မျက်လုံးတစ်ဖက်တည်းနဲ့ ချန်ပီယံဖြစ်လာသူ Michael Bisping
ပရိသတ်တွေက Michael Bisping ကို မုန်းရင်လည်း မုန်းကြလိမ့်မယ်။ ဒီလူကြီးက လေကြီးအာကျယ်လုပ်ထားတာ မနည်းဘူး။ ဒီလိုလုပ်နိုင်အောင်လည်း သူ့ဘက်က ကြိုးစားခဲ့ရတာပါ။ မှောင်အမိုက်ဆုံး ကာလတွေကို ခါးစည်းပြီး ကျော်ဖြတ်ခဲ့ရတယ်။ ကိုယ်လက်အင်္ဂါအစုံပါတဲ့ ကစားသမားတွေတောင် UFC အဖွဲ့အစည်းမှာ ချန်ပီယံဖြစ်ဖို့ မလွယ်ဘူး။ ဆရာကြီးက မျက်လုံးတစ်လုံးတည်းကို အားပြုပြီး ချန်ပီယံဖြစ်လာတာပါ။
အရင်တုန်းက Michael Bisping လည်း မျက်လုံးကောင်းပါတယ်။ Vitor Belfort ကို မထိုးခင်ထိ ကောင်းသေးတယ်။ ဒုတိယအချီမှာ အမြင့်ကန်ချက်မိပြီး အလဲထိုးခံလိုက်ရတယ်။ အမြင့်ကန်ချက်ကြောင့်ပဲ မျက်လွှာစုတ်ပြဲတယ်။ တကယ်ဆိုရင် ချက်ချင်းကုရမှာပါ။ အဲဒီအချိန်တုန်းက ငွေကြေးမတောင့်တင်းသေးဘူး။ ဆရာဝန်ပြရင် ပွဲမထိုးခိုင်းဘူးဆိုတာ ရိပ်မိတယ်။ ကြိတ်ကုတယ်။ နောက် (၃) လအကြာမှာ ပွဲပြန်ထိုးတယ်။
Michael Bisping ရဲ့ မြင်လွှာက တဖြည်းဖြည်းပိုဆိုးလာတယ်။ ခွဲစိတ်ကုသပေမယ့် မအောင်မြင်တော့ဘူး။ အချိန်လွန်သွားတယ်။ စိတ်ဓာတ်ကျပြီး အရက်တွေ သောက်နေမိတယ်။ အနားယူလို့ မဖြစ်သေးဘူး။ ပိုက်ဆံထပ်ရှာရဦးမယ်။ UFC အဖွဲ့အစည်းက သိရင် အနားယူခိုင်းမှာ စိုးရိမ်ပါတယ်။ အသိပေးလို့လည်း မဖြစ်ဘူး။ ပွဲမတိုင်ခင်မှာ စစ်လေ့ရှိတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း စစ်ဆေးတာပါ။ ညာမျက်လုံးကွယ်တာကို ဆရာဝန်က မရိပ်မိဘူး။ သာမန်ကာလျှံကာလုပ်လို့ မသိတာပါ။
ဆရာဝန်က မျက်လုံးတစ်ဖက်ကို ပိတ်ခိုင်းထားပြီး လက်ထောင်ပြတယ်။ ဘယ်နှချောင်းထောင်ထားသလဲ ပြန်မေးတယ်။ တစ်လုံးချင်းစစ်ရင် Michael Bisping က တိုင်ပတ်ပြီ။ ဆရာဝန်က တစ်ချောင်းထောင်ပြရင် နည်းပြဆရာ Jason Parillo က ချောင်းဆိုးပြတယ်။ နှစ်ချောင်းထောင်ရင် သမ်းပြတယ်။ ဆရာတပည့်နှစ်ယောက်ပေါင်းပြီး ဆရာဝန်ကို ဂျင်းထည့်ခဲ့ဖူးတယ်။
Vitor Belfort က Testosterone Replacement Therapy (TRT) လုပ်ပြီး ကျားဟော်မုန်းအစားသွင်းထားတယ်။ ကြွက်သားထုထည်ပိုကြီးနေပြီး ခွန်အားပိုကောင်းနေတယ်။ လက်သီးပါဝါပိုကြီးတယ်။ အဲဒီအချိန်တုန်းက TRT လုပ်တာကို ပြည်နယ်အားကစားကော်မရှင်က မတားမြစ်သေးပါဘူး။ နောက်ပိုင်းမှာ TRT လုပ်ရင် တားမြစ်ဆေးသုံးတယ်လို့ သတ်မှတ်လိုက်တယ်။ ညစ်တယ်လို့ မဆိုနိုင်ပေမယ့် ညစ်သလိုဖြစ်သွားတယ်။ Michael Bisping က Vitor Belfort ကို တော်တော်မုန်းတယ်။ လူညစ်လို့ ပြောနေတယ်။ အခုထိလည်း စကားမပြောပါဘူး။
မျက်လုံးတစ်ဖက်တည်းသုံးပြီး ပွဲထိုးရလို့ Michael Bisping က အမြင်အာရုံအားနည်းတယ်။ ဘယ်မျက်လုံးကို ဆက်ထိရင် တိုင်ပတ်သွားတယ်။ Jon Jones နဲ့ Daniel Cormier တို့လို မျက်လုံးနှိုက်တဲ့ ကစားသမားတွေနဲ့ မတွေ့ခဲ့တာ ကံကောင်းတယ်။
မျက်လုံးတစ်ဖက်တည်းမြင်ရပေမယ့် နောက် (၃) နှစ်အကြာမှာ Michael Bisping က Luke Rockhold ကို အလဲထိုးပြီး မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်တယ်။ ဒီလိုဖြစ်လာဖို့ သူရုန်းကန်ခဲ့ရတာ မလွယ်ကူပါဘူး။ အခုချိန်မှာ အားကစားသုံးသပ်သူလုပ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်မှာ သာယာနေပြီ။
