Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
❝ Shōgun နဲ့ Squid Game ပေါင်းစပ်လိုက်တဲ့အခါ ❞
• ၂၀၂၅ အတွင်း ထုတ်လွှင့်ဖို့ ပြင်ဆင်ထားတဲ့ Last Samurai Standing အမည်ရှိ Netflix ရဲ့ ဂျပန်ဇာတ်လမ်းတွဲကို သရုပ်ဆောင်မင်းသား Junichi Okada ဟာ သူကိုယ်တိုင်ထုတ်လုပ်၊ သူကိုယ်တိုင်သရုပ်ဆောင်၊ သူကိုယ်တိုင် အက်ရှင်ဇာတ်ကွက်ဖန်တီးသူအဖြစ် ပါဝင်ထားပါတယ်။
• Last Samurai Standing ဟာ Shogo Imamura ရေးသားထားတဲ့ Ikusagami ဆိုတဲ့ Manga စီးရီးကို Live-Action အဖြစ်ပြန်အသက်သွင်းထားမှာဖြစ်တယ်၊ ဇာတ်လမ်းအနေနဲ့ ၁၉ ရာစုမှာတည်ထားပြီး Meiji ခေတ်၊ Kyoto မြို့ရဲ့ Tenryuji ဘုရားကျောင်းမှာ တိုက်ခိုက်ရေးသမားပေါင်း ၂၉၉ ယောက်အနေနဲ့ ငွေကြေးအမြောက်အမြားအတွက် အသက်လုတိုက်ခိုက်ကြရတာပဲဖြစ်ပါတယ်..ဒီတိုက်ပွဲရဲ့ စည်းမျဉ်းအနေနဲ့ ပြိုင်ပွဲဝင်တိုက်ခိုက်ရေးသမားတိုင်းဟာ တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်ခုတ်ထစ်ရင်း သူတို့ကိုပေးထားတဲ့ သစ်သားကဒ်လေးတွေကိုလိုက်စု၊ Tokyo မြို့ဆီခရီးဆက်ပြီး ဆုကြေးငွေကိုထုတ်ယူနိုင်မှာဖြစ်တယ်..ဒီထဲကမှ Shujiro Saga ဆိုတဲ့လူတစ်ဦးကတော့ ကျန်းမာရေးမကောင်းတဲ့ သူ့အမျိုးသမီးအတွက်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ လာရောက်ဆင်နွှဲခဲ့ပါတယ်။
• Live-Action မှာတော့ ဇာတ်လမ်းကျဉ်းဖော်ပြထားပုံအရ ဆာမူရိုင်းစစ်သည်တော် အယောက် ၃၀၀ ဟာ Tenryuji ဘုရားကျောင်းမှာ ဆုကြေးဂျပန်ယန်း ၁၀၀ ဘီလျံ အတွက် ဝင်ရောက်ဆင်နွှဲတိုက်ခိုက်ကြမှာဖြစ်ပြီး နောက်ဆုံးရှင်ကျန်တဲ့ ဆာမူရိုင်းဟာ ဆုကြေးအားလုံးကိုရှိမယ်..ဆာမူရိုင်းတို့ထွန်းပေါက်ခဲ့တဲ့ကာလရဲ့ Battle Royale သဘောမျိုး ကြည့်ရှုရမဲ့ဇာတ်လမ်းတွဲမျိုးဖြစ်တယ်လို့ နားလည်လွယ်အောင် ရှင်းပြထားပါတယ်။
❝ ကရာတေးပုံပြင်တစ်ပုဒ် အဆုံးသတ်ခြင်း ❞
• ကျွန်တော် Cobra Kai ကိုစကြည့်တော့ ၂၀၂၀၊ ကိုဗစ်ကာလရဲ့ အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့အချိန်မှာ ၁၉၈၄ Karate Kid ရဲ့ Sequel ဇာတ်လမ်းတစ်ခုကို ရှာတွေ့ခဲ့တယ်..Cobra Kai ကိုစကြည့်တော့ ဘာမျှော်လင့်ချက်မှလည်းမရှိဘူး၊ ကျွန်တော်အကြိုက်ဆုံးဇာတ်လမ်းတွဲတွေထဲက တစ်ခုဖြစ်လာလိမ့်မယ်လို့လည်း မသိခဲ့သေးဘူး..အပိုင်း ၁ ရဲ့ အဖွင့်မှာ Daniel LaRusso နဲ့ Johnny Lawrence တို့ရဲ့ ၈၄ တုန်းက All Valley ကရာတေးပွဲအစချီတယ်၊ ပြီးတော့ ဘဝပျက်နေတဲ့ Johnny Lawrence ကိုတွေ့လိုက်ရတယ်..အဲ့အထိ Nostalgic ဖြစ်မိတာကလွဲလို့ ဘာမှသိပ်မခံစားရသေးဘူး..တဖြည်းဖြည်း Johnny ရဲ့ ရုန်းကန်မှုတွေနဲ့ ဗရုတ်ကျတာတွေ့တွေ့ပြီး ရယ်လည်းရယ်ရ၊ ဇာတ်လမ်းကလည်းဆွဲဆောင်လာတာနဲ့ ဘာဆက်ဖြစ်မလဲစိတ်ဝင်စားသွားပြီး ကရာတေးကမ္ဘာထဲခုန်ဆင်းခဲ့မိတာပါပဲ။
• Cobra Kai ပရိတ်သတ်၊ Cobra Kai Lore ထဲကို သေသေချာချာနစ်ဝင်ဖူးတဲ့သူတွေဆိုသိကြတယ်..Cobra Kai ရဲ့ ကျောရိုးက How I Met Your Mother က Barney ဇာတ်ကောင်ဆီကနေဆင်းသက်လာတာပါ..Cobra Kai ဖန်တီးသူတွေကလည်း Barney ရဲ့ တွေးခေါ်ပုံအတိုင်း Character Background ကို Flip လိုက်ပြီး Johnny Lawrence ရဲ့ ရှုထောင့်ကို ပြန်အသားပေးပုံဖော်ခဲ့ကြတယ်ပေါ့လေ..ဒီလိုမျိုး သာမန်အတွေးစလေးတစ်ခုက ဟောလိဝုဒ်ရဲ့ကရာတေးကမ္ဘာကြီးကို ပြန်အသက်သွင်းနိုင်မယ်လို့ထင်ခဲ့ကြပုံလည်းမပေါ်ပါဘူး..ဒီဇာတ်လမ်းတွဲစထုတ်ကတည်းက ပရိုမိုးရှင်းကောင်းကောင်းလည်းမသုံးနိုင်ခဲ့၊ ထုတ်လွှင့်ရတဲ့ချန်နယ်ကလည်း YouTube Red မှာ၊ Karate Kid ပရိတ်သတ်အနည်းစုလောက်သာ စိတ်ဝင်စားခဲ့ကြပြီး အရင်းကြေဖို့တောင်ခက်ခဲ့သဗျ..ဒါနဲ့ပဲ အတွဲ ၂ မှာတင် ကရာတေးအိပ်မက်တွေပြန်မြုပ်သွားခဲ့ရတယ်။
• အဖြစ်ကဘယ်လောက်ဆိုးလဲဆိုတော့ ဒီသတင်းကိုသိလိုက်ရတာက ကျွန်တော် အတွဲ ၂ တွဲလုံး အားရပါးရ Binge ပြီး ၂ ရက်လောက်အကြာမှာပဲ..ထုံးစံအတိုင်း Cliffhanger ကြီးနဲ့ထားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုအတွက် တစ်ပတ်လောက်တော့ ငူငူငိုင်ငိုင်ပေါ့၊ ပြီးတော့လည်း ဇာတ်လမ်းတွဲကျောနပ်နေတဲ့သူတစ်ယောက်ပီပီ မေ့သွားတာပါပဲ..တစ်ချက်တစ်ချက်တော့လည်း သူမကိုသတိရသလိုမျိုးလေးကဖြစ်သေး..ဒါနဲ့ သိပ်မကြာဘူး၊ Netflix က အလားအလာရှိတဲ့ဇာတ်လမ်းတွဲလို့ယူဆပြီး ကောက်ဝယ်လိုက်တယ်..အဲ့အချိန် ငါဆက်ကြည့်ရတော့မယ်ဆိုတဲ့ခံစားချက်ကြီးက ဘာနဲ့မှမလဲနိုင်၊ နှစ်ရှည်လများကြိတ်ပိုးလာခဲ့တဲ့ Crush လေးဆီက အဖြေရလိုက်သလိုလို (ဒါမျိုးခံစားရတာကို စတူဒီယိုတွေထပ်တူလိုက်ခံစားပေးရင်သိပ်ကောင်းမယ်)..ဒီလိုနဲဲ့ပ ကရာတေးခရီးဆက်လာလိုက်တာ အတွဲ ၆ တွဲနဲ့ မနေ့ကတင် အပြီးတိုင်အဆုံးသတ်သွားခဲ့ပါပြီ။
• အမှန်တိုင်းပြောရရင် ကြားထဲမှာတော့ Netflix ရဲ့ ထုံးစံအတိုင်း ငွေပတ်ရှာလိုက်၊ ဆွဲဆန့်လိုက်နဲ့ အတက်အကျ၊ အဆိုးအကောင်းလေးတွေရှိခဲ့တာတော့ လက်ခံရလိမ့်မယ်ဗျ..ဘာပဲဖြစ်ဖြစ် Karate Kid ပြီးကတည်းက ရုပ်ရှင်ကားကြီးတွေမှာသိပ်မတွေ့ရတော့ပဲ မြုပ်နေတဲ့ Ralph Macchio နဲ့ William Zabka တို့လည်း ရုပ်ရှင်လောကမှာပြန်အသက်ဝင်လာတယ်၊ အလားအလာရှိတဲ့ လူငယ်သရုပ်ဆောင်တွေလည်း Cobra Kai ကြောင့် ဆန်းထလာတယ်၊ Blockbuster ရုပ်ရှင်တွေမှာ အရွေးခံရတဲ့သူတွေရှိလာတယ်၊ Netflix ရဲ့ ပင်တိုင်သရုပ်ဆောင်တွေဖြစ်လာတယ်၊ အချစ်ကိုရှာတွေ့တဲ့သူတွေရှိလာတယ် (မနေ့က Cobra Kai နောက်ဆုံးအပိုင်း အထူးပွဲမှာ Robby သရုပ်ဆောင် Tanner Buchanan နဲ့ Sam သရုပ်ဆောင် Mary Mouser တို့က တရားဝင်စေ့စပ်သွားကြပြီ)..ဒါကြောင့်လဲ Cobra Kai ဟာ ဇာတ်လမ်းတွဲတစ်ခုထက်ပိုတယ်လို့ ပြောနေကြတော့တာပေါ့။
• Cobra Kai ကို ဇာတ်လမ်းတွဲတစ်ခုထက်ပိုတယ်လို့ပြောချင်ရင် အပေါ်ကအချက်တွေနဲ့တော့မလုံလောက်ဘူး..ကြည့်ခဲ့ရတဲ့တောက်လျှောက်မှာ ဇာတ်ညွှန်းအရဖြစ်ပျက်ခဲ့တာတွေနဲ့ အဆုံးသတ်မှာပိတ်သိမ်းပေးသွားတဲ့ ဇာတ်ကောင်တွေအပေါ် ခရီးတစ်ခေါက်ပြန်လျှောက်ကြည့်ရင် ပိုပြီးမြင်သာစေတယ်..အရင်ဆုံးပြောရရင်တော့ ဇာတ်လမ်းကိုအဓိကသယ်ပိုးနေတဲ့ Johnny ဟာ ဆရာကောင်းတပည့်ပန်းပန်တဲ့အခြေအနေကိုမရခဲ့ပဲ ပျက်ပြားခဲ့ရပေမဲ့ သူဆရာတစ်ယောက်ဖြစ်လာတဲ့အချိန် လမ်းလွဲပေါ်မရောက်အောင်ထိန်းသိမ်းနိုင်ခဲ့ပုံတွေကို တဆင့်ဆင့်နဲ့ချပြလာလိုက်တာ မနေ့ကအဆုံးသတ်မှာတော့ လူမိုက်ကနေ ဆရာ၊ ဆရာကနေ အဖေဆိုတဲ့ အထွတ်အထိပ်ထိရောက်ရှိခဲ့ပါပြီ..ဇာတ်ကောင်တွေကြားမှာ အမြဲတမ်းရှိနေတတ်တဲ့မီးစလေးတွေကိုလည်း အပြီးတိုင်ငြိမ်းသတ်နိုင်ခဲ့သလို Character Redemption တွေဟာလည်း သိပ်အားရစရာကောင်းခဲ့တယ်..ကရာတေးနဲ့အစချီပြီး ကရာတေးနဲ့အဆုံးသတ်ရတဲ့အခြေအနေမှာ ရင်ခုန်ဖွယ်ရာလေးတွေထပ်တွေ့ရတာဟာ ဇာတ်ညွှန်းဆရာတွေအနေနဲ့ အကောင်းဆုံးပိတ်သိမ်းမှုကို သေသေချာချာ တွေးတောခဲ့ကြပုံပါပဲ..အခက်ခဲဆုံးဖြစ်တဲ့ အနိုင်အရှုံးရွေးချယ်မှုမှာ ပညာသားပါပါ ကိုင်တွယ်သွားပုံတွေ၊ အထူးသဖြင့် အနိုင်အရှုံးဟာပဓာနမဟုတ်ပဲ အားကစားစိတ်ဓာတ်ကိုအရင်းခံပြီး ဇာတ်ကောင်တွေကို လိုအပ်ရာနေရာမှာကျကျနနထားသိုပိတ်သိမ်းပေးခဲ့တာဟာ ကရာတေးပုံပြင်တစ်ပုဒ်မှာ လိုအပ်နေခဲ့တာတွေပဲမဟုတ်လား။
• အတွဲ ၆ ထိရောက်လာတဲ့အခြေအနေဟာ သိပ်ပြီးမလိုအပ်ခဲ့ပဲ စောစောစီးစီးပိတ်သိမ်းလို့ရခဲ့သော်ငြားလည်း အပိုင်း ၁၅ ပိုင်းအတွင်းမှာ ဇာတ်လမ်းအတက်အကျတွေ၊ လိုအပ်တဲ့တင်းမာမှုတွေ၊ တစ်နေရာနဲ့တစ်နေရာ ချိတ်ဆက်ပေးထားတာတွေဟာ တော်တော်လေးကိုသိသာတာမျိုးတွေ့ရတယ်..Nostalgic ဖြစ်စရာတွေအများကြီးနဲ့ ပရိတ်သတ်တွေတသသဖြစ်ရအောင် ရိုက်သွင်းခဲ့ပုံတွေကလည်း ကြည့်နေရင်း ကျေနပ်ပီတိဖြစ်ရသလိုလို၊ ဆွေးပဲဆွေးရသလိုလိုနဲ့ ဝမ်းနည်းဝမ်းသာကြီး..ကိုယ်တောက်လျှောက်စောင့်ကြည့်လာခဲ့တဲ့ ဇာတ်ကောင်တွေကို နှုတ်ဆက်ရတော့မှာရယ် နဲ့ အချိန်တန်ရင်ခွဲရမယ်ဆိုတာကြီးကိုသိရက်နဲ့ ဘယ်တော့မှလက်မခံချင်တာရယ်တွေပေါ့..အင်း၊ ဒါတွေက ဒီဇာတ်လမ်းတွဲမှမဟုတ် နေရာတိုင်းမှာခံစားနေတာပါပဲ။
၂၀၂၅ ရဲ့ ပွဲဦးထွက် MCU ရုပ်ရှင် Captain America: Brave New World ကတော့ ရုံတင်ပြသခဲ့တာ ရက်သတ္တပတ်အကုန်ကို ရောက်ရှိလာခဲ့ပါပြီ..Rotten Tomatoes မှာတော့ ဝေဖန်ရေးသမားတွေရဲ့ Tomatometer အရ မှတ်ချက်ပေါင်း ၂၅၈ ခုနဲ့ ၅၀ ရာခိုင်နှုန်းသာရရှိထားပြီး ခရမ်းချဉ်သီးပုပ်နေတယ်လို့ပြောရမှာပေါ့..သို့သော် ပရိတ်သတ်တွေရဲ့ Popcornmeter အရတော့ ၈၀ ရာခိုင်နှုန်းနဲ့ လူကြိုက်များတယ်လို့ပြောလို့ရပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က စတင်ရုံတင်ခဲ့တဲ့ Brave New World အနေနဲ့ ရုံတင်အပြီး ရက်သတ္တပတ်အဆုံး (၄ ရက်အကြာမှာ) ရုံတင်ဝင်ငွေစာရင်းစတင်အသက်ဝင်လာပြီဖြစ်ပြီး ပြည်တွင်းမှာသန်း ၁၀၀၊ ပြည်ပမှာ ၉၂ သန်းနဲ့ ကမ္ဘာတဝှမ်းစုစုပေါင်း ၁၉၂ သန်း ရရှိထားပြီဖြစ်ပါတယ်..ဒီရလဒ်တွေဟာ တာထွက်ကောင်းတယ်လို့ဆိုနိုင်ပေမဲ့ မားကတ်တင်းခမပါပဲ Brave New World ရဲ့ကုန်ကျစရိတ်ဟာ သန်း ၁၈၀ လောက်ရှိခဲ့တာမို့ မျှခြေချလိုက်ရင်တော့ အရင်းပြန်ကျေဖို့ အနည်းဆုံး ၄၂၅ သန်း လိုအပ်တယ် Deadline က ဖော်ပြထားပါတယ်။
ဒါ့အပြင် Brave New World အနေနဲ့ ပြည်တွင်းမှာ ရက်သတ္တပတ်အကုန်အတွင်း သန်း ၁၀၀ အထိရှာဖွေနိုင်ခဲ့တာဟာ အမေရိကရဲ့ President Day Weekend အတွက် ရုံအဖွင့်မှတ်တမ်းအရ စတုတ္ထမြောက်အများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်..ထူးခြားတာကတော့ President Day Weekend အတွက် အများဆုံးရုံဖွင့်ခဲ့တာတွေကလည်း MCU ရုပ်ရှင်တွေပဲဖြစ်ပြီး Black Panther (၂၄၂ သန်း) ဟာ ပထမ၊ Deadpool (၁၅၂ သန်း) ဟာ ဒုတိယ နဲ့ Ant-Man and the Wasp: Quantumania (၁၂၀ သန်း) ဟာ တတိယ နေရာမှာရှိနေကာ အခုတစ်ခါမှာ Brave New World ပါ ထပ်ပေါင်းလာခဲ့ပါပြီ။
နာကျင်မှုဆိုတာ လူတိုင်းမှာ ရှိကြစမြဲပါပဲ။ ဒါဟာ လူရယ်လို့ ဖြစ်လာကတည်းက ကိုယ်နဲ့အတူ တွဲပါလာတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် နာကျင်မှုတွေကို ဖြေရှင်းဖို့မကြိုးစားဘဲ မြိုသိပ်ထားတဲ့အခါ အစိုင်အခဲတွေကြီးမားလာပြီး စိတ်ဒဏ်ရာတွေအဖြစ် ကူးပြောင်းလာကြပါတယ်။
ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များစာအုပ်ထဲမှာ ဒီလိုစိတ်ဒဏ်ရာတွေကို ဖြူကောင်မှာ ဆူးတွေပေါက်လာတာနဲ့ နှိုင်းယှဥ်ပြတယ်။ နာကျင်မှုအစိုင်အခဲတွေကနေ ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေဟာ ဖြူကောင်နဲ့တူတဲ့ သူ့ဆီမှာ ပေါက်လာတဲ့ ဆူးတွေပေါ့။ ကျွန်တော်ကတော့ ဒီဖြစ်စဥ်ကို ဆေးမထည့်ဘဲထားတဲ့ အနာက အမာရွတ်ဖြစ်လာတာနဲ့ နှိုင်းပြချင်တယ်။ မိသားစုနဲ့ အတိုက်အခံဖြစ်လို့ နာကျင်ရတယ်၊ ကိုယ့်ကို တစ်ယောက်ယောက်က စိတ်နာသွားအောင်လုပ်လို့ နာကျင်ရတယ်၊ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ နာကျင်ရတယ်။ အဲ့ဒီနာကျင်တဲ့ခံစားချက်တွေကို မရင်ဆိုင်ဘဲ မြိုသိပ်ထားလိုက်တဲ့အခါ စိတ်ဒဏ်ရာတွေဖြစ်လာတယ်။ တစ်ကိုယ်ရည်စာ အမာရွတ်တွေပေါ့။ တစ်ဖက်မှာကျ မျိုးဆက်လိုက်ပါလာတဲ့ အမာရွတ်တွေရှိကြတယ်။ ဒီအမာရွတ်တွေကိုတော့ ကျွန်တော်တို့မှာ သိပ်များများစားစား ရွေးချယ်ပိုင်ခွင့်မရှိဘူး။ ဥပမာ - ဒုတိယကမ္ဘာစစ်တုန်းက အဆိပ်ငွေ့ခန်းထဲ ပိတ်လှောင်ခံရမယ့်ဘေးကနေ လွတ်လာတဲ့ ဂျူးလူမျိုးတွေနဲ့ သူတို့ရဲ့မျိုးဆက်တွေ၊ ရခိုင်မှာ လူမျိုးတုံးသတ်ဖြတ်ခံရတာတွေ ကြုံခဲ့ရတဲ့ ရိုဟင်ဂျာတွေနဲ့ သူတို့မျိုးဆက်တွေ၊ တော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ မျိုးဆက်တွေ။ သူတို့တွေရဲ့ အမာရွတ်ဟာ နောက်မျိုးဆက်တွေအထိ ပါလာကြတယ်။ မျိုးဆက်လိုက် ကုစားဖို့ကြိုးစားကြရတယ်။ A Real Pain ရုပ်ရှင်က အဲ့ဒီအမာရွတ် ၂ မျိုး ပွတ်တိုက်တတ်ပုံနဲ့ ဘယ်အမာရွတ်က ပိုအရေးကြီးသလဲဆိုတဲ့အပေါ် မေးခွန်းထုတ်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီလိုပြောလို့ A Real Pain မှာ သွေးပျက်ဖွယ်ဇာတ်ဝင်ခန်းတွေ၊ နက်နဲလှတဲ့ အတွေးအခေါ်တွေနဲ့ ပဋိက္ခတွေ ပါသလားဆို မပါပါဘူး။ ဂျူးလူမျိုး ဝမ်းကွဲညီအစ်ကို ၂ ယောက်က သူတို့အဖွား ပိုလန်ကနေ အမေရိကန်နိုင်ငံကို မခိုလှုံရခင် နောက်ဆုံးနေခဲ့တဲ့ တိုက်ခန်းလေးကို သွားကြည့်ကြရုံပါပဲ။ စလိုက်ရအောင်ပါ။
David နဲ့ Benji တို့ဟာ မျိုးရိုးကြောင့်သာ ဝမ်းကွဲညီအစ်ကိုတွေဖြစ်ကြပေမယ့် ဝိသေသချင်းကတော့ ပြောင်းပြန်ပါပဲ။ David က အေးဆေးသမား၊ အတွေးလွန်တတ်တယ်၊ စိတ်စွဲလမ်းလွန်ပြီး မလုပ်ရမနေနိုင်တဲ့ဝေဒနာ (OCD) ရှိတယ်၊ အရာရာကို စိုးရိမ်ကြောင့်ကြတတ်တယ်၊ ဒီတော့ ဘာမဆို ကြိုတင်ပြင်ဆင်ထားမှ၊ အရာအားလုံးက အစီအစဥ်ကျနေမှ သက်တောင့်သက်သာနေနိုင်တယ်။ တစ်ဖက်က Benji ကတော့ လေလွင့်ရာကို လိုက်ပျံတဲ့ငှက်မျိုး၊ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ သိပ်ပူပင်မနေဘဲ ပစ္စုပ္ပန်မှာပဲ နေတယ်။ ဆင်းရမယ့်ဘူတာကျော်သွားလား ရတယ်။ တစ်ဖက်က ပြန်လာမယ့်ရထားကို စောင့်စီးလိုက်မယ်။ စကားပြောတာလည်း အထာမထားဘူး၊ ရင်ထဲရှိတဲ့အတိုင်း အရာအားလုံးကို ထုတ်ပြောတတ်တယ်။ သူ့မှာ စည်းတွေဘောင်တွေသိပ်မရှိဘူး။ ဒီညီအစ်ကို ၂ ယောက်ရဲ့ အဖွား Dory က ဒုတိယကမ္ဘာစစ်တုန်းက ဂျူး ၆ သန်းကို အဆိပ်ငွေ့ခန်းထဲ အလုံပိတ်ပြီး အစုလိုက်အပြုံလိုက်သတ်တဲ့အဖြစ်အပျက် (Holocaust) ကနေ ကံကောင်းထောက်မလို့ လွတ်လာပြီး အမေရိကန်မှာ လာခိုလှုံတဲ့သူ။ ပြောရရင် သူတို့ Kaplan မျိုးဆက်မှာ အမေရိကန်မြေကို ပထမဆုံးနင်းခဲ့တဲ့သူပေါ့။ David နဲ့ Benji ကတော့ တတိယမျိုးဆက်ဖြစ်သွားကြပြီ။ အမေရိကန်ယဥ်ကျေးမှုက ပိုလွှမ်းမိုးတာပေါ့လေ။ ဒီတော့ အဖွားဖြစ်သူက မဆုံးခင်မှာ ဒီ မြေး ၂ ယောက်ကို သူတို့ရဲ့မျိုးဆက် ဘာတွေကြုံခဲ့ရသလဲဆိုတာ နားလည်အောင်လို့ ပိုလန်ကို ခရီးသွားလေ့လာဖို့အတွက် ပိုက်ဆံနည်းနည်းချန်ခဲ့တယ်။ ကြားထဲမှာ အလှည့်အပြောင်းတစ်ခုရှိပေမယ့် ဒါတော့ ထားပါလေ။ ဒီလိုနဲ့ ညီအစ်ကို ၂ ယောက် ပိုလန်ကိုရောက်လာပြီး တခြား သူတို့လို ခရီးသွားတွေနဲ့အတူ ဒုတိယကမ္ဘာစစ်တုန်းက ပိုလန်က ဂျူးတွေရဲ့သမိုင်းကို ပြတဲ့ အဆောက်အအုံတွေ၊ ပြတိုက်တွေ၊ သမိုင်းဝင်နေရာတွေကို သွားလည်ကြတယ်။ မပြန်ခင်ရက်မှာ သူတို့အဖွား နောက်ဆုံးနေခဲ့တဲ့ တိုက်ခန်းကလေးကို သွားကြည့်ကြတယ်။
ဒီရုပ်ရှင်မှာ Benji က တစ်ကိုယ်ရည်အမာရွတ်တွေ ရှိနေခဲ့တယ်။ အိပ်ဆေးတွေသောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့လည်း ကြိုးစားဖူးတယ်။ လူများအမြင်မှာတော့ သူဟာ တခါတလေ ဖော်ရွေတယ်၊ တခါတလေ ဘုကလန့်ဂွစာဆန်တယ်၊ တခါတလေ သည်းခံချင်စိတ်ကုန်လောက်အောင် စိတ်ပျက်စရာဖြစ်တယ်။ ဒါဟာ တကယ်တော့ Benji ရဲ့ ဒိုင်းကာပဲ။ သူဟာ သူ့အမာရွတ်ကို ကုစားမယ့်အစား မျိုးဆက်လိုက်ကြုံခဲ့ရတဲ့ အမာရွတ်အပေါ် လူတိုင်းကုစားကြဖို့ တွန်းပို့တယ်။ ခရီးသွားလမ်းညွှန်နဲ့ တခြားခရီးသွားတွေကို “ကိုယ့်အရှေ့က ဂျူးမျိုးဆက်တွေက ဒုက္ခတွေ ခံစားခဲ့ရတာကို ကိုယ်တွေက ပထမတန်းမှာ ဇိမ်ခံနေမှာလား” ဆိုပြီး ပြောင်ပြောင်တင်းတင်းပြောတဲ့ ဇာတ်ဝင်ခန်းက ဒါကို ညွှန်ပြနေတယ်။ ဒီလိုပြောလို့ Benji က Holocaust ကြောင့် စိတ်ခံစားချက်တွေ ပေါက်ထွက်နေတာတော့မဟုတ်။ သူက သူ့စိတ်ဒဏ်ရာကို ဖုံးဖိဖို့ကြိုးစားလေ ပိုပေါက်ကွဲလေမို့လို့ပဲ။ Benji က သူ့ရဲ့ တစ်ကိုယ်ရည်စာအမာရွတ်ကို သိပ်ဂရုစိုက်တယ်။ လူတွေ ဒီအမာရွတ်ကို မြင်မှာကြောက်တယ်။ ကြောက်လေ၊ ဖုံးဖိလေ၊ ပိုပေါက်ကွဲထွက်လေဖြစ်တာဟာ Benji ပဲ။
Professor Snape ဇာတ်ကောင်ကို ပရိသတ်တွေက နှစ်ပေါင်းများစွာ နားလည်မှုလွဲခဲ့ကြတယ်။
သူဟာ သွေးအေးတယ်။ ဒေါသကြီးတယ်။ တခါတရံ ခက်ထန်လွန်းတယ်။ တခါတရံ အငြိုးအတေးကြီးဟန်ပေါ်တယ်။ မှောင်ရိပ်မှာ ကွယ်နေတတ်တဲ့သူ့ကို မကောင်းတာကြံနေတဲ့သူတစ်ယောက်လို့ပဲ မြင်ခဲ့မိကြတယ်။ တကယ်တော့ သူဟာ နက်ရှိုင်းလွန်းလှတဲ့ ဒဏ်ရာတွေကို ဖုံးကွယ်ထားမှန်း မသိခဲ့ကြဘူး။
သူဟာ အမှောင်နဲ့အလင်းကြားက ဓားသွားပေါ်မှာ နှစ်ပေါင်းများစွာ လျှောက်လှမ်းခဲ့တယ်။ ဘယ်တော့မှ ကျေးဇူးတင်စကားတစ်ခွန်း မတောင်းဆိုခဲ့ဘူး။ ဘယ်တော့မှ ပြန်ပေးဆပ်ဖို့ မပြောခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့ ရွေးချယ်မှုတိုင်းဟာ အချစ်မေတ္တာကို ဗဟိုပြုခဲ့တယ်။ သေခြင်းကို လွန်တဲ့အချစ်၊ သူ့ရဲ့ ခြေလှမ်းတိုင်းကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့တဲ့ အချစ်။ “အခုအချိန်ထိပဲလား” ဆိုတဲ့အမေးကို “အမြဲတမ်းပါ” လို့ တုံ့ပြန်ခဲ့တဲ့ သူ့အဖြေဟာ ရေမရောတဲ့ အမှန်တရားစစ်စစ်ပဲ။ Snape ဟာ ပြီးပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ခဲ့ပေမယ့် နောက်ဆုံးအချိန်အထိ သစ္စာရှိပေးခဲ့သူမဟုတ်လား။
ဒီလို ခက်ထန်မှုတွေ၊ ပြိုလဲမှုတွေ၊ ဝမ်းနည်းမှု အလွှာအစုံပါဝင်တဲ့ ပဟေဠိဆန်ဆန် ဇာတ်ကောင်တစ်ယောက်ကို ပိတ်ကားပေါ်မှာ အသက်အဝင်ဆုံး ခေါ်ဆောင်လာနိုင်သူဟာ Alan Rickman ပါပဲ။ Alan Rickman ဟာ မုန်းတီးစရာကောင်းချင်လောက်တဲ့ ဇာတ်ကောင်တစ်ယောက်အတွက် ဝမ်းနည်းစရာအကောင်းဆုံး ဇာတ်လှည့်ကွက်နဲ့အတူ ပရိသတ်တွေရဲ့ မျက်ရည်ကို ခပ်ယူနိုင်ခဲ့တယ်။ ဒါကြောင့်လည်း Alan Rickman ဆို Professor Snape ဇာတ်ကောင်အတွက် သူကလွဲပြီး အခြားလူနဲ့ တွဲမြင်လို့မရနိုင်တဲ့အထိ တသားတည်းဖြစ်ခဲ့တာပါပဲ။
Alan Rickman သာ သက်ရှိထင်ရှားရှိဦးမယ်ဆိုရင် ဒီနေ့ဟာ သူ့ရဲ့ အသက် ၇၉ နှစ်ပြည့်မွေးနေ့ဖြစ်မှာပါ။ Alan ဟာ သူချစ်တဲ့အနုပညာလောကကြီးကို နှုတ်ဆက်ထွက်ခွာသွားတာ ၉ နှစ်ကြာခဲ့ပြီဆိုပေမယ့် ပရိသတ်တွေကတော့ Professor Snape ဇာတ်ကောင်နဲ့အတူ အမှတ်ရနေကြဆဲပါပဲ။ လူသာသေပေမယ့် နာမည်မသေသူတွေများစွာထဲမှာ Alan Rickman က တစ်နေရာစာ အပိုင်ယူထားတယ်ဆိုတာ နှစ်စဥ်နှစ်တိုင်း သက်သေပြနေဆဲဖြစ်ပါတယ်။ ပရိသတ်တွေက သူ့ကိုအမြဲအမှတ်ရနေမယ်ဆိုတာသိလို့ “Always” ဆိုတဲ့စကားကို ပြောခဲ့လေသလားလို့တောင် တွေးမိပါရဲ့။ တမလွန်မှာ ငြိမ်းချမ်းစွာ အနားယူပါခင်ဗျာ။
- “After all this time?”
- “Always.”