Part-1
ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့
________________________________ဂျူး
နင့်အပြုံးကြောင့် … ငါ့ကိုယ်ငါ ရှက်သွားတယ်ဆိုရင် နင်အံ့သြမိမလားမသိဘူး။ ... တကယ်ကို ငါရှက်သွားတယ်။ အမှန်က နှစ်နှစ်တောင် ကြာခဲ့ပြီပဲ။ ဒီလောက်ကြာမှတော့ တစ်ဖက်က ပြောင်းလဲတဲ့ အခြေအနေကို … လိုက်ပြီး ငါ့ဘက်ကလဲ ပြောင်းလဲသင့်တာပေါ့။ အနည်းဆုံးဟာ.. နင်ပြုံးပြလိုက်တဲ့ အပြုံးမျိုးလေးကိုတော့ ငါတုံ့ပြန်နိုင်ဖို့ သင့်တာပဲ။ ဒါပေမယ့် နင်ပြုံးသလို ငါမပြုံးတတ်ဘူး။ ဒီအတွက် ငါ့ကိုယ်ငါ ရှက်တယ်။
နင့်အပြုံးမှာ ငါ.. ဘာအရိပ်အယောင်ကိုမှ မတွေ့လိုက်ဘူး။
သံယောဇဉ် အရိပ်အယောင်ကိုလည်း မမြင်၊ ကြင်နာရိပ်ဆိုတာလည်း မတွေ့၊ တမ်းတတဲ့ အနေအထားမျိုးလည်း မရှိ၊ လွမ်းရိပ်ဆိုတော့ ဝေးရော။ ငါ ချီးကျူးပါတယ်။ ဒါလောက်သန့်စင်တဲ့ အပြုံးမျိုးကို ပြုံးနိုင်လို့ နင့်ကို ငါချီးကျူးပါတယ်။
ငါ နင့်ကို တွေတွေဝေဝေ ကြည့်ရင်းက ပြန်ပြုံးပြဖို့ ကြိုးစားလိုက်ပါသေးတယ်။ ပြုံးတော့ ပြုံးလိုက်တာပဲ။ ဒါပေမယ့် … ငါသိလိုက်ပါတယ်။ ငါ့နှုတ်ခမ်းတွေ လှုပ်သွားကြပေမယ့် အပြုံးတစ်ခု ဖြစ်မသွားဘူးဆိုတာ။ အဲဒီလို သိလိုက်တဲ့ အချိန်မှာပဲ ဝမ်းနည်းမှုနဲ့အတူ ရှက်ကြောက်မှုကိုပါ ငါခံစားလိုက်ရတယ်။ ငါ့ရှေ့မှာ လာရပ်တဲ့ နင့်ကို မကြည့်ရဲသလို ဖြစ်နေတယ်..။
အမှန်ကတော့ နင့်ကို အဝေးကတည်းက မြင်ပြီးသားပါ။
ဟို... အဝေးကတည်းက နင်မှန်းသိပြီးသားပါ။ ငါ ဘယ်လို မေ့နိုင်မှာလဲ။ ဒီလို လမ်းလျှောက်ဟန်၊ ဒီလိုပုံစံကို ငါ ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။
ထဘီကို ညာဘက်ခါးမှာ လာညှပ်ထားပြီး ကလည်း နင်လမ်းလျှောက်တဲ့ပုံက တစ်မျိုး။ မျက်နှာကို ခပ်ပင့်ပင့် ကြော့ကြော့လေး လျှောက်တာမျိုးမှ မဟုတ်ဘဲ နင်က မျက်နှာကို အမြဲတမ်း ငုံ႔ထားတာနော်။ ညာဘက်ကို ခေါင်းငဲ့ထားတော့ ဖြန့်ချထားတဲ့ ဆံပင်တွေက ညာဘက်ပိုကျနေသလိုထင်ရတယ်။ ထဘီကို ညာဘက်ခါးမှာ လာညှပ်ထားပြီး ထဘီဘေးအနားကို … ခပ်လျော့လျော့ ဖိထားတတ်တယ် မဟုတ်လား။ နင့်ထဘီက ခြေမျက်စိဖုံးတာထက်တောင် ကျော်ချင်သေးတယ်။
ကိုယ်ကို နွဲ့တာလည်း မဟုတ်ဘဲနဲ့ ယိုင်ယိုင်လေး လျှောက်တတ်တဲ့ နင့်ဟန်ကိုလေ.. ငါဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။
ဒီတော့လဲ.. ဟို.. အဝေးမှာကတည်းက နင်မှန်းသိလိုက်တယ်။ နှစ်နှစ်လောက် မမြင်ရတဲ့ နင့်သဏ္ဍာန်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ အမှန်အတိုင်းဆိုရင် နင့်ကို ငါမတွေ့ချင်ဘူး။ မတွေ့ချင်ဘူးဆိုတာမှာလဲ နင့်ကိုတွေ့ရင် ခံစားလိုက်ရမယ့် ဝေဒနာကို ငါကြောက်လို့ပါပဲ။
ဒါပေမယ့် ဘယ့်နှယ်လုပ်မလဲ.။
ငါ ရပ်နေရာကနေ ရှေ့ဆက်လျှောက်ရင် နင်နဲ့ပိုနီးမယ်။ နောက်ကိုလည်း လှည့်သွားလို့ မဖြစ်ဘူး။ ဖူးစာကုန်းဆိုတာက လာလမ်း အပြန်လမ်း ဒီတစ်လမ်းပဲရှိတဲ့ မြစ်ကမ်းပါးကြီး မဟုတ်လား။ ငါ နောက်ဆုတ်သွားလို့မှ မဖြစ်ဘဲ။ အပြန်လမ်းကို ဆက်လျှောက်ဖို့ကျတော့ နင်က လျှောက်လာနေပြီ။
ဘာလုပ်ရမှန်း မသိတဲ့အတူတူတော့ ရပ်နေလိုက်တာဟာ အကောင်းဆုံးပဲလေ။
နင်ငါ့ကို အဝေးတုန်းက လှမ်းမြင်မှာ မဟုတ်ပါဘူး။ နင်က လမ်းလျှောက်ရင် နင့်ရှေ့နှစ်ကိုက်လောက်က မြေပြင်ကိုပဲ ငေးနေတတ်တယ် မဟုတ်လား။ ငါကတော့ ပြန်မယ်လို့ လမ်းဘက်ကို ခြေစ,ထားတဲ့သူ။ ဒီတော့ ငါကပဲ စ.မြင်တယ်။
နင်တော့မသိဘူး။ ငါတော့ မြင်မြင်ချင်း တုန်လှုပ်သွားတာပဲ။ နင့်ဆီက မျက်နှာလွှဲပြီး ရှေ့က မြက်ပင်လေးတွေကို ငေးကြည့်နေမိတာ..။ နင် ငါ့မြင်ကွင်းထဲ ရောက်လာတဲ့ထိပဲလေ။
ငါ့ကို လှမ်းမြင်ရင် နင်လာလမ်းကိုများ ပြန်လှည့်မလားလို့ ပထမ တွေးမိသေးတယ်။ ဒါပေမယ့် နင်ကပညာရှိပဲ။ လူမိုက်အလုပ်ကို မလုပ်ဘူးဆိုတာ တွေးမိပါတယ်။
စ,မြင်လိုက်တုန်းက ဆုံရင် ပြုံးပြရမလား၊ ဘယ်လို ပြုံးရမလဲ … စဉ်းစားထားတယ်။ စဉ်းစားလို့ မရဘူး။ နင်ကတော့ တော်ပါတယ်ဟာ၊ သွားရင်းဟန်လွဲ မိတ်ဆွေပြုံးနဲ့တောင် ငါ့ကို နှုတ်ဆက်တတ်နေပြီပဲ။
“တစ်ယောက်တည်းလား…."
ကြည့်စမ်း..။ ငါ့ရင်ထဲမှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ နင်တွေးမိရဲ့လား။ မေးရက်လိုက်တာ။ နင်ပဲ ငါ့ကို တစ်ယောက်တည်း ထားပစ်ခဲ့တာမို့လား။
ဒီတစ်ခါတော့ ခေါင်းညိတ်ဖြစ်ပါတယ်နော်။ နင့်ကို ကျေးဇူးတင်ပါတယ်။ ငါနှုတ်ဆက်ရခက်၊ အပြုံးရခက်နေတဲ့ ဒီအချိန်မှာ နင်က စ,နှုတ်ဆက်လို့။ (ရင်လဲနာရပါတယ်)
‘တစ်ယောက်တည်းလားလို့ မေးခံရတဲ့ ဝေဒနာဟာ တစ်ယောက်တည်း ထားခဲ့လို့ ခံရတဲ့ ဝေဒနာနဲ့ မထူးပါဘူးဟာ။ ရင်နာနာနဲ့ နင့်ကိုငေးနေတဲ့အချိန်မှာ ငါ့လက်ဖျားတွေ အေးစက်လာလို့ ငါ့လွယ်အိတ်ကို တင်းတင်း ဆုပ်ကိုင်လိုက်ရတယ်။
တုန်ယင်နေတဲ့ ငါ့အထက်နှုတ်ခမ်းကြောင့်လား..။
ဝေဒနာရိပ်လွှမ်းနေတဲ့ ငါ့မျက်လုံးကြောင့်လား..။
ဟန်လုပ်ပြီး ခပ်မော့မော့ရပ်နေပေမယ့် ယိုင်နွဲ့နေတဲ့ ငါ့ဟန်အစစ်ကို နင်တွေ့သွားလို့လား..။
လွယ်အိတ်ကိုပဲ ဖိဆုပ်ထားတဲ့ ငါ့လက်တွေကတစ်ဆင့် လှုပ်ရှားနေတဲ့ ငါ့စိတ်ကို ရိပ်မိသွားလို့လား.. ကွဲကွဲပြားပြားတော့ မသိဘူး။ အဲဒီထဲက တစ်ခုခုကြောင့်ပဲ ထင်တယ်။ နင့်အပြုံးက မှိန်သွားတယ်။ နောက်ပြီး ငါ့အထင်က သံယောဇဉ်ရိပ်ကလေးကိုလဲ နှင့်မျက်လုံးမှာ တွေ့လိုက်ရသလိုပဲ။
ဒီနှစ်နှစ်အတွင်းမှာ နင့်ပုံစံကလဲ ဘာမှ မပြောင်းလဲပါလား။
ဆံပင်ကို အရင်တုန်းကလိုပဲ နဖူးပေါ်က အားလုံးသိမ်းပြီး နောက်ကိုလှန်ထားတယ်။ နင့်နဖူးက အလျင်လို ရှင်းနေတုန်းပဲ။ နားသယ်စပ် နှစ်ဖက်ဆီမှာတော့ အလျင်လို ဆံပင်တွေက အုပ်ပြီးကျနေတယ်။ မျက်ခုံးကလဲ ခပ်ပါးပါး ခပ်မျှင်မျှင်ပဲ။ အလျင်ကလိုပါပဲ။ ဘာကိုမျှ ထပ်ဖြည့်ဆွဲထားတာ မရှိပါဘူး။ အို.. ဘာမှကို မပြောင်းလဲသေးပါဘူးလေ။ ပြောင်းလဲတာကတော့ အချိန်တွေရယ်၊ နင့်သဘောထားတွေရယ်။
ဪ... ကြည့်ပါဦး..။
နင့်ဆံပင်မှာ စကားပွင့် ဖြူဖြူလေးကလဲ အရင်လိုပါဘဲလား။ စကားပွင့်လေးကို … ငါငေးနေမိတာ အကြာကြီးပဲ။ နင်ကလဲ ငါ့ကို ငေးနေပါတယ်။ နင်ဘာတွေ တွေးနေမလဲ။
ငါ့ပုံစံ ဘာမှ မပြောင်းလဲသေးတာကို နင်တွေးနေမှာပေါ့..။
ငါ့ဆံပင်ကို အရင်လို ညာဘက်က ခွဲထားသလား နင်ကြည့်မယ်။ အင်္ကျီ လက်ကို ကြယ်သီးမတပ်ဘဲ အရင်လို ဖိုးရိုးဖားရား ချထားလား.. နင်ကြည့်မယ်။ အပေါ်ဆုံး ရင်ဘတ်ကြယ်သီးကို အရင်လိုဖြုတ်ထားသလား.. နင်ကြည့်မယ်။ လွယ်အိတ်ကို အရင်လို ပခုံးစလွယ်သိုင်း လွယ်သေးသလား..နင်ကြည့်မယ်။
#crd