘူးဆိုပြီး ပယ်ချလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Photo -CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး