Neta EV ကားတွေ ထုတ်နေတဲ့ Hozon ဒေဝါလီခံ
ဈေးသက်သာတဲ့ NETA EV ကားတွေ ထုတ်နေတဲ့ မိခင်တရုတ်ကုမ္ပဏီ တရားဝင်ဒေဝါလီခံသွားပါပြီ။
NETA လျှပ်စစ်ကားတွေ ထုတ်နေတဲ့ Zhejiang Hozon New Energy Automobile က တရားဝင် ဒေဝါလီခံကြောင်းကို ဇွန်လ ၁၉ ရက်နေ့ကတည်းက တရုတ်နိုင်ငံပိုင် CCTV သတင်းက ဖော်ပြခဲ့တာပါ။ ပေးစရာအကြွေး ယွမ် ၁၀ ဘီလျံ (ဒေါ်လာ ၁.၄ ဘီလျံ) ကျော်ရှိနေတဲ့ Hozon ဟာ အကြွေးတွေ ပိပြီး တရားစွဲခံရတဲ့နောက် ဒေဝါလီခံလိုက်တာပါ။
Hozon က မနှစ်ကတည်းက တရုတ်မှာ အခြေအနေမကောင်းလို့ showroom တွေ အများကြီး ပိတ်ထားရတာပါ။ ၂၀၂၄ နိုဝင်ဘာကတည်းက ဝန်ထမ်းလစာမရလို့ဆိုပြီး ရာနဲ့ချီတဲ့ သူ့ဝန်ထမ်းတွေကလည်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်းမှာဆို NETA Auto အပိုပစ္စည်းပြတ်တာ ၊ အာမခံ ပြန်ထုတ်ပေးဖို့ ကြာတာ နဲ့ services အဆင်မပြေတာတွေကြောင့် ပြဿနာတွေ တက်ထားပါတယ်။ တချို့ဆို ၁၀ လလောက်အထိတောင် စောင့်ခိုင်းတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါတွေက NETA ကို ဖောက်သည်တွေ ယုံကြည်မှုနည်းစေတဲ့ အချက်တွေပါ။
နောက်တော့ NETA နဲ့ လက်တွဲထားတဲ့ dealers တွေလည်း လက်တွဲဖြုတ်ကုန်ပါတယ်။ ထိုင်းမှာ NETA ကား showroom ၆၀ ရှိရာကနေ ၄၀ အထိ ကျသွားသလို ထပ်လျှော့ချတာတွေလည်း ရှိဦးမှာပါ။ အဓိကက ငွေကြေးအရှုပ်အရှင်းကိစ္စတွေပါ။
ထိုင်း NETA Auto ရဲ့ GM ဆွန်ပေါင်လုံကတော့ "ကုမ္ပဏီက ကြွေးမြီနဲ့ လုပ်ငန်းဖွဲ့စည်းပုံပြန်ပြင်နေတယ်" လို့ ပြောပြီး "တရုတ်မှာ NETA ရှိသရွေ့ ထိုင်းမှာလည်း NETA ရှိနေမယ်" ဆိုတာမျိုး ပြောပါတယ်။
NETA က ၂၀၂၂ မှာ ကားအစီးရေ ၁၅၂၀၀၀ ရောင်းနိုင်ခဲ့ပေမယ့် ၂၀၂၃ နဲ့ ၂၀၂၄ မှာ ၁၂၇၅၀၀ နဲ့ ၆၄၅၄၉ စီးပဲ ရောင်းနိုင်ခဲ့ပါတယ်။ အခုနှစ် ဇန်နဝါရီလထဲမှာ NETA ကားရောင်းအားက အစီးရေ ၁၁၀ အထိတောင် ထိုးကျသွားတာပါ။ ထိုင်း EV ဈေးကွက်ထဲက price war ကလည်း NETA ကို အလဲထိုးခဲ့တဲ့ အချက်ထဲမှာ ပါပါတယ်။
NETA V မော်ဒယ်တစ်စီးက ထိုင်းမှာ ဘတ် ၅၄၉၀၀၀ ဈေးက စရောင်းပါတယ်။ ပြိုင်ဘက် BYD , Geely , Changan , SAIC Motor ကုမ္ပဏီကြီးတွေနဲ့ ယှဉ်ရင် EV ကားတွေထဲမှာ ဈေးသက်သာတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် EV လောက ဈေးကွက်ပြိုင်ဆိုင်မှုက ပြင်းထန်ပါတယ်။ အပြိုင်အဆိုင် ဈေးချရောင်းချိန်မှာ NETA ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းက ကျသွားတာပါ။
NETA ဟာ EV ကားထုတ်ဖို့ စက်ရုံ ထိုင်းမှာ ဆောက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ထိုင်းအစိုးရရဲ့ EV 3.0 scheme ကနေ ထောက်ပံ့ကြေးတွေ ရခဲ့တာပါ။ ဒီသတ်မှတ်ချက် မလိုက်နာနိုင်ရင် ထောက်ပံ့ကြေး ပြန်ပေးရမယ့်အခြေအနေလည်း ရှိပါတယ်။ ထိုင်းအစိုးရရဲ့ EV ထုတ်လုပ်ရေးလိုအပ်ချက်အရဆို NETA က ဒီနှစ်ထဲ ထိုင်းမှာ EV ကားအစီးရေ ၁၉၀၀ ထုတ်လုပ်ရမှာ ဖြစ်ပေမယ့် အခုထိ အစီး ၄၀၀၀ ပဲ ထုတ်လုပ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Hozon Auto ဟာ ၂၀၂၂ ထဲမှာ NETA အမှတ်တံဆိပ် EV ကားတွေ မြန်မာပြည်တွင်းဈေးကွက်ထဲ စတင်မိတ်ဆက်ထားပါတယ်။
