အမေရိကန်ပြည်ထောင်စုသည် မဟာမိတ်နိုင်ငံမဟုတ်တော့ဟု ယူကရိန်းလွှတ်တော်အမတ်များပြော
ယူကရိန်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးခြင်းမခံရတော့ကြောင်း၊ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံအတွက် မဟာမိတ်မဟုတ်တော့ကြောင်း ယူကရိန်း လွှတ်တော်အမတ်များက ပြောသည်။

အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံဦးစားပေးမူဝါဒကို ပြောင်းလဲ ကျင့်သုံးပြီးနောက် ယူကရိန်းနိုင်ငံသို့ပေးအပ်နေသော စစ်လက်နက်ပစ္စည်းထောက်ပံ့မှုများကို ရပ်ဆိုင်းပြီးချိန်တွင် ယူကရိန်းလွှတ်တော်အမတ်များက ယခုကဲ့သို့ ပြောလာခြင်း ဖြစ်သည်။

အမေရိကန်က ယူကရိန်းသို့ထောက်ပံ့မှု ရပ်ဆိုင်းလိုက်သောစစ်လက်နက်ပစ္စည်းများတွင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာခဲယမ်းများနှင့် အမြောက် ဆန်များ ပါဝင်သည်။ ထိုသို့ထောက်ပံ့ပေးမှုများ ရပ်တန့်လိုက်ကြောင်းကိုလည်း NATO တပ်ဖွဲ့ဆိုင်ရာ အမေရိကန် သံတမန် မက်သရူးဝှစ်တေကာက ဇူလိုင်လ ၃ ရက် တွင်ပြောခြင်း ဖြစ်သည်။

ယူကရိန်းလွှတ်တော်အမတ်များက အမေရိကန်ကို ၎င်းတို့၏မဟာမိတ်နိုင်ငံမဟုတ်တော့ကြောင်း ပြောနေ သော်လည်း အမေရိကန်နိုင်ငံနှင့်ယူကရိန်းနိုင်ငံတို့အနေဖြင့် မည်သည့်အခါကမျှ တရားဝင်မဟာမိတ်များအဖြစ်သို့ ရောက်ရှိခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

အမေရိကန်၏ ယခုကဲ့သို့စစ်လက်နက်များထောက်ပံ့မှု ရပ်တန့်ခြင်း နှင့်ပတ်သက်၍ ယူကရိန်းသမ္မတ က အမေရိကန်သမ္မတနှင့် ဇူလိုင်လ ၄ ရက်တွင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း Financial Times သတင်းဌာနက ဇူလိုင်လ ၃ ရက်တွင်ဖော်ပြထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

image