Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဖလော်ရီဒါသို့ အင်အားပြင်း ဟာရီကိန်း မီလ်တန် ဝင်ရန်ရှိနေ
-------------------
သိပ်မကြာသေးခင်ကမှ ဟာရီကိန်း ဟယ်လန်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖလော်ရီဒါပြည်နယ်ကို နောက်ထပ် ဟာရီကိန်း မီလ်တန်ဟာ အခုအပတ်တွင်းမှာ ဝင်ရောက်မယ်လို့ မိုးလေဝသကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ အဲဒီ ဟာရီကိန်း မီလ်တန်ဟာ တနင်္ဂနွေနေ့က အင်အား အဆင့်(၁)ရှိတဲ့ ဟာရီကိန်းအဖြစ် အားကောင်းလာခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
ဖလော်ရီဒါပြည်နယ်ထဲက လူနေမြို့ရွာတွေမှာ ဟာရီကိန်း ဟယ်လန် ဝင်မွှေ သွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ အပျက် အစီးပုံတွေကို ရှင်းလင်းရေး လုပ်နေပြီး ပြန်လည်ထူထောင်ဖို့ အားယူနေဆဲ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ဒေသစံ တော်ချိန် ည(၁၁) နာရီခန့်က တိုင်းထွာချက်အရ ဟာရီကိန်း မီလ်တန်ဟာ လေတိုက်နှုန်း တနာရီကို မိုင်(၉၀) ရှိနေပြီး ဖလော်ရီဒါပြည်နယ် တမ်းပါးမြို့ရဲ့ အနောက်နဲ့ အနောက်တောင်ပိုင်း မိုင် (၇၀၀)ကျော်မှာ တစ်နာရီကို (၇)မိုင်နှုန်းနဲ့ ရှေ့တိုးရွေ့လျားနေပါတယ်။
အဲဒီလိုရွေ့လျားရင်း ဗုဒ္ဓဟူးနေ့ လောက်မှာ အင်အား အဆင့်(၃)ရှိတဲ့ ဖျက်အားပြင်း ဟာရီကိန်းအဖြစ်နဲ့ ဖလော်ရီဒါ ကမ်းခြေကနေ ကုန်းတွင်းပိုင်း ကို စတင်ဝင်ရောက်မယ်လို့ ခန့်မှန်းရပါတယ်။ ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာ တစ်နာရီလေတိုက်နှုန်း မိုင် (၁၂၀) ရှိမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
ချင်းမိုင်တွင် ရေပြန်ကျပြီးနောက် သန့်ရှင်းရေးစတင်
-------------------
ထိုင်းနိုင်ငံမြောက်ပိုင်းက ရေကြီးမှုနဲ့ကြု့ခဲ့တဲ့ ချင်းမိုင်မြို့မှာ ရေပြန်ကျသွားတဲ့နောက် ရေဘေးအလွန် ကယ်ဆယ် ရှင်းလင်းရေး လုပ်ငန်းတွေ တနင်္လာနေ့မှာ စတင်ပြုလုပ်နေပါတယ်။ ပင်းမြစ်ကို ဖြတ်ကူးတဲ့ တံတား (၃)စင်း အနီး တစ်ဝိုက်မှာ သောင်တင်ပိတ်ဆို့နေတဲ့ အမိုက်သရိုက်တွေကို ရှင်းလင်း ဖယ်ရှားတာတွေ ဆောင်ရွက်နေတဲ့ ကယ် ဆယ်ရေးလုပ်သားတွေကို ကူညီပံ့ပိုးဖို့ ကုန်ကားတွေနဲ့ ရေသယ်ကားတွေကိုလည်း တာဝန်ရှိသူတွေက စေလွှတ် ထားပါတယ်။
ရေတင်နေသေးတဲ့ တချို့နေရာတွေက နေအိမ်တွေမှာ ပိတ်မိနေသူတွေအတွက် စားစာရာ နဲ့သောက်ရေသန့်ကို ကယ်ဆယ်ရေးအဖွဲ့က လိုက်လံပေးဝေနေပါတယ်။ ချင်းမိုင်မြူနီစီပယ်က ချန်ခလန်၊ ချာရွန် ပရာသက် လမ်းမကြီး တွေ အပါအဝင် အဓိက လမ်းမကြီး (၇)ခုကို ပိတ်ထားရဆဲဖြစ်ကြောင်း ယာဉ်မောင်းတွေကို အသိပေးထားပါ တယ်။
ပင်းမြစ်ရေရဲ့ ရေအမှတ်ဟာလည်း ဆက်လက်ကျဆင်းနေပြီး တနင်္လာနေ့ မနက် ဒေသ စံတော်ချိန် (၁၀)နာရီ ဝန်းကျင်မှာ ၃ ဒသမ ၈၅ မီတာမှာ ရှိနေတယ်လို့ နာအိုဝါရက် တံတားရဲ့ မြစ်ရေစောင့်ကြည့် တိုင်းထွာရေး အချက် အလက်က ဖော်ပြပါတယ်။ အဲဒီပင်းမြစ်ရေးဟာ ပြီးခဲ့တဲ့ စနေနေ့ ညပိုင်းက (၅)မီတာ ကျော်လွန်ရောက်ရှိခဲ့တဲ့ အတွက် ချင်းမိုင်မှာ ဒုတိယအကြိမ် ရေကြီးမှုနဲ့ ထပ်ကြုံခဲ့ရပါတယ်။