၄ လက်မ cover screen နဲ့ အဆင့်မြင့် SoC သုံးမယ့် Xiaomi Mix Flip 2
ဒီတစ်ပတ် ဇွန် ၂၆ ရက် တရုတ်မှာ Mix Flip 2 သစ် ထွက်ပါမယ်။ Xiaomi ရဲ့ ဒုတိယမျိုးဆက် တန်းမြင့် flip ဖုန်းပါ။
တရားဝင်မိတ်ဆက်ပွဲမရောက်သေးပေမယ့် Mix Flip 2 အကြောင်းတော့ အကုန်လိုလို သိနေရပါပြီ။ Xiaomi က ထုတ်ပေးလိုက်တဲ့ teaser ပုံတွေ ကြည့်ရသလောက် Mix Flip 2 က ထောင်လိုက် camera layout နဲ့ အရင် Mix Flip ဒီဇိုင်းကိုပဲ သုံးပါတယ်။
cover screen က bezel ပါးပါးသုံး ၄.၀၁ လက်မ dual-curved display သုံးပါမယ်။ အတွင်း screen က ၆.၈၅ လက်မဆိုဒ် 120Hz LTPO AMOLED နဲ့ လာပြီး 1.5K resolution သုံးမယ်လို့ ဆိုပါတယ်။ Unfold ဖွင့်ထားရင် 7.57mm ထူမှာ ဖြစ်လို့ အရင်မျိုးဆက်ထက် ပိုပါးပေမယ့် ဘက်ထရီပိုကြီးလို့ ၇ ဂရမ် ပိုဝိတ်စီးပါတယ်။
Mix Flip 2 က အကြမ်းခံမှုဘက် ပို focus ထားလာတဲ့ ဖုန်းဖြစ်လို့ ပတ္တာ hinge ကြံ့ခိုင်အားနဲ့ သုံးထားတဲ့ပစ္စည်း ပိုကောင်းပါတယ်။ စစ်တပ်အဆင့် အကြမ်းခံ drop test အောင်ထားတဲ့ ပစ္စည်းတွေ သုံးထားတယ်လို့ ပြောပါတယ်။ ဒီဖုန်းက Flip ဖုန်းတွေထဲမှာ ဘက်ထရီအကြီးဆုံးဖုန်း ဖြစ်လာနိုင်ပါတယ်။
အခု ကြားရတာတော့ Mix Flip 2 က 5100mAh ဘက်ထရီနဲ့ လာပြီး 4780 mAh သုံး အရင်မျိုးဆက်ထက်ရော ၊ 3700mAh နဲ့ လာတဲ့ ပြိုင်ဘက် Galaxy Z Flip 5 ထက်ရော ဘက်ထရီပါဝါ အပြတ်အသတ်ကြီးပါတယ်။ တရုတ် 3C certifications ရဲ့ အတည်ပြုချက်အရ ဒီဘက်ထရီက 67W wired နဲ့ 50W wireless charging စနစ်တွေ သုံးမယ်လို့ ဆိုပါတယ်။
Mix Flip 2 က high-end ဖုန်းဖြစ်လို့ အဆင့်မြင့်အန်းဒရိုက်ဖုန်းတွေမှာ သုံးတဲ့ Snapdragon 8 Elite နဲ့ လာပါလိမ့်မယ်။ ကင်မရာတွေကလည်း Leica optics နဲ့ flagship grade သုံးသွားမှာပါ။ သတင်းထွက်ထားတာတော့ OIS သုံးထားတဲ့ 50MP main sensor နဲ့ 50MP Ultrawide lens တွေလို့ ဆိုပါတယ်။
ရွှေရောင် ၊ အစိမ်းရောင် နဲ့ ခရမ်းရောင်သုံးမျိုးနဲ့ ထွက်ပြီး Android 15 သုံး HyperOS 2.0 custom UI နဲ့ မြင်ရမှာပါ။ ဈေးနှုန်းနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တရားဝင်မိတ်ဆက်ချိန်မှ ထပ်သိရမှာပါ။
