#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂါဇာသို့ အကူအညီများ အကန့်အသတ်ဖြင့် ဝင်ရောက်ခွင့် အစ္စရေးခွင့်ပြု
ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ဝင်ရောက်ခြင်းကို သီတင်း ၁ဝ ပတ်ကြာပိတ်ဆို့ထားပြီးနောက် အစာရေစာ ပြတ်လပ်မှု အကျပ်အတည်းမဖြစ်စေရန်အတွက် အခြေခံလိုအပ်သည့် စားနပ်ရိက္ခာပမာဏကို ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အစ္စရေးက မေ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထိုသို့အခြေခံလိုအပ်ချက် ပမာဏကိုတင်သွင်းခွင့်ပြုခြင်းသည် အစ္စရေးစစ်ဘက်၏ အကြံပြုချက်နှင့်ဟားမားစ်တို့အပေါ် ထိုးစစ်ဆင်ရန် လိုအပ်ချက်အပေါ် အခြေခံကာလုပ်ဆောင်ခဲ့ခြင်းဟု အစ္စရေးက ပြောသည်။
ဂါဇာတွင် မြေပြင်စစ်ဆင်ရေး များ တိုးချဲ့လုပ်ဆောင်မည်ဟုအစ္စရေးက ကြေညာပြီးနာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးသည် ဂါဇာဒေသသို့ အစားအစာ၊ လောင်စာဆီနှင့် ဆေးဝါးများ ဝင်ရောက်ခွင့် ပိတ်ပင်ထားခြင်းတို့ကို ရုပ်သိမ်းရန်နိုင်ငံတကာ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရပြီး ဒေသ လူဦးရေ ၂ ဒသမ ၁ သန်းသည်အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။
ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများအကန့်အသတ် အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုရန် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက မေ ၁၈ ရက်တွင် တောင်းဆိုခဲ့သည်။
အစ္စရေးကမူ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေခြင်းအား ဟားမားစ်တို့ကထိန်းချုပ်နေခြင်းကို ဖြေရှင်းသွားမည်ဟု ပြောသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး ၏ တိုက်ခိုက်မှုကြောင့် လူ ၆၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၆၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
ဘီဘီစီ

image