1 w - Translate

“ဒီဇင်ဘာလ တတိယပတ်ကနေ ၂၀၂၆ ဇန်နဝါရီလ ဒုတိယပတ်အတွင်းမှာ လေးပတ်အတွင်း ရွေးကောက်ပွဲ ပြီးသွားမယ်”

(ပြည်တွင်း) ဇွန် ၂၅
လွှတ်တော်ပေါ်ပေါက်လာပြီး ကျွန်တော်တို့သွားချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်တဲ့ အချိန်အခါမျိုးမှာ လက်နက်စွဲကိုင်ပြီး မိမိတို့ လိုလားချက်တွေကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာနဲ့ မိမိတို့ရဲ့ ဆန္ဒကိုသာ ဦးစားပေး လုပ်ဆောင်ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီနဲ့ သွေဖယ်နေတယ် မှန်ကန်တဲ့ လမ်းစဉ်မဟုတ်ဘူးဆိုတာကိုလည်း အလေးအနက် သတိပြုကြစေလိုပါတယ်။ မိမိတို့လိုလားချက်တွေကို လွှတ်တော်အသီးသီးမှာ ဆွေးနွေးဆုံးဖြတ်အတည်ပြုဆောင်ရွက်သွားကြမှာပဲဖြစ်ပါတယ် လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။သုံးရက်ကြာ ကျင်းပမယ့် ငြိမ်းချမ်းရေးဖိုရမ်-Peace Forum 2025 ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားချိန်မှာ ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နစက ဥက္ကဋ္ဌက “ကျွန်တော်တို့က လာမယ့် ဒီဇင်ဘာလ တတိယပတ်ကနေ ၂၀၂၆ ဇန်နဝါရီလ ဒုတိယပတ်အတွင်းမှာ လေးပတ်အတွင်း ရွေးကောက်ပွဲ ပြီးသွားမှာပါ။ ရက်တော့ ချိန်နေပါတယ်။ အဲဒီအချိန်က အတော်လေး အလုပ်ရှုပ်တဲ့ကာလဖြစ်တဲ့အတွက် ဘယ်ရက်ကို လုပ်မလဲဆိုတာ၊ ဘယ်လိုနည်းလမ်းနဲ့ လုပ်မလဲဆိုတာ တော်တော်လေး စဉ်းစားပါတယ်။ အကောင်းဆုံးဖြစ်အောင် စဉ်းစားပါတယ်” လို့ပြောပါတယ်။

“အခု ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်လျက်ရှိနေပါပြီ။ အဓိကကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုပါတယ်။ အခုလက်ရှိအခြေအနေမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်အသီးသီးရဲ့ ရွေးကောက်ပွဲဥပဒေများအရ ရွေးကောက်ပွဲနဲ့ လွှတ်တော်အသီးသီးကို ခေါ်ယူကျင်းပခြင်းတို့ကိုလည်း ဥပဒေနဲ့ အညီဆောင်ရွက်နိုင်ကြောင်း တွေ့ရှိပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တာကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မူလရည်မှန်းထားတဲ့အတိုင်း ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ အညီ ရွေးကောက်ပွဲကျင်းပပြီး ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမှာဖြစ်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

“ပြည်သူတွေလိုလား‌တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်မှာဖြစ်ပြီး စတင်တာဝန်ယူစဉ်ကတည်းက ရှေ့လုပ်ငန်းစဉ် (၅) ရပ်ရဲ့ အမှတ်စဉ် (၅) မှာ ထည့်သွင်းချမှတ်ထားတာကြောင့် အစိုးရက မူလရည်မှန်းထားတဲ့ ရွေးကောက်ပွဲကို ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း သူ့ရဲ့အဖွင့်အမှာစကားမှာပါရှိပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ စတင်တာဝန်ယူကတည်းက ရွေးကောက်ပွဲရလဒ် မသမာမှုတွေဖြစ်တဲ့အတွက် တာဝန်ယူခဲ့တာဖြစ်ပြီး ယခုအခါ ပြီးခဲ့တဲ့ ရွေးကောက်ပွဲပြဿနာတွေကို ရှင်းခဲ့ပြီးဖြစ်တယ်လို့ နစကဥက္ကဋ္ဌ ပြောပါတယ်။

ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ်- Peace Forum 2025 ‌ကို နေပြည်တော်မှာ ဒီနေ့ ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းကစတင်ကာ ဇွန်လ ၂၇ ရက်နေ့အထိ ၃ ရက်တာကျင်းပသွားမယ်လို့ သိရပါတယ်။

image