ပရိုတင်းတခုခု ထုတ်လုပ်ဖို့ ဗီဇညွှန်ကြားချက် ဖောက်ပြန်ရင် အဲဒီ့ ပရိုတင်းကိုပဲ ထိခိုက်မှာပါ။ ဒီ့အပြင် သက်ရှိတခုရဲ့ ပရိုတင်းအားလုံးက ရိုင်ဘိုဆုမ်း တစ်မျိုးတည်းထဲမှာ တပ်ဆင်နိုင်ရမှာ ဖြစ်လို့၊ ရိုင်ဘိုဆုမ်းမှာ မျိုးဗီဇ ဖောက်ပြန်ရင်၊ ပရိုတင်းများစွာကို မထုတ်လုပ်နိုင်ဘဲ ဖြစ်သွားမယ်။ အဲဒီလို ဗီဇပြောင်းတဲ့ သက်ရှိကလည်း အသက်ရှင်နိုင်မှာ မဟုတ်ပါ။ ရိုင်ဘိုဆုမ်းတွေဟာ အခုလို အမှားမခံတာကြောင့်၊ အင်မတန် နှေးကွေးစွာပဲ ဗီဇပြောင်းခွင့်ရပါတယ်။
ဒီ အဏုဇီဝတွေက ဆဲလ်အမြှေးပါးနဲ့ ဆဲလ်တံတိုင်း (ဆဲလ်အမြှေးပါး အပြင်က အလွှာ)ရဲ့ ဖွဲ့စည်းပုံ ကကျတော့ ဘက်တီးရီးယား နဲ့ ယူကယ်ရီယုတ် တခုနဲ့မှ မတူပြန်ပါဘူး။ ကားလ်ဝို့စ်က ဒီလောက် သိသိသာသာ ကွဲပြားတဲ့ အဲဒီ့ အဏုဇီဝတွေကို ဘက်တီးရီးယားလို့ ဘယ်လိုမှ မသတ်မှတ်နိုင်တော့ပါဘူး။ သူတို့က ယူကယ်ရီယုတ် နဲ့ ဘက်တီးရီးယား ကွဲပြားသလောက်ကို ကွဲပြားတာမို့၊ သူတို့နဲ့ အဆင့်အတန်း အတူတူ သတ်မှတ်သင့်တယ်လို့ အဆိုပြုလိုက်ပါတယ်။ သူတွေ့ရှိတဲ့ အဲဒီ့အဏုဇီဝတွေက တိရစ္ဆာန်ရဲ့ အူထဲမှာ မီသိန်းထုတ်လုပ်တဲ့ ပရိုကယ်ရီယုတ်တွေပါ။ မီသန်နိုဂျင် (methanogen) လို့ခေါ်ပါတယ်။ သူတို့က ဟိုက်ဒရိုဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ရှိရုံနဲ့ ရှင်သန်နိုင်တာကြောင့် အစာမှီဝဲပုံ၊ စွမ်းအင်စုဆောင်းပုံနဲ့ အသက်ရှူပုံ ရိုးစင်းလှတယ်။ စွမ်းအင်အတွက် ဟိုက်ဒရိုဂျင်ကို သုံးတယ်။ အောက်ဆီဂျင်ကို မရှူဘဲ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ရှူတယ်။ အဲဒီ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ထဲက ကာဘွန်ကိုပဲ ကာဘွန် အရင်းအမြစ် အနေနဲ့ မှီဝဲတယ်ကိုး။ ဝို့စ်က ဒီလို ရှေးကျတဲ့ ရှင်သန်ပုံကို ကြည့်ပြီး သူတို့ကို ရှေးကျတဲ့ အဏုဇီဝ ဖြစ်မယ်လို့ ယူဆတာကြောင့်၊ အာခေးဘက်တီးရီးယား (archaebacteria) လို့ နာမည်ပေးလိုက်ပါတယ်။ archaeo က ရှေးကျသောလို့ အဓိပ္ပာယ်ရတာကြောင့်၊ ရှေးကျတဲ့ ဘက်တီးရီးယားလို့ အဓိပ္ပာယ်ရပါတယ်။ နောက်ပိုင်းမှာတော့ ဘက်တီးရီးယား အစစ်နဲ့ နာမည်ရောမှာစိုးတာကြောင့်၊ နာမည်ကို အာခေးယား (Archaea) လို့ ချုံ့လိုက်ပါတယ်။
အာခေးယား သက်ရှိတွေက အပြင်ပန်းမှာ ခွဲဖို့ ခက်တာကြောင့်၊ ကျွန်တော်တို့ မျက်စိအောက်မှာပဲ ဘက်တီးရီးယား အယောင်ဆောင်ပြီး ပုန်းနေတာပါ။ အခုလို မျိုးဗီဇ၊ ဇီဝဓာတု ဖွဲ့စည်းပုံနဲ့ ရှင်သန်ကျက်စားပုံ ကွဲပြားလွန်းတာကို သတိထားမိမှသာ ကျွန်တော်တို့ သိနားလည်သွားတာ ဖြစ်ပါတယ်။ ဝို့စ်ရဲ့ တွေ့ရှိချက်ကြောင့် ယနေ့ခေတ်မှာတော့ သက်ရှိတွေကို ဒိုမိန်း (domain) သုံးခုအဖြစ် မျိုးခွဲသတ်မှတ်ကြပါတယ်။
အဲဒါတွေက -
(၁) ယူကယ်ရီယာ မျိုးနွယ် (Eukarya)
(၂) ဘက်တီးရီးယားအစစ် (Eubacteria)
(၃) အာခေးယား (Archaea) တို့ဖြစ်ပါတယ်။
ဝို့စ်က အဲဒီ့ ဒိုမိန်း (၃)ခုကို သက်ရှိဆင့်ကဲဖြစ်စဉ်မှာ အစောဆုံး ကွဲထွက်ခဲ့တဲ့ သစ်ကိုင်းကြီးတွေလို့ ယူဆခဲ့တယ်။ ဘက်တီးရီးယာက တစ်ကိုင်း၊ အာခေးယား + ယူကယ်ရီယုတ် က တစ်ကိုင်းပေါ့။
မြန်မာနိုင်ငံရဲ့ ကျောင်း/တက္ကသိုလ် သင်ရိုးတွေမှာတော့ ၁၉၆၉ခုနှစ်မှာ အဆိုပြုခဲ့တဲ့ လောက ငါးခု (five kingdoms) မျိုးခွဲနည်းကို မကြာသေးခင်ကအထိ ပို့ချပါတယ်။ မိုနာရာ (Monera - ဘက်တီးရီးယား)၊ ပရိုတိုဇွာ၊ အပင်၊ မှို၊ သတ္တဝါပါ။ သင်ရိုးအသစ်မှာတော့ ဒိုမိန်းသုံးခုပါလာပါပြီ။
၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ ဒိုမိန်း (၃)ခု စနစ်မှာလည်း လစ်ဟာချက်တွေ တွေ့လာရပါပြီ။ သက်ရှိတွေက မိဘကနေ သားသမီးကို မျိုးဗီဇစီးဆင်းသလို၊ တခါတရံမှာ အမျိုးမတူတဲ့ သက်ရှိအချင်းချင်းလည်း ဘေးတိုက် ကူးသန်းဖလှယ်တတ်တယ်ဆိုတာကို သိလာကြပြီ။ အဲဒီ့လို မျိုးဗီဇ ဘေးတိုက်ဖလှယ်ခြင်း (horizontal gene transfer - HGT) ဖြစ်စဉ်တွေကို အာခေးယားနဲ့ ဘက်တီးရီးယားမှာ ပေါများစွာ တွေ့ရှိရတယ်။ ဒါကြောင့် သက်ရှိ ဆင့်ကဲဖြစ်စဉ်ကို သစ်ပင်ကြီးတစ်ပင်လို စိတ်ကူးလိုက်ရင်၊ ဟိုးကနဦးအစ၊ သစ်ပင်ရဲ့ အရင်းပိုင်းဟာ ယနေ့ခေတ်မှာလို အကိုင်းအခက်တွေ၊ မျိုးကွဲထွက်မှုတွေနဲ့ ပီပီပြင်ပြင် မရှိဘဲ သစ်မြစ်တွေလို ရောထွေး ယှက်ဖြာနေတယ်လို့ ပြောင်းလဲ ရှုမြင်လာပါတယ်။
ဒီ့အပြင် ကျွန်တော်တို့ ယူကယ်ရီယုတ် သက်ရှိဟာ ရိုင်ဘိုဆုမ်းမှာ အာခေးယားနဲ့ အမျိုးနီးတယ်။ ဒါပေမယ့် စွမ်းအင်စုဆောင်းပုံနဲ့ ဆဲလ် အမြှေးပါး ဖွဲ့စည်းပုံမှာ ဘက်တီးရီးယားနဲ့ နီးစပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဘက်တီးရီးယားနဲ့ အာခေးယား နှစ်ခုလုံးကနေ ပေါင်းစပ် ဖြစ်တည်လာတဲ့ မျိုးမစစ် သက်ရှိဆန်း ဖြစ်တယ်ဆိုတာကလည်း ပိုလို့ ထင်ရှားလာတယ်။
လက်ရှိအချိန်မှာတော့ ဘက်တီးရီးယားနဲ့ အာခေးယားကို ရှေးအကျဆုံး သက်ရှိ အကိုင်းအခက်တွေ အဖြစ် အတိုင်းအတာ တစ်ခုအထိ လက်ခံထားပေမယ့် ကျွန်တော်တို့ ယူကယ်ရီယုတ်တွေကတော့ မျိုးမစစ်တာ သိသာလွန်းတာကြောင့် ရှေးအကျဆုံး အကိုင်းအခက်တစ်ခု အဖြစ် မသတ်မှတ်တော့ပါဘူး။ အဲဒီ့ ဒိုမိန်း (၃)ခုက ဆင့်ကဲဖြစ်စဉ်ကို မထင်ဟပ်တော့ပေမယ့်လည်း၊ ဇီဝလက္ခဏာရပ်အားဖြင့် စုစုစည်းစည်း ရှိနေတဲ့ သက်ရှိအုပ်စု သုံးခု အနေနဲ့တော့ ဆက်လက် ရည်ညွှန်း အသုံးပြုဆဲ ဖြစ်ပါတယ်။
ကားလ်ဝို့စ်က အာခေးယား သက်ရှိကို တွေ့ရှိခဲ့ပုံကို သိပ္ပံဂျာနယ်လစ် David Quammen က The Tangled Tree စာအုပ်မှာ စိတ်ဝင်စားဖွယ် ဆွေးနွေးထားပါတယ်။ အဲဒီ့စာအုပ်ရဲ့ အကျဉ်းချုပ်ကိုတော့ အောက်ပါ လင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
The Tangled Tree စာအုပ် အနှစ်ချုပ် | 25 Feb 2021
https://kyawzwarlynnpublicatio....ns.wordpress.com/...
#end




