ဒီနေ့ လူတွေ …
လုပ်ကိုင်စားသောက်နေရတာက
အပြိုင်အဆိုင် အလုအယက်တွေနဲ့
ပြေးကြ၊ လိုက်ကြ၊ ကန်ကြ၊ တွန်းကြ ၊ လဲကြ၊
ပြိုကြနဲ့။
ဒီလိုကြားထဲမှာ...
ဗုဒ္ဓါနုဿတိပွားထားတဲ့ပုဂ္ဂိုလ်သည်
လူစိတ် မပျောက်ဘူး …။
ဗုဒ္ဓါနုဿတိမှာ …
အရဟံဂုဏ်တော်က ထိပ်ဆုံးက။
ပူဇော်အထူးခံထိုက်သော မြတ်စွာဘုရား။
ဘာကြောင့်လဲ
မြတ်စွာဘုရားတို့မည်သည် …
အဆိုးလောကဓံပဲလာလာ၊အကောင်းလောကဓံပဲလာလာ၊
မတုန်လှုပ်ဘူး။
ကောင်းဆိုးနှစ်တန်
လောကဓံတရားတွေအပေါ်မှာ
အညီအမျှထားပြီး ရှုမြင်တော်မူလေ့ရှိတယ်။
ဘုရားဂုဏ်တော်အာရုံပြုနေခြင်းဖြင့်
(တစ်နည်းအားဖြင့်)
ဗုဒ္ဓါနုဿတိပွားနေခြင်းအားဖြင့်
ကြုံတွေ့နေရတဲ့ အခက်အခဲတွေအပေါ်
မတုန်လှုပ်တော့ဘဲသဒ္ဓါစိတ် ဖြစ်ပေါ်နိုင်တယ်။
တို့ရဟန်းဖြစ်စက
ဥပဇ္စျာယ်ဆရာက ပြောဖူးတယ် …
ငါ ဘုရားတည်တယ်ကွာ။
ငါ့ တရားလေး
ငါအေးအေးဆေးဆေးရှုမှတ်ပြီး တည်ချင်တာ။
သို့သော်ကွာ…
ငါ့ခေါင်းပေါ် တုတ်ဝဲဓားဝဲနဲ့ တုတ်ကြား ဓားကြားက
ဘုရားတည်ခဲ့ရတာငါစိတ်ဆင်းရဲတာပေါ့ကွာ။
ဒီတော့ ငါ့ဆရာကိုငါလျှောက်ထားတယ်။
တစ်ခြားတာ၀န် ပေးချင်တာပေးပါ။
ဒီဘုရားတည်တဲ့ တာ၀န်တော့မပေးပါနဲ့လို့ …။
ဒီလောက်တစ်ယောက်တစ်ပေါက်နဲ့
အန္တရာယ်များပြီးဒေါသနဲ့ လုပ်နေကြတာ။
ဘုရားမတည်ချင်တော့ဘူးလို့။
ဆရာက တရားမှတ်နေရာက
မျက်လုံးလေး ဖျပ်ခနဲဖွင့်ကြည့်ပြီး …
မင်းတို့သာသနာက ဘယ်သူ့သာသနာလဲလို့ မေးတယ်။
“ဂေါတမဘုရား သာသနာပါဘုရားဆိုတော့"…
တို့ဘုရားကော
အတိုက်အခိုက်ကင်းလို့လား။
စိဉ္စမာန မိန်းမယုတ်က
လူလယ်ခေါင် အရှက်မခွဲဘူးလား။
နာဠာဂီရိ ဆင်ကြီးနဲ့ တိုက်တာလေကွာ။
ဘုရားတောင်ခံရသေးတာ။
မင်းက ဘာမို့လို့တုန်း……ဆုံးမတော့မှ
ငါသဘောပေါက်တယ်ကွ။
သာသနာပြုတဲ့နေရာတောင်လောကဓံဆိုတာ
ကြုံရတယ်။ အတိုက် အခိုက်ဆိုတာရှိတယ်။
လူတွေကြားတော့ ပြောမနေနဲ့
နိစ္စဓူ၀ လောကဓံ ချည်းပဲ …။
လောကဓံ ခံနိုင်ဖို့ဆိုတာဗုဒ္ဓါနုဿတိပွားနေမှ
လူစိတ်မပျောက် လူသက်မပျက်နေရမှာ …။
ဗုဒ္ဓါနုဿတိပွားမထားရင်
ဒေါသ၊ မာနတွေ ၀င်လာမယ်။
ဒါဆိုရင်…
ဓာတ်ညာဏ်ဘက် ပါသွားပြီနော်။
လူသွားလမ်း မဖြောင့်တော့ဘူး။
ဒါကြောင့် …
ဘုရားဂုဏ်တော် ပွားခြင်း၊
ဘုရားဂုဏ်တော် အာရုံပြုခြင်းဆိုတဲ့
ဗုဒ္ဓါနုဿတိသည် လူအသက်ကို စောင့်တဲ့
ကိုယ်စောင့်ဘာ၀နာ …။
[မဟာဗောဓိမြိုင်ဆရာတော်ကြီး]

image