#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဗီယက်နမ်နှင့် အမေရိကန်တို့ ကုန်သွယ်ရေး သဘောတူညီချက်ရရှိ
အမေရိကန်နှင့် ဗီယက်နမ်တို့အကြား ကုန်သွယ်ရေးသဘောတူညီချက်ရရှိခဲ့ပြီး ဗီယက်နမ်သွင်းကုန်များအပေါ်အခွန် ၂၀ ရာခိုင်နှုန်းသာကောက်ခံမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၂ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ဧပြီလတွင် ဒေါ်နယ်ထရန့်၏ အပြန်အလှန်အခွန်ကောက်ခံမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက်နမ်မှအမေရိကန်သို့တင်ပို့သော ကုန်ပစ္စည်းများကို အခွန် ၄၆ ရာခိုင်နှုန်းကောက်ခံမည်ဟုကြေညာခဲ့သည်။
လက်ရှိသဘောတူညီချက်အရ ဗီယက်နမ်သည် အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံမည်မဟုတ်ပေ။ ဥရောပသမဂ္ဂနှင့် ဂျပန်အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားသည် ထရန့်၏ အခွန်စတင်ကောက်ခံမည့်နေ့မတိုင်မီ အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက်များရရှိရန် ရုန်းကန်နေရဆဲဖြစ်သည်။ ဗီယက်နမ်သည် အက်ပဲကဲ့သို့ နည်းပညာပစ္စည်းများအပါအဝင် ကမ္ဘာကျော်ဖက်ရှင်နှင့် အခြားထုတ်ကုန်များ ထုတ်လုပ်ရာ ဗဟိုချက်ဖြစ်သည်။
ဒေါ်နယ်ထရန့်၏ ပထမအကြိမ်သမ္မတသက်တမ်းအတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အခွန်များကိုရှောင်ရှားရန်အတွက် တရုတ်ကုမ္ပဏီအများအပြား ဗီယက်နမ်သို့ ရွှေ့ပြောင်းမှုများရှိခဲ့သည်။ လက်ရှိသဘောတူညီချက်နှင့်ပတ်သက်၍ အကောင်းမြင်ကြောင်း ဗီယက်နမ်ကုန်သည်ကြီးများအသင်း တာဝန်ရှိသူကပြောသည်။
ဗီယက်နမ်ခေါင်းဆောင်တိုလမ်းသည် ဇူလိုင် ၂ ရက်တွင် ဒေါ်နယ်ထရန့်နှင့် တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး ထရန့်ကို ဗီယက်နမ်သို့လာရောက်ရန် ဖိတ်ကြားခဲ့သည်။ ဒေါ်နယ်ထရန့်မိသားစုသည်ဗီယက်နမ်တွင် အိမ်ခြံမြေလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိသည်။
ဘီဘီစီ
