#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယူကရိန်းတိုက်ပွဲပြန် ဒု​ဗိုလ်ချုပ်ကြီးကို မြေပြင်တပ်အကြီးအကဲအဖြစ် ပူတင်ခန့်အပ်
ရုရှားသမ္မတပူတင်သည် သုံးနှစ်ကြာယူကရိန်းစစ်ပွဲ၏ အဓိကတိုက်ပွဲများ၌ ထင်ရှားခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးအင်ဒရီမော်ဗီချက်ဗ်ကို ရုရှားမြေပြင်တပ်များ၏အကြီးအကဲအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း ရုရှားပြည်တွင်းမီဒီယာများက မေ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အင်ဒရီမော်ဗီချက်ဗ်သည် ၁၉၇၆ ခုနှစ်တွင် ထိုစဉ်ကာလ ဆိုဗီယက်ကာဇက်စတန်၌ မွေးဖွားခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ရုရှားနိုင်ငံ၏ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သော ရုရှားသူရဲကောင်း ဘွဲ့တံဆိပ်ကို ရရှိထားသူဖြစ်သည်။
ရုရှားသမ္မတပူတင်သည် မြေပြင်တပ်များအကြီးအကဲကြည်းတပ်ဗိုလ်ချုပ်ကြီး အိုလက်ဂ်ဆယ်ယူကော့ဗ်ကိုနေရာမှဖယ်ရှား၍ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ် ပြောင်းလဲခန့်အပ်ပြီးနောက် အင်ဒရီမော်ဗီချက်ဗ်ကို ရုရှားမြေပြင်တပ်များ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ယခင်ကရုရှားစစ်ဘက်၏ အလယ်ပိုင်းစစ်ဒေသအကြီးအကဲ အဖြစ်တာဝန်ယူခဲ့သော မော်ဗီချက်ဗ်သည် အဇော့ဗ်စတယ်လ် သံမဏိစက်ရုံ တိုက်ပွဲအပါအဝင် ယူကရိန်းစစ်ပွဲ၏ အဓိကတိုက်ပွဲအချို့ကို ဦးဆောင်ခဲ့သူဖြစ်သည်။
အဇော့ဗ်စတယ်လ် သံမဏိစက်ရုံတိုက်ပွဲတွင် ရုရှားတပ်များသည် ယင်းသံမဏိစက်ရုံအား ရက်ပေါင်း ၈ဝ ခန့် ဝန်းရံပိတ်ဆို့၍ တိုက်ခိုက်ခဲ့ရသည်။
ယင်းအပြင်မော်ဗီချက်ဗ်သည် ယူကရိန်းနိုင်ငံ ဒွန်းနက်စ်ဒေသရှိအက်ဗ်ဒစ်ဗ်ကာအမည်ရှိမြို့ကို ရုရှားတပ်များ ပြန်လည်သိမ်းယူရာတွင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း ရုရှားအစိုးရမီဒီယာများက သတင်းထုတ်ပြန်ထားသည်။
မော်ဗီချက်ဗ်သည် ဆီးရီးယားပြည်တွင်းစစ်ကာလအတွင်း ရုရှားနိုင်ငံက စစ်ရေးအရကြားဝင်ပေးခဲ့ချိန်တွင် ပါဝင်ခဲ့ဖူးသူလည်းဖြစ်ကြောင်း သိရသည်။
ရိုက်တာ

image