‼️ဒီစာအုပ်ကို နှလုံးအားနည်းသူများ၊
စိတ်အဆင်မပြေသူများ မဖတ်သင့်ပါ‼️
စာရေးဆရာမမှူးရဲ့ ဒုတိယမြောက်စာအုပ် ထွက်ရှိလာပါပြီ။ ဒီစာအုပ်ရဲ့ အမည်ကို စမ်းချောင်းနီနီ ပြည်တော်အေးအေး လို့ အမည်ပေးထားပြီး ပထမအုပ်တုန်းကလိုပဲ စာဖတ်သူတို့ရဲ့ ဦးနှောက်ကို အလုပ်ပေးမယ်၊ ပြီးတော့ နှလုံးသားကို ဆွဲကိုင်လှုပ်ပါလိမ့်မယ်။
စာအုပ်ရဲ့ ပထမစာမျက်နှာမှာတင် -
“အဖေ အရင်ထွက်သွားတယ်။ ပြီးတော့ ညီလေးရယ်၊ အမေရယ်က တစ်လှည့်စီ ထွက်သွားတယ်။
ယိုင်နဲ့နဲ့အိမ်က တိုင်အိုကြီးလို ကျွန်တော် ကျန်ခဲ့ရတာ အမြဲပဲ။
လှုပ်ရှားဖို့ရာလည်း မစွမ်းသာဘူး။
မထူမတ်နိုင်တဲ့ အခြေအနေကိုလည်း မလွန်ဆန်နိုင်ဘူး” ဆိုတဲ့ အဖွင့်နဲ့ နောက်စာမျက်နှာတွေဆီ ဆွဲခေါ်သွားပါမယ်။
ဆရာမမှူးရဲ့ ဒီစာအုပ်က အမှာစာကို ဖတ်ကြည့်တဲ့အခါမှာလည်း -
“စာထဲက အကြောင်းအရာတွေထဲမှာ ကျွန်မရဲ့ အကြောက်တရားတွေ အများကြီး ထည့်ဝှက်ထားတယ် ဆိုတာကို ပြောပြချင်ပါတယ်။ ဒါတွေကို စာဖတ်သူအနေနဲ့ မရှာစေချင်ဘူး။ ဝှက်ထားရခြင်း ရည်ရွယ်ချက်က စာဖတ်သူတို့ မရှာဖို့ပါပဲ။ စာတစ်ပုဒ်အနေနဲ့ပဲ စီးမျောစေချင်ပါတယ်” တဲ့။
ဒီအပြင် “ကျွန်မတို့ဘဝမှာ နေလာရင်းနဲ့ တစ်ပါးသူတွေရဲ့ ဘဝအခြေအနေတွေကို ကိုယ့်ဘဝရဲ့ အခြေအနေတွေလို့ မှတ်ယူမိပြီး ဝမ်းနည်းကြေကွဲရတဲ့ အဖြစ်တွေ ရှိခဲ့ရတာ အများကြီးပါပဲ။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဆိုတာ မရှိတော့ဘဲ ဒီအတိုင်း ခံစားမှုနှလုံးသား ပါတဲ့သူအချင်းချင်း ဖလှယ်နိုင်တဲ့ အရာတွေ ဖြစ်ခဲ့ရပါတယ်။ ဒီဝတ္ထုထဲက ဇာတ်ကောင်တွေက ကျွန်မအတွက် ဒီလိုလူတွေပါ။ ရေးနေရင်း စိတ်ပင်ပန်းလွန်းမက ပင်ပန်းလွန်းလို့ နားခဲ့ရတဲ့အချိန်တွေ ရှိသလို၊ ရေးပြီးသမျှ အားလုံးကို ဖျက်ပစ်ချင်တဲ့အချိန်တွေလည်း ရှိပါတယ်။ ဒီအကြောင်းကို ပြန်ပြောရခြင်းကလည်း အထက်မှာ ပြောခဲ့သလို ဝတ္ထုထဲမှာ စီးမျောနိုင်ဖို့ပါပဲ။ ကျန်တာ မရှိပါဘူး” လို့ ဆိုထားပါတယ်။
နင့်နင့်နဲနဲ ခံစားရတဲ့ ရသဝတ္ထုကောင်းတစ်အုပ်ကို ဖတ်ရှုလိုသူတို့ စိတ်အဆာပြေစေမဲ့၊ ကျေနပ်မှု ရစေမဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။
▫️စာညွှန်း - ကံ့ကော်ဝတ်ရည် / မှ
