နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးအသုံးစရိတ် ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းထိ တိုးမြှင့်သုံးစွဲဖို့ သဘောတူပြီ
သည်ဟိဂ်၊ ဇွန်-၂၆-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လပေါင်းများစွာ ဖိအားပေးပြီးနောက် နေတိုးအဖွဲ့ခေါင်းဆောင်တွေဟာ ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၃၅ ခုနှစ်ကစပြီး နိုင်ငံဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းသုံးစွဲဖို့ကို သဘောလိုက်ပါတယ်။
သည်ဟိတ်မှာ ကျင်းပတဲ့ နေတိုးထိပ်သီးဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ ဒီသဘောတူညီချက်ဟာ ဥရောပနဲ့ အနောက်တိုင်းအတွက် ကြီးမားတဲ့ အောင်ပွဲလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဆိုးရွားလာတဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ဆန့်ကျင်ပြီး စည်းလုံးညီညွှတ်နေကြောင်း ရုရှားရဲ့ ကာလရှည်ကြာ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေကို ရည်ညွှန်းပြီး ပူးတွဲကြေညာချက်မှာ ပြောပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရပါက မဟာမိတ်အဖွဲ့မှ အပြည့်အ၀ တုံ့ပြန်မှုပြုလုပ်မယ့် အခြေခံမူကိုလည်း နေတိုးခေါင်းဆောင်တွေက ထပ်မံကတိပြုခဲ့ကြပါတယ်။ ဒါပေမယ့် ထုတ်ပြန်ချက်မှာတော့ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကို ရှုတ်ချကြောင်း ပြောကြားခြင်းမရှိခဲ့ပါဘူး။
နေတိုးအဖွဲ့ရဲ့ လုံခြုံရေးကို စိန်ခေါ်ရင် အဖွဲ့ရဲ့ စွမ်းဆောင်ရည် ဒါမှမဟုတ် ဆုံးဖြတ်ချက်ကို ဘယ်သူမှ သံသယမဖြစ်သင့်ဘူးလို့ နေတိုးအကြီးအကဲ မာ့ခ်ရူတီက ပြောပါတယ်။ နေတိုးအဖွဲ့ဟာ ခိုင်မာပြီး တရားမျှတမှုကို သေချာစေမယ့် မဟာမိတ်အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
သည်ဟိဂ်အစည်းအဝေးမှာ သမိုင်းဝင်ဖြစ်ကြောင်း နေတိုးခေါင်းဆောင်တွေကလည်း ထုတ်ဖော်ပြောဆိုထားပြီး ယူကရိန်းကို ဆက်လက်ပံ့ပိုးမယ်လို့လည်း မာ့ရူတီက ပြောပါတယ်။ ၂၀၁၉ ခုနှစ်နောက်ပိုင်း နေတိုးအစည်းအဝေး ပထမဆုံးအကြိမ် တက်ရောက်ခဲ့တဲ့ ဒေါ်နယ်ထရန့်ဟာ အစည်းအဝေးပြင်ပမှာ ယူကရိန်းခေါင်းဆောင် ဇီလန်စကီးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ယူကရိန်းအပစ်အခတ်ရပ်စဲရေးဟာ မျှော်လင့်ထားတာထက် ပိုမိုခက်ခဲတယ်လို့ ဒေါ်နယ်ထရန့်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ယူကရိန်းအတွက် နောက်ထပ်လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးမယ့် အလားအလာရှိတယ်လို့ ထရန့်က ထုတ်ဖော်ပြောဆိုပါတယ်။
Ref:BBC
Photo:AFP/BBC

image