6 d - Translate

AI ကို ပုံအောပြီး လူ ၉၀၀၀ အလုပ်ထပ်ဖြုတ်မယ့် Microsoft
ဖွဲ့စည်းပုံပြောင်းမယ်ဆိုတဲ့ Microsoft က နောက်ထပ် ဝန်ထမ်း ၉၀၀၀ လောက် လူလျှော့ဖို့ လုပ်နေပါတယ်။
ကမ္ဘာအနှံ့က အလွှာစုံ Microsoft ဝန်ထမ်းအင်အား ၄% အောက် အလုပ်ပြုတ်မှာပါ။ Microsoft က ပြီးခဲ့တဲ့ မေလကပဲ လူ ၆၀၀၀ ကျော် အလုပ်ဖြုတ်ထားတာပါ။ ဇွန်လထဲမှာလည်း နောက်ထပ်အနည်းဆုံး လူ ၃၀၀ အလုပ်ဖြုတ်တယ်လို့ ကြားပါတယ်။
အခုတစ်ခေါက် လူလျှော့တာက ၂၀၂၃ ကထက် ကြမ်းပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက Microsoft ဝန်ထမ်း ၁၀၀၀၀ အလုပ်ဖြုတ်ခံရတာပါ။ ဒီတစ်ခေါက် လူ ၉၀၀၀ အလုပ်ဖြုတ်ခံရရင်တော့ တစ်နှစ်အတွင်း ဝန်ထမ်း ၁၅၀၀၀ လောက် အလုပ်ဖြုတ်ခံရတာမို့ Microsoft သမိုင်းမှာ ၂၀၁၄ နောက်ပိုင်း အကြီးဆုံးလူလျှော့မှု ဖြစ်လာပါလိမ့်မယ်။
၂၀၁၄ တုန်းက Microsoft က Nokia ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုစီးပွားရေးကို ဝယ်ပြီးနောက်မှာ လူပေါင်း ၁၈၀၀၀ အလုပ်ပြုတ်ခဲ့ပါတယ်။ မေလတုန်းက လူ ၆၀၀၀ ကျော် အလုပ်ဖြုတ်ခဲ့တဲ့ကိစ္စတုန်းက Software Engineer တွေနဲ့ ထုတ်ကုန်စီမံခန့်ခွဲမှုပိုင်းက ဝန်ထမ်းတွေ အများဆုံး အလုပ်ပြုတ်ခဲ့တာပါ။
Microsoft က မတ်လ သုံးလပတ်မှာ ဝင်ငွေဒေါ်လာ ဘီလျံ ၇၀ နဲ့ အသားတင်ဝင်ငွေ ဒေါ်လာ ၂၆ ဘီလျံ မြတ်ခဲ့ပါတယ်။ Wall Street က တွက်ထားတဲ့ ကိန်းဂဏန်းတွေထက်ကို ကျော်ပြီး ဝင်ခဲ့တာပါ။ Microsoft ကတော့ "စဉ်ဆက်မပြတ် ပြောင်းလဲနေတဲ့ ဈေးကွက်ထဲမှာ အောင်မြင်မှုရဖို့ ကုမ္ပဏီဖွဲ့စည်းပုံအပြောင်းအလဲတွေ ဆက်လုပ်မယ်" လို့ ပြောပြီး လူလျှော့ပါတယ်။
AI ကို လုပ်ငန်းခွင်တွေမှာ ပိုပြီး ထိထိရောက်ရောက် အသုံးချလာနိုင်တာနဲ့အမျှ အလုပ်မှာ လူလျှော့တဲ့ ကိစ္စတွေလည်း လိုက်ပါလာတာပါ။ Microsoft CEO ဆတ္တယာ နာဒဲလာကလည်း ကုမ္ပဏီမှာ ရေးတဲ့ code တွေရဲ့ ၂၀-၃၀% က AI နဲ့ ထုတ်နိုင်ပြီလို့ ပြောထားသလို AI model တွေ လေ့ကျင့်ဖို့ ဒေတာစင်တာကြီးတွေမှာ ဒေါ်လာဘီလျံ ၈၀ သုံးနေတယ်လို့ ဆိုပါတယ်။
AI သက်ရောက်မှုက လူ့အလုပ်အကိုင်တွေပေါ် အနှေးနဲ့အမြန် ထိခိုက်မှုတွေ ရှိလာတယ်လို့ ဆိုရမှာပါ။

image