#နိုင်ငံတကာသတင်း
◼အမေရိကန်ထောက်ခံသော ဂါဇာ မှအကူအညီဖြန့်ဖြူးမှုတွင် ပါဝင်မည်မဟုတ်ကြောင်း ကုလပြောကြား
အမေရိကန်ထောက်ခံသော ဂါဇာဒေသမှ လူသားချင်းစာနာ‌ထောက်ထားမှု လုပ်ငန်းများတွင် ပါဝင်မည်မဟုတ်ကြောင်း ကုလသမဂ္ဂက ပြောကြားပြီး ထိုသို့လုပ်ဆောင်မည့်အဖွဲ့မှာ ဘက်မလိုက်ခြင်း ၊ ကြားနေခြင်း ၊ အမှီအခိုကင်းခြင်း များ မရှိသောကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂက ‌ပြောကြားသည်။
အစ္စ‌ရေးကမူ အကူအညီဖြန့်ဖြူးမှု၌ ပါဝင်ပတ်သက်မည် မဟုတ်သော်လည်း အမေရိကန်၏ ကြိုးပမ်းမှုကို ဖြည့်ဆည်းပေးမည်ဟု ကတိပြုသည်။
“ ဒီအကူအညီဖြန့်ဖြူးရေးအစီအစဉ်က ဘက်မလိုက်မှု ၊ကြားနေမှု နဲ့ အမှီအခိုကင်းမှုလိုမျိုး ကျွန်တော်တို့ရဲ့ အခြေခံမူတွေနဲ့ မကိုက်ညီတာကြောင့် ကျွန်တော်တို့ ဒီအစီအစဉ်မှာ ပါဝင်မှာမဟုတ်ပါဘူး။” ဟု ကုလလက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက် က ယမန်နေ့တွင်သတင်းထောက်များအား ပြောကြားသည်။
အမေရိကန်က ကျောထောက်နောက်ခံပေးထားသော ဂါဇာလူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်း က မေလကုန်တွင် ဂါဇာ၌ လုပ်ငန်းများ စတင်သွားမည်ဖြစ်သော်လည်း ယင်းအစီအစဉ်မှာ ဂါဇာမှ ပါလက်စတိုင်းများ ထပ်မံ အကြမ်းဖက်ခံရ၊ ရွှေ့ပြောင်းရမည့်အရေးအတွက် ဖုံးကွယ်မှုတစ်ခုသာ ဖြစ် ကြောင်း ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲ တွမ်ဖလက်ချာက ဝေဖန်သည်။
ယင်းဖောင်ဒေးရှင်းက ဂါဇာဒေသထဲသို့ အကူအညီများ သယ်ယူပို့ဆောင်ရန် အမေရိကန်လုံခြုံရေး နှင့် သယ်ယူပို့ဆောင်ရေးကုမ္ပဏီများကို အသုံးပြုရန်ရည်ရွယ်ထားသည်။
ထို့နောက် အကူအညီပေး‌ရေး အုပ်စုများမှတစ်ဆင့် ဂါဇာတွင် ကူညီမှုများ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း အစီအစဉ်နှင့် အကျွမ်းဝင်သူ တစ်ဦးက ရိုက်တာသတင်းဌာနအားပြောကြားသည်။
ယင်းအစီအစဉ်နှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေသည်ကို တူရကီနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အသိအ မှတ်ပြုပြီး အကူအညီများကို ဟားမားစ်အဖွဲ့က ခိုယူခြင်းမရှိဘဲ အရပ်သားများထံ ဖြန့်ဖြူးပေးရေး အခြားရွေးချယ်စရာအစီအစဉ်ရှိပါက လမ်းဖွင့်ထားကြောင်း ပြောကြားသည်။
“ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိပါတယ်။ တစ်ယောက်ယောက်မှာ ပိုကောင်းတဲ့ ရွေးချယ်စရာရှိရင် ကျွန်တော်တို့လမ်းဖွင့်ထားပါတယ်။” ဟု မာကိုရူဘီယိုက ဆိုသည်။
လူသာချင်းစာနာထောက်ထားသော အကူအညီနှင့် အသက်ကယ်ဝန်ဆောင်မှုများအား ကြီးမား သော အတိုင်းအတာပေးအပ်ရန် နှင့် ဂါဇာကမ်းမြှောင်ဒေသသို့ ချက်ချင်းဝင်ရောက်နိုင်ရန် ခိုင်မာပြီး အခြေခံမူများဖြင့် ကိုက်ညီသည့် လက်တွေ့လုပ်ကိုင်နိုင်သော အစီအစဉ်တစ်ရပ် ကုလသမဂ္ဂတွင် ရှိနေပါကြောင်း လူ သားချင်းစာနာထောက်ထားမှုရေးရာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂရုံး (UNOCHA) က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပါလက်စတိုင်း ဟားမားစ်အဖွဲ့ က အကူအညီများကို ခိုးယူနေကြောင်း အစ္စရေးက စွပ်စွဲပြောကြားပြီး ဂါဇာအတွက် လူသားချင်းစာနာထောက်ထားမှုအ ကူအ ညီ ပေးပို့မှု အားလုံးကို မတ် ၂ ရက်က စ၍ တားဆီးပိတ်ပင်ထားကာ ကျန်ရှိသော ဓားစာခံများ အားလုံးကို ဟားမားစ်အဖွဲ့ က လွှတ်ပေးရန် တောင်းဆိုထားသည်။
ဂါဇာဒေသတွင် နေထိုင်သူ လူဦးရေမှ ငါးပုံတစ်ပုံကို ကိုယ်စားပြုသော လူပေါင်း ငါးသိန်းခန့် အ ငတ်ဘေးအန္တရာယ်နှင့်ရင်ဆိုင်နေရပြီဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုစောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့ က တနင်္လာနေ့တွင်သတိပေးပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image