prototype စမ်းတဲ့အဆင့် ရောက်နေပြီ ဖြစ်တဲ့ iPhone Fold
ဟိုနှစ်ထွက်မယ် ဒီနှစ်ထွက်မယ်ဆိုပြီး ကောလာဟလတွေ ဖြစ်ခဲ့တဲ့ iPhone ခေါက်ဖုန်းတော့ ရှေ့ပြေးပုံစံတွေ စမ်းနေပြီလို့ ပြောပါတယ်။
ဒါလည်း Digitimes ကလူတွေ supply chain အချက်အလက်တွေ ကြည့်ပြီး ပြောနေတာပါ။ Apple ကတော့ သူ့မူအတိုင်း ကြိတ်ကြံနေတဲ့ အကျင့်လေးနဲ့ သွားနေပါတယ်။ iPhone Fold က ဒီနှစ်ကုန်လောက် နမူနာရှေ့ပြေး prototype စမ်းသပ်တဲ့အဆင့် ပြီးရင်တော့ အင်ဂျင်နီယာနဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ အတည်ပြုစမ်းသပ်တဲ့ EVT phase တက်မှာပါ။
EVT အဆင့် အောင်ရင် ထုတ်လုပ်ရေးစဖို့ပဲ ရှိပါတယ်။ အစီအစဉ်အတိုင်းဆို နောက်နှစ် စက်တင်ဘာ iPhone 18 စီးရီးနဲ့အတူ iPhone Fold ကိုပါ ရင်ခုန်ရမှာပါ။ iPhone Fold သတင်းအပိုင်းအစတွေကို ဆက်စပ်ကြည့်ရင် ဒီဖုန်းက တိုက်တေနီယမ်ဘော်ဒီနဲ့ လာပြီး ၇.၇၈ လက်မ dispaly နဲ့ 48MP dual ကင်မရာ သုံးပါလိမ့်မယ်။
display က Samsung ထုတ် OLED panel ဖြစ်မယ်။ display အောက်မှာ ကင်မရာထားပြီး ဘေးဘောင် Touch ID scanner နဲ့ လာပါမယ်။ FaceID တော့ မပါဘူးလို့ ကြားပါတယ်။ ခေါက်ထားချိန်မှာ အထူ 9-9.5mm ရှိမယ်ဆိုတဲ့ သတင်းမှန်ရင်တော့ ဒီဖုန်းလည်း အပါးဆုံး Foldable ဖုန်းတွေနဲ့ တတန်းတည်းထားရမှာပါ။
ဈေးကတော့ တော်တော်ချမ်းသာမှ ကိုင်နိုင်မယ့်ဈေး ဖြစ်မှာ သေချာပါတယ်။ ကြားရသလောက် iPhone Fold ရဲ့ ခန့်မှန်းဈေးက ဒေါ်လာ ၂၁၀၀ နဲ့ ၂၃၀၀ ကြားလို့ ဆိုပါတယ်။ Android OEM ထုတ် Foldable တွေ ပေါ်တာ နှစ်မနည်းတော့ဘူးဆိုပေမယ့် Apple ရဲ့ ပထမဆုံး ခေါက်ဖုန်းဖြစ်မယ့် iPhone Fold ကတော့ ကုမ္ပဏီရဲ့ ဂုဏ်ယူစရာ product ဖြစ်လာမှာပါ။
