1 w - Translate

"ရသစာပေကောင်းမှန်ရင် ဂုဏ်သတ္တိ သုံးရပ် ပါဝင်ပါတယ်။ပထမတစ်ချက်က ခံစားမှု စည်းစိမ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့ သိမြင်မှု ထက်မြက်စေခြင်းဖြစ်ပါတယ်..."
~~~∆~~~∆~~~∆~~~∆~~~
ဒီစာအုပ်က ၁၉၇၂ ခုနှစ် အတွက် ဆရာတက္ကသိုလ်ဘုန်းနိုင် အမျိုးသားစာပေဝတ္ထုရှည်ဆုရခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ အချစ်ဝတ္ထုတစ်ပုဒ်အနေနဲ့ ဖတ်ရှုခံစားနိုင်သလို စိတ်ပညာကျမ်းကို နားဝင်လွယ်အောင် ဝတ္ထုဟန်နဲ့ တင်ပြထားတာမျိုးလည်း ဖြစ်တာမို့ စိတ်ပညာလေ့လာလိုသူတွေလည်း ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
စိတ်ပညာနဲ့ဆိုင်တဲ့ ပညာရပ်စကားလုံးတွေကို နားရှင်းလွယ်အောင် ရေးပြထားတာမို့ သုတရော ရသပါ ရစေတဲ့ ဝတ္ထုကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ အမှာစာအရ ခွဲခြမ်းစိတ်ဖြာ စိတ်ပညာသင်ရိုး ပြဌာန်းစာအုပ်ပါ ရောဂါဇာတ်လမ်းမှတ်တမ်း ကေ့စ် တစ်ခုကို ကျောရိုးပြုပြီး ဒီဝတ္ထုကိုရေးဖွဲ့ထားကြောင်း သိရပါတယ်။
ဇာတ်လမ်းကို အကျဉ်းမျှ ပြောပါရစေ။ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင် ၃ဦး ပါဝင်ပါတယ်။ စိတ်ပညာ ကထိက ဦးမြင့်နွယ်။ ဦးမြင့်နွယ်ငယ်စဉ်က တွေ့ ခဲ့ရတဲ့ ငယ်ရည်းစား စင်သီယာ(သီတာလွင်)။ ဦးမြင့်နွယ် စိတ်ပညာကထိကဖြစ်ပြီးမှ တွေ့ရတဲ့ မွန်မွန်။
မွန်မွန်က စိတ်ရောဂါတစ်ခုကြောင့် ၁၅နှစ်သမီးအရွယ်‌လောက်ရောက်မှ ညာဖက်လက်တစ်ဖက် လှုပ်မရတော့ဘဲ ဒုက္ခိတဖြစ်နေရှာသူပါ။
မွန်မွန်နဲ့က လက်ရှိခေတ် အနေအထား အသက်အရွယ်မှာ ကြုံရတာ။ စင်သီယာနဲ့က ငယ်ငယ်တုန်းက ကြုံရတာ။
ဒီတော့ ဝတ္ထုကို ပစ္စုပ္ပန်မှာ မွန်မွန်နဲ့ ‌တွေ့လိုက်၊ တိုက်ဆိုင်တဲ့ အချက်ကလေးတွေ ရှိတဲ့အခါ အတိတ်က စင်သီယာနဲ့ အဖြစ်အပျက်လေးတွေ ပြန်အောက်မေ့လိုက်ဖြစ်ရပုံမျိုး
အတိတ်နဲ့ ပစ္စုပ္ပန် ကာလနှစ်ခုကို ယှက်ဖွဲ့ပြီး ရေးထားပါတယ်။ ဖတ်ရင်း ဇာတ်ကြောင်းကို တဖြည်းဖြည်းချင်း ဖြေချပြလိုက်တော့မှ မွန်မွန်ဟာ စင်သီယာရဲ့ သမီးဖြစ်နေတာကို သိရပါတယ်။
မောင်မြင့်နွယ်နဲ့ စင်သီယာ ဘဝတုန်းကတော့ မောင်မြင့်နွယ်က ဆင်းရဲသား။ ဘာဂုဏ်ဒြပ်မှ မရှိသူ။ စင်သီယာ‌က အရေးပိုင်သမီး၊ ရုပ်ရည်ရူပကာ စည်းစိမ်ဥစ္စာ အစစ ပြည့်စုံသူ။ သူတို့နှစ်ဦးဟာ သိပ်ချစ်ကြပေမယ့် မောင်မြင့်နွယ်ဟာ လက်တွေ့ဆန်တဲ့ ဘဝကိုရွေးချယ်လိုက်တာ‌‌ကြောင့် စင်သီယာနဲ့ လွဲခဲ့ရတယ်။စင်သီယာက ဂုဏ်ရည်တူ မိုးကုတ်ကကျောက်တွင်းသူဌေးသား ဦးနေအောင်နဲ့ လက်ထပ်သွားပါတယ်။မောင်မြင့်နွယ်လည်း ရရာအလုပ်လုပ်ရင်း ရန်ကုန်မှာ ကျောင်းဆက်တက်ပြီး စိတ်ပညာဌာနမှာ ကထိက ဖြစ်လာပါတယ်။
ခု စိတ်ပညာဌာနမှာ ကထိက ဖြစ်တော့ တိုက်တိုက်ဆိုင်ဆိုင် စင်သီယာ့သမီး မွန်မွန်နဲ့ တွေ့ရပြီး သံယောဇဉ်ဖြစ်မိရပြန်တယ်။ မွန်မွန့်ကို ဦးမြင့်နွယ်က စိတ်ပညာကုထုံးနဲ့ ကုပေးရင်း တစ်ဦးနဲ့တစ်ဦးသံယောဇဉ်တွေ ဖြစ်လာကြတယ်။ ဦးမြင့်နွယ်က လူကြီး ဖြစ်တာကြောင့် သူ့စိတ်ကို ထိန်းချုပ်နိုင်ပေမယ့် မွန်မွန့်အတွက်တော့ မလွယ်ပါဘူး။ ဘာတွေဆက်ဖြစ်လာမလဲ။ ရင်ခုန်ရ၊စိတ်လှုပ်ရှားရနဲ့ဖတ်ရပါတယ်။ ဇာတ်သိမ်းလေး ဖတ်ပြီးတော့မှ ကြည်ကြည်နူးနူးနဲ့ ဇာတ်လမ်းထဲစီးမျောသွားပြီး စာဖတ်သူကျွန်တော်ပါ ပြုံးပြုံးကြီး ကျန်ခဲ့ရတဲ့ ဝတ္ထုဖြစ်ပါတယ်။
ဝတ္ထုရှည်တစ်ပုဒ်ကို ဒီလိုအနှစ်ချုပ်‌ ပြောလိုက်တော့ စာဖတ်သူ တကယ်ရရမယ့် သုတရသတွေ ပါအောင် ကျွန်တော် မတတ်နိုင်‌တော့ပါဘူး။ တကယ့်မူရင်းဝတ္ထု မှာ ဖတ်ရင်း တစိမ့်စိမ့် ရင်ခုန်ရတဲ့ အရသာမျိုးဟာ ခုကျွန်တော်ပြောတဲ့အထဲမှာ ပါမလာတော့ပါဘူး။ ကျွန်တော်ပြောနိုင်တာကတော့ ဝတ္ထုတစ်အုပ်လုံး ဖတ်ပြီးတဲ့အခါ ရင်ခုန်ကြည်နူးစရာ ဇာတ်သိမ်းလေးတစ်ခု စာဖတ်သူ ရင်ထဲ စွဲထင်ကျန်ရစ်စေခဲ့မှာ မလွဲဘူးဆိုတာပါပဲ။ ကျွန်တော့်အနေနဲ့တော့ ဒီဝတ္ထုကို အတော်ကြိုက်ပါတယ်။
ဝတ္ထုဇာတ်ကောင်တွေရဲ့ ပြောစကားကတစ်ဆင့် ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ အယူအဆ ၊ အတွေးအခေါ် ဒဿန အချို့ကိုလည်း ကြိုက်လို့ ‌အောက်မှာ ဖော်ပြလိုက်ပါတယ်။
"ဦးနှောက်ကောင်းတိုင်း လူတစ်ယောက်ဟာ ရာခိုင်နှုန်း တစ်ရာပြည့်တဲ့လူ မဟုတ်သေးဘူး။ နှလုံးသားလည်း သိမ်မွေ့ မှ။ နှလုံးသားသိမ်မွေ့ဖို့က စာပေ ကဗျာတွေ အနုပညာတွေကမှ တတ်နိုင်တာ" (စာ -၅၇)
"ရသစာပေကောင်းမှန်ရင် ဂုဏ်သတ္တိ သုံးရပ် ပါဝင်ပါတယ်။ပထမတစ်ချက်က ခံစားမှု စည်းစိမ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့ သိမြင်မှု ထက်မြက်စေခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ နှစ်ပိုင်း ထပ်ခွဲရပြန်ပါတယ်။ ပတ်ဝန်းကျင်ကို သိမြင်မှု ထက်မြက်စေခြင်းနဲ့ မိမိရဲ့ အဇ္ဈတ္တကို သိမြင်မှုထက်မြက်စေခြင်းတို့ ဖြစ်ပါတယ်။ ‌တတိယတစ်ချက်ကတော့ လောကအမြင်ပေးနိုင်ခြင်း ဖြစ်ပါတယ်.. "(စာ ၈၈~၈၉)
" စိတ်ဆိုတာကို တတ်နိုင်သမျှ အလိုပြည့်ပါစေ။ စိတ်ကို အလိုလိုက်တာဟာတော့ မကောင်းဘူး။ ဒါပေမယ့် ပြည့်သင့်သမျှ အလိုပြည့်စေတာကတော့ အရေးကြီးတယ်။ ရုပ်ခန္ဓာဟာ ထိုက်သင့်တဲ့ အာဟာရ မရှိရင် မဖြစ်သလိုပဲ စိတ်ခန္ဓာဟာလည်း တစ်စုံတစ်ရာသော အတိုင်းအတာအထိတော့ သူလိုချင်တဲ့ အာဟာရ ပြည့်မှ ဖြစ်တယ်။ စိတ်ဆိုတာဟာ ဝမ်းသာမှု၊ကျေနပ်မှု၊ ချစ်ခင်မှု၊ချစ်ခင်ခံရမှု၊အဲဒါလေးတွေကို နှစ်သက်တတ်ပါတယ်။ အဲဒါလေးတွေကို ရပါစေ..."(စာ ၉၅)
တီးတိုး
#နှင်းငွေတစ်ထောင့်မိုးတစ်မှောင့်
#တက္ကသိုလ်ဘုန်းနိုင်

image