တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးပါက သူနာပြုသားဖွားဒီပလိုမာနှင့် ဘက်စုံသားဖွားဒီပလိုမာ လျှောက်ထားနိုင်
(ပြည်တွင်း) ဇူလိုင် ၄
၂၀၂၅ ခုနှစ် မတိုင်မီတက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအနေနဲ့ သူနာပြု၊ သားဖွားဒီပလိုမာနှင့် ဘက်စုံသားဖွားဒီပလိုမာလျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်မှာ ဖွင့်လှစ်မည့် သူနာပြုသားဖွားဒီပလိုမာ ၃ နှစ်သင်တန်းနှင့် ဘက်စုံ သားဖွား ဒီပလိုမာ ၂ နှစ်သင်တန်းတို့ကို စတင်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။
လျှောက်ထားသူများမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူဖြစ်ရမည် ဖြစ်ပါတယ်။
ဒါ့အပြင် လျှောက်လွှာပိတ်တဲ့ ဩဂုတ်လ ၂၈ ရက်မတိုင်မီ အသက် ၂၅ နှစ်ထက်ကျော်လွန်သူမဖြစ်ရဘဲ ပြစ်မှုကင်းရှင်းသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်ဖြစ်သည့်အပြင် အိမ်ထောင်မရှိသူ (အပျို/လူပျို) ဖြစ်ရမည်ဖြစ်ပါတယ်။
ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက လျှောက်လွှာမူရင်းကို မိမိသက်ဆိုင်ရာဦးစီးဌာန အကြီးအကဲမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ကာ လျှောက်လွှာများကို မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ၃ ဘာသာရမှတ်ပေါင်းကို မူတည်၍ ရွေးချယ်မှာဖြစ်ပါတယ်။
သင်တန်းကိုပြီးဆုံးအောင် မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ဖောက် ဖျက်လျှင်ဖြစ်စေ၊ သူနာပြုသားဖွားဒီပလိုမာသင်တန်းအတွက် ၈ သိန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်းအတွက် ၃ သိန်း ပေးလျော်ရမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
သင်တန်းအောင်မြင်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ပါက မည်သည့်ဒေသမှာမဆို အနည်းဆုံး ၃ နှစ်နှင့် ပညာသင်ထောက်ပံ့ကြေးခံစားထားသူများအတွက် အနည်းဆုံး ၅ နှစ်မပျက်မကွက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ကြောင်း ဝန်ခံကတိရေးထိုးရမှာဖြစ်ပါတယ်။
သင်တန်းတက်ရောက်ခွင့်ရရှိပါက တက္ကသိုလ်/ကောလိပ်/ အဝေးသင်တက်နေသူဖြစ်လျှင် သင်တန်းကာလအတွင်း ပညာသင်ခေတ္တရပ်နားခွင့်ပြုကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်/အကြီးအကဲ၏ ထောက်ခံစာမူရင်းကိုတက်ခွင့်ရမည့် သူနာပြု/သားဖွား/နှီးနွယ်သင်တန်းကျောင်းသို့ ပေးအပ်နိုင်ရမှာ ဖြစ်ပါတယ်။
လျှောက်လွှာများကို ကျန်းမာရေးဝန်ကြီး ဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့၏ အင်တာနက်စာမျက်နှာမှာ ရယူပြီး ပြည့်စုံ၊ တိကျ၊ ပီသစွာ ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူပူးတွဲပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ စာစစ်ဌာန တည်ရှိသော တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့သာ ဩဂုတ်လ ၂၉ ရက်ထက် နောက်မကျ စေဘဲ ပေးပို့လျှောက်ထားရမှာဖြစ်ပါတယ်။
