ပွဲပေါင်း(၃၅၀)ကျော်ကစားခဲ့တဲ့ ကလပ်ဂန္ထဝင်အပါအဝင် စီနီယာကစားသမား(၄)ဦးထွက်ခွာမယ်လို့ ဝက်စ်ဟမ်းအသင်းကြေညာ
ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီကုန်မှာ စာချုပ်ကုန်ဆုံးပြီး အသင်းကထွက်ခွာမယ့် စီနီယာကစားသမား(၄)ဦးကို ကြေညာခဲ့ပြီး ဒီအထဲမှာ ပွဲပေါင်း(၃၅၀)ကျော်ပါဝင်ကစားခဲ့တဲ့ ကလပ်အသင်းဂန္ထဝင်ကစားသမားတစ်ဦးလည်း ပါဝင်နေပါတယ်။ ဒီကစားသမားတွေကတော့ နောက်ခံလူခရက်စ်ဝဲလ်၊ ဂိုးသမားဖာဘီယန်စကီး၊ နောက်ခံလူကူဖဲလ်နဲ့ တိုက်စစ်မှူးဒန်နီအင့်စ်တို့ဖြစ်ပြီး သူတို့တွေဟာ ဝက်စ်ဟမ်းအသင်းအတွက် စုစုပေါင်းပြိုင်ပွဲစုံပွဲပေါင်း(၈၀၀)ကျော်ပါဝင်ကစားထားတာပါ။
ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီမှာ ရလဒ်တွေအလွန်ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၉)ပွဲသာအနိုင်ရရှိကာ အမှတ်ပေးဇယားအဆင့်(၁၇)နေရာမှာရပ်တည်နေပါတယ်။ ဝက်စ်ဟမ်းအသင်းက ထွက်ခွာမယ့် ဘယ်နောက်ခံလူ ခရက်စ်ဝဲလ်ဟာ အသင်းမှာ ၂၀၁၄ ခုနှစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ပွဲပေါင်း(၃၆၅)ပွဲပါဝင်ကစားထားတာပါ။
