Spotify မှာ ပရိသတ် ၅ သိန်းခွဲကျော်ရထားတဲ့ AI ရော့ခ်တီးဝိုင်း
AI အဆိုတော် ၊ AI အတီးသမားတွေနဲ့ AI တီးဝိုင်းတွေ လာပါပြီ။
The Velvet Sundown ဆိုတဲ့ AI ရော့ခ်တီးဝိုင်းအဖွဲ့က Spotify မှာ နေ့ချင်းညချင်းဆိုသလို နာမည်အရမ်းကြီးလာပါတယ်။ Spotify မှာ Streaming လုပ်ရင်း လပိုင်းအတွင်း ပရိသတ် ၅ သိန်းခွဲကျော် ရှိလာတာပါ။ အခုဆို လစဉ်နားထောင်သူ ၆ သိန်းခွဲနား ရောက်လာနေပြီလို့ ဆိုပါတယ်။
တစ်လအတွင်းမှာ The Velvet Sundown အဖွဲ့ရဲ့ Floating on Echoes နဲ့ Dust and Silence အယ်လ်ဘမ်နှစ်ချပ် ထွက်ပြီးနောက် ဒီအဖွဲ့ရဲ့ သီချင်းတွေကို နားထောင်သူ တဟုန်းထိုးတက်လာတာပါ။ ဒီ band က AI band ဆိုပေမယ့် တကယ့်ဂီတသမားတွေနဲ့ ဖွဲ့စည်းထားသလိုမျိုး နာမည်တွေ ပေးထားပါတယ်။
၇၀ ပြည့်လွန်နှစ် ဆိုက်ခီဒဲလစ် အော်တာနေးတစ်ရော့ခ်အမျိုးအစား ဂီတတွေ ဖန်တီးတဲ့ ဒီတီးဝိုင်းမှာ အဆိုတော်နဲ့ Mellotron (ကီးဘုတ်ပုံစံတူရိယာ)တီးသူ ဂါဘေး ဖာရိုး ၊ ဂစ်တာသမား လန်နီး ဝက်စ် ၊ Synthesizer တီးသမား မီလို ရိန်းစ် ၊ percussion တီးသူ အော်ရီယွန် ရီယို ဒယ်လ်မာဆိုပြီး AI အဖွဲ့ဝင် ၄ ယောက်ပါတယ်လို့ ဖော်ပြထားပါတယ်။
The Velvet Sundown က Generative AI နဲ့ ဖန်တီးထားတဲ့ တီးဝိုင်းလို့ ပြောနေကြပေမယ့် တရားဝင်အတည်ပြုချက်တော့ ထွက်မလာသေးပါဘူး။ Spotify ကလည်း ဒီ band ကို AI ဆိုပြီးတော့ label တပ်မထားတော့ ပြောရခက်ပါတယ်။
ဒါပေမယ့်လည်း တစ်လအတွင်း အယ်လ်ဘမ်နှစ်ချပ်ထုတ်နိုင်တာ ၊ အဖွဲ့ဝင် artist တွေ အွန်လိုင်းပေါ်မှာရော အပြင်မှာပါ ရှာမတွေ့တာ ၊ အယ်လ်ဘမ်ကာဗာနဲ့ ပုံတွေက AI Generated ဖြစ်ထားတာတွေနဲ့ သီချင်းစာသားနဲ့ အသံတွေက AI ဆန်တာတွေကြောင့် AI တီးဝိုင်းပဲ ဖြစ်ရမယ်လို့ အများက ယူဆနေကြပါတယ်။
အခုလ ၁၄ ရက်နေ့မှာလည်း ဒီ AI band က Paper Sun Rebellion ဆိုတဲ့ တတိယအယ်လ်ဘမ်ထပ်ထွက်ဖို့ ရှိပါတယ်။ The Velvet Sundown ရဲ့ Spotify ပေါ်က လစဉ်ဝင်ငွေတင် ဒေါ်လာ ၅၀၀၀ ကျော်တယ်လို့ ပြောနေကြပါတယ်။
စတူဒီယိုစရိတ်မရှိ ၊ ဂီတပညာရှင်တွေအတွက် ပိုက်ဆံမကုန်ဘဲ AI tools တွေနဲ့ချည်း အယ်လ်ဘမ်ထုတ် တီးဝိုင်းထောင်ပြီး အောင်မြင်နိုင်တယ်ဆိုရင်တော့ ဂီတလောကအတွက် လှုပ်ခတ်ချက်ကြမ်းပြီလို့ ဆိုရမှာပါ။
