မောင်းသူမဲ့ Robotaxi ပြေးဆွဲနေပြီ ဖြစ်တဲ့ Tesla
အီလွန်မတ်စ်ရဲ့ ယာဉ်မောင်းမပါတဲ့ robotaxi ကားတွေ အော်စတင်မြို့မှာ စပြီး ပြေးဆွဲနေပါပြီ။
robotaxi ဆိုပေမယ့် အရင်နှစ် We, Robot ပွဲမှာ ပြသွားတဲ့ Cybercab ကားတွေတော့ မသုံးသေးပါဘူး။ Model Y တွေနဲ့ ကုမ္ပဏီပိုင်ကားတွေမှာ FSD ယာဉ်မောင်းနည်းပညာထည့်ပြီး တက္ကစီဆွဲတာပါ။
ခရီးသည်တွေ Tesla မောင်းသူမဲ့ကား ငှားလို့ရပြီဆိုပေမယ့် လောလောဆယ်တော့ Tesla fan တွေပဲ အရင်ငှားလို့ရမှာပါ။ ကားကလည်း ၁၀ စင်းလောက်ပဲ သုံးပါတယ်။ ယာဉ်အန္တရာယ်ဘေးကင်းအောင်ဆိုပြီး safety driver ထားတာမျိုးတော့ မရှိပါဘူး။ အဲ့ဒီအစား ရှေ့ခန်း ခရီးသည်ထိုင်ခုံနေရာမှာပဲ Tesla ဝန်ထမ်းတစ်ယောက် လိုက်ပါစောင့်ကြည့်ပေးနေတာပါ။
လမ်းကြောင်းမှာ ဘေးကင်းအောင် virtual opertor ကလည်း စောင့်ကြည့်ပေးဦးမှာပါ။ Tesla robotaxi တွေရဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာက AI နဲ့ Vision ကင်မရာတွေပေါ် အဓိကထားပြီး ယာဉ်လမ်းကြောင်းနဲ့ ပတ်ဝန်းကျင်ကို ကြည့်ပါတယ်။ Tesla နဲ့ ပြိုင်ဘက် Google ပိုင် Waymo ကတော့ LiDAR , Radar ၊ ကင်မရာစတဲ့ အာရုံခံ sensor စနစ်တွေ အများကြီး သုံးပြီး လမ်းကြောင်းကို ထောက်လှမ်းပါတယ်။
Waymo ရဲ့ အာရုံခံနည်းပညာက ရာသီဥတုဆိုးရွားနေချိန်မှာတောင် ပတ်ဝန်းကျင်အနေအထားကို သိနိုင်လို့ ပိုဘေးကင်းတယ်လို့ ပြောပါတယ်။ Telsa FSD နည်းပညာက ကုန်ကျစရိတ်အများကြီးသက်သာပေမယ့် ယာဉ်တိုက်မှုတွေ ဖြစ်ဖူးလို့ စိတ်မချရဘူးလို့ ပြောသူတွေလည်း ရှိပါတယ်။
အော်စတင်မှာ အခု Tesla ပြေးဆွဲနေတာက ကန့်သတ်ထားတဲ့ အလျား ၁၀ မိုင် အနံ ၅ မိုင်အတွင်းပါ။ ဈေးကတော့ တော်တော်လေး သက်သာပါတယ်။ သတ်မှတ်မိုင်အတွင်း ဘယ်သွားသွား ၄.၂၀ ဒေါ်လာပါပဲ။ ဒါက အစမ်းကာလပရိုမိုးရှင်းဈေးပါ။ နောက်တော့ သွားမယ့်နေရာပေါ် လိုက်ပြီး ဈေးနှုန်းပြောင်းပါလိမ့်မယ်။
အီလွန်မတ်စ်ကတော့ Robotaxi တွေ အရှိန်အဟုန်နဲ့ တိုးတက်လာရင် တစ်မိုင်ကို တက္ကစီခ ၀.၂၀ ဒေါ်လာကနေ ၀.၃၀ ဒေါ်လာအတွင်းပဲ ရှိမယ်လို့ ပြောဖူးပါတယ်။ အခုလို ဈေးသက်သာပြီး FSD ဆော့ဖ်ဝဲလ်သာ စိတ်ချရမယ်ဆိုရင် Tesla robotaix က သမရိုးကျကားအငှားဈေးကွက်ကို မြေလှန်ပစ်နိုင်ဖို့ ရှိပါတယ်။
