#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယူကရိန်း၌ကြားခံဇုန်ထားရှိရေးအတွက် ဆူမီကိုသိမ်းပိုက်နိုင်ကြောင်း ပူတင်ပြောကြား
သီအိုရီသဘောအရ ယူကရိန်းနိုင်ငံတစ်နိုင်ငံလုံးကို ရုရှားနိုင်ငံက ပိုင်ကြောင်း ရုရှားသမ္မတပူတင်က ဇွန် ၂ဝ ရက်တွင် ထုတ်ဖော် ဖော်ပြောကြားလိုက်သည်။
ယင်းအပြင် ရုရှား-ယူကရိန်းနယ်စပ်တစ်လျှောက် ကြားခံဇုန်ထားရှိရေး အစီအစဉ်အရ ယူကရိန်းနိုင်ငံဆူမီမြို့ကို ရုရှားတပ်များ သိမ်းယူနိုင်ကြောင်း သမ္မတပူတင်က ပြောကြားခဲ့သည်။
ရုရှားသမ္မတ၏ အထက်ပါပြောကြားချက်များကို ယူကရိန်း နိုင်ငံခြားဝန်ကြီးဌာနက ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ရုရှားအစိုးရ၏ အထက်ပါသဘောထားများမှာ အမေရိကန်ပြည်ထောင်စု၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို မထီမဲ့မြင်ပြုနေသည့် သဘောထားများဖြစ်ကြောင်း ဝေဖန်ထားသည်။
လက်ရှိအချိန်တွင် ရုရှားတပ်များသည် ကရိုင်းမီးယားကျွန်းဆွယ်ဒေသ အပါအဝင်ယူကရိန်းတစ်နိုင်ငံလုံး၏ ငါးပုံတစ်ပုံခန့်ကိုထိန်းချုပ်ထားပြီးဖြစ်သည်။
သီအိုရီသဘောအရမိမိအနေဖြင့် ရုရှားနိုင်ငံသားများနှင့် ယူကရိန်းနိုင်ငံသားများကို တစ်ခုတည်းသောလူမျိုးအဖြစ် မှတ်ယူထားရာ ယူကရိန်းတစ်နိုင်ငံလုံးကို ရုရှားနိုင်ငံကပိုင်ဆိုင်သည်ဟု ယူဆနိုင်ကြောင်း ရုရှားသမ္မတပူတင်ကစိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်၌ ပြောကြားခဲ့သည်။
သို့ရာတွင် ရုရှားနှင့်ယူကရိန်းနိုင်ငံသားများအား တစ်ခုတည်းသော ပြည်သူလူထုအဖြစ်ညွှန်းဆိုမှုကို ယူကရိန်းသမ္မတဇီလန်စကီးက အကြိမ်ကြိမ်ငြင်းပယ်ခဲ့ပြီးဖြစ်သည်။
လက်ရှိဖြစ်ပွားဆဲစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ယူကရိန်းနိုင်ငံအနေဖြင့် မြေပြင်အခြေအနေမှန်ကို လက်ခံပေးရန်လိုအပ်ကြောင်းလည်း ရုရှားသမ္မတပူတင်က စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၌ ပြောကြားခဲ့သည်။
ရိုက်တာ
