တာချီလိတ်မြို့၌ စက်သုံးဆီသယ်ယာဉ်များရောက်ရှိ၍ ဈေးနှုန်းသက်သာစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးညှိနှိုင်းဆွေးနွေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စက်သုံးဆီသယ်ယာဉ်များရောက်ရှိ၍ ဈေးနှုန်း သက်သာစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှု မဖြစ်ပေါ်စေရေးညှိနှိုင်း ဆွေးနွေးခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ချမ်းမြေ့ဝင်း၊ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးထွန်းနေဦး၊ ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးစိုင်းစိုင်းနှင့် ဆီလုပ်ငန်းရှင်များက ဖန်မင်ကျေးရွာ အုပ်စု၊ ဧဒင်ကျေးရွာရှိ ရန်ကင်းဆီပန့်သို့ ရောက်ရှိလာသော ဆီသယ်ယာဉ် ၁၁ စီးကို တာဝန်ရှိသူများက ဆီအရည်အသွေးများအား တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ထို့နောက် ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းခဲ့သဖြင့် ဒေသတွင်း စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် Max Mega Power Myanmar Co,Ltd နှင့် Golden Gate Energy Co,Ltd တို့မှ ပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှ တစ်ဆင့် တာချီလိတ်မြို့၊ စက်သုံးဆီလုပ်ငန်းရှင်များအသင်းနှင့် ပေါင်းစပ်၍ စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချသွားမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါညှိနှိုင်းဆွေးနွေးချက်အရ 92 အောက်တိန်း ဓာတ်ဆီ ၁ လီတာလျှင် ဒေသသုံး ထိုင်းဘတ်ငွေ ၃၆ ဘတ်၊ 95 အောက်တိန်း ဓာတ်ဆီ ၁ လီတာလျှင် ၃၇ ဘတ်၊ HSD ဒီဇယ် ၁ လီတာလျှင် ၃၃.၅ ဘတ်၊ ပရီမီယမ် ဒီဇယ် ၁ လီတာလျှင် ၃၇.၅ ဘတ်ဖြင့် ညှိနှိုင်းခဲ့ပြီး ဆီများဆက်လက်ရောက်ရှိပါက ဈေးနှုန်းများကို လျော့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရောက်ရှိလာသော စက်သုံးဆီ ကားများအား တာချီလိတ် မြို့နယ်တွင်း စက်သုံးဆီဆိုင် (၂၃)ဆိုင်အား အချိုးကျ ခွဲဝေပေးနိုင်ရန်အတွက် တာချီလိတ် မြို့နယ် စက်သုံးဆီ လုပ်ငန်းရှင်အသင်းမှ ဦးဆောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ၊ ဒေသတွင်း စက်သုံးဆီ လိုအပ်ချက် ပြတ်လပ်မှု မရှိစေရေးအတွက် စီစဉ်ထားရှိကြောင်း သိရသည်။
၄င်းပြင် သီလဝါဆပ်ကမ်းမှ တဆင့် တာချီလိတ်မြို့ထိ သယ်ဆောင်လာသော စက်သုံးဆီများမှာ ယနေ့ ရောက်ရှိလာသော စက်သုံးဆီကားများအပြင် တာကော်တံတား၏ ကြံ့ခိုင်မှု အခြေအနေ အရ ကားကြီးများ သွားလာရန် အတွက် မလွယ်ကူသေးသဖြင့် ကားသေးများဖြင့် ခေါက်ပြန်သယ်နေရကြောင်း သိရသည်။
“ယမန်နေ့က ရောက်ရှိလာတဲ့ စက်သုံးဆီကားတွေအပြင် ကာလိမှာရပ်ခဲ့တဲ့ စက်သုံးဆီ ကားတွေရှိသေးတယ်။ ရက်ခြားပြီး ထပ်ဝင်မှာဖြစ်တာကြောင့် မြို့နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်နိုင်အောင် ဆောင်ရွက်ထားးရှိထားပါတယ်။”ဟု စက်သုံးဆီ လုပ်ငန်းရှင် ဦးကျော်လင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။