#ပြည်တွင်းသတင်း
◼ ချန်းရိဖိနပ်စက်ရုံမှအလုပ်သမား ၆,၀၀၀ ကျော် လုပ်ခလစားတိုးမြှင့်ပေးရေးဆန္ဒပြတောင်းဆို
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)၊ အနော်ရထာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းရှိ ချန်းရိ (Tsang Yih) ဖိနပ်စက်ရုံ၌ အလုပ်သမား ၆၀၀၀ ကျော် လုပ်ခလစာတိုးမြှင့်ပေးရေးအတွက် ဆန္ဒပြ တောင်းဆိုလျက်ရှိကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်နေသူများထံမှသိရသည်။
အဆိုပါအလုပ်သမားများ လက်ရှိရရှိနေသည့်လုပ်ခလစာနှုန်းထားများမှာ နေ့စဉ်လုပ်အားခ ၅,၂၀၀ ကျပ်၊ အချိန်ပိုတစ်နာရီလုပ်အားခ ၁,၆၀၀ ကျပ်သာရရှိသောကြောင့် နေ့စဉ်လုပ်အားခ ၁၂,၀၀၀ ကျပ်၊ အချိန်ပိုလုပ်အားခတစ်နာရီ ၂,၀၀၀ ကျပ်နှင့် ရက်မှန်ကြေး ၄၀,၀၀၀ ကျပ်ထိတိုးမြှင့်ပေးရန် ယခုမေလ ၁၄ ရက်ညနေပိုင်းမှစတင်ကာ ယနေ့(မေ ၁၆ ရက်) အထိ ဆန္ဒပြတောင်းဆိုနေကြကြောင်း သိရသည်။
လက်ရှိတွင်စက်ရုံဘက်မှတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးပေးရန် အချိန်ခုနစ်ရက်တောင်းဆိုထားပြီး အလုပ်သမားများက အချိန်ငါးရက်စောင့်ဆိုင်းမည်ဟု ပြန်လည်ပြောဆိုထားကြောင်း အလုပ်သမား အရေးကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကပြောသည်။
“အလုပ်ရှင်တွေဘက်ကငါးရက်စောင့်လို့ပြောတယ်။ အလုပ်သမားတွေဘက်ကလည်း လုပ်ငန်းခွင်မဝင် ဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရင်းစောင့်မယ်လို့ ပြန်ပြောထားတယ်။ အခုထက်ထိတော့ အလုပ်ရှင်တွေ ဘက်ကထပ်ပြီးလာပြောတာမျိုးမရှိသေးဘူး” ဟု ၎င်းကပြောသည်။
ချန်းရိဖိနပ်စက်ရုံသည် ထိုင်ဝမ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၆၈၀၀ ကျော်ဖြင့်လည်ပတ် လျက်ရှိပြီး Adidas အမှတ်တံဆိပ်ဖိနပ်များကို အဓိကထုတ်လုပ်သည့်စက်ရုံဖြစ်ကြောင်းသိရသည်။
အလုပ်သမားများဆန္ဒပြတောင်းဆိုမှုနှင့်ပတ်သက်ပြီး အလုပ်သမားများကို ခွင့်မဲ့ပျက်ကွက်သတ်မှတ် ကာ အလုပ်ထုတ်မည်ဟု ချန်းရိဖိနပ်စက်ရုံဘက်မှခြိမ်းခြောက်မှုများရှိနေကြောင်း အလုပ်သမားအရေး ကူညီနေသူများထံမှသိရသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - NMN
