#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အရပ်သားတစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် လီဂျေးမြောင်ရွေးချယ်
တောင်ကိုရီးယား သမ္မတလီဂျေးမြောင်သည် ဝါရင့်လွှတ်တော် အမတ်အန်ဂျူဘတ်ခ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ဇွန် ၂၃ ရက်တွင် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။
အန်ဂျူဘတ်ခ်သည် တောင်ကိုရီးယားနိုင်ငံအတွက် (၆၄) နှစ်တာ ကာလအတွင်း ပထမဆုံး အရပ်သားကာကွယ်ရေးဝန်ကြီး ဖြစ်လာလိမ့်မည်ဖြစ်သည်။
တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် ဇွန် ၂၃ ရက်တွင် ကာကွယ်ရေးဝန်ကြီး နေရာအပြင်အခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာ ၁၀ နေရာအတွက် အမည်စာရင်းပေးသွင်းမှုများလည်း ပြုလုပ်ခဲ့သည်။
သမ္မတသစ် လီဂျေးမြောင်၏ တောင်ကိုရီးယားအစိုးရအဖွဲ့သစ် တွင် ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးဟောင်း ချိုဟွန်းက နိုင်ငံခြားရေးဝန်ကြီးတာဝန်ရယူထားပြီး မြောက်ကိုရီးယားပြဿနာကို သံတမန်နည်းလမ်းအရဖြေရှင်းရန် လိုလားသည့် လွှတ်တော်အမတ် ချောင်ဒေါင်ယန်းက ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဝန်ကြီး တာဝန်ကို ရယူထားကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး ဥပဒေကြေညာပြဋ္ဌာန်းရန် ကြိုးပမ်းမှုဖြင့်သမ္မတဟောင်း ယွန်းဆွတ်ယိုး ရာထူးမှဖယ်ရှားခံခဲ့ရပြီးနောက် ဇွန် ၃ ရက်တွင်ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် လီဂျေးမြောင်က အတိုက်အခံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတလောင်းအဖြစ် အနိုင်ရရှိခဲ့သည်။
ယင်းနောက် လီဂျေးမြောင်သည် အသွင်ပြောင်းကာလမထားဘဲ ဇွန် ၄ ရက်မှာပင် သမ္မတရာထူးကိုစတင်ရယူခဲ့သည်။
ရိုက်တာ
