8 ပတ် - ဘာသာပြန်ပါ။

ဘီလျံ ၂၀၀ လှူမယ့်ကိစ္စ လာမတိုင်ပင်ခဲ့ဘူးလို့ ဘီလ်ဂိတ်စ်ဇနီးဟောင်းပြော
နောက်အနှစ် ၂၀ မှာ ရှိသမျှစည်းစိမ်အကုန်လုံးလိုလို စွန့်လှူမယ့်ဘီလ်ဂိတ်စ်ရဲ့လုပ်ရပ်က လူသာဓုခေါ် နတ်သာဓုခေါ်ကိစ္စပါ။
ကိုယ့်အတွက် စည်းစိမ်ဥစ္စာရဲ့ ၁% (ဒေါ်လာ ၁.၅၂ ဘီလျံ) ပဲ ချန်ပြီး ကျန်တဲ့ ၉၉% ကို ရောဂါတိုက်ဖျက်ရေး ၊ ဆင်းရဲမှု လျှော့ချရေး ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ပညာရေးကဏ္ဍလို ကမ္ဘာ့ရေးရာကိစ္စတွေ လှူသွားမယ်လို့ ဘီလ်ဂိတ်စ်က တရားဝင် ကြေညာသွားလို့ပါ။ ၂၀၄၅ ရောက်ရင် ဘီလ်ဂိတ်စ်ဖောင်ဒေးရှင်းက ငွေအားလုံးလိုလို အလှူအတန်းလုပ်ပြီး ဖြစ်သွားပါလိမ့်မယ်။
"စည်းစိမ်ခံစားပြီး သေသွားတယ်" လို့ လူပြောမခံချင်တဲ့ ဘီလ်ဂိတ်စ်က ၂၀၀၀ ပြည့်နှစ်မှာ Gates Foundation ထောင်ပြီး ရွှေငွေစည်းစိမ်တွေ တောက်လျှောက်လှူဒါန်းခဲ့တာပါ။ အခုထိ သူလှူခဲ့တာဆို ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ပါတယ်။
အခုကနေ နောက် ၂၀၂၅ အတွင်းမှာ နှစ်ဆတိုးပြီး နောက်ထပ် ဒေါ်လာဘီလျံ ၂၀၀ ထပ်လှူတော့မှာ ဖြစ်ပြီး ရှိသမျှ အကုန်လိုလို လှူမယ့်ကိစ္စပါ။ လာမယ့် နှစ် ၂၀ အတွင်း တစ်နှစ်ကို ဒေါ်လာ ၆ ဘီလျံကနေ ၉ ဘီလျံတိုးလှူသွားမယ်လို့လည်း စီစဉ်ထားပါတယ်။ ဒါက သူ့ရဲ့ အပြီးအပြတ်စွန့်လွှတ်မှု ဖြစ်ပြီး ၂၀၄၅ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ သူ့ပရဟိတခရီးစဉ်အဆုံးသတ်တော့မှာပါ။
ဒီဖောင်ဒေးရှင်းက ဘီလ်ဂိတ်စ်နဲ့ သူ့ပထမဇနီးတို့ Billl & Melinda Gates Foundation နာမည်နဲ့ ထောင်ခဲ့တဲ့ ပုဂ္ဂလိကဖောင်ဒေးရှင်းပါ။ မယ်လင်ဒါနဲ့ ဂိတ်စ်တို့ အိမ်ထောင်ရေးပြတ်စဲပြီးနောက်မှ Gates Foundation ဖြစ်လာတာပါ။
အခု ဘီလ်ဂိတ်စ် ရှိသမျှအကုန် လှူမယ့်ကိစ္စမှာ သူမကို မတိုင်ပင်ခဲ့ဘူးလို့ ဇနီးဟောင်း မယ်လင်ဒါက ပြောပါတယ်။ "ဘီလ် ၊ CEO မာ့ခ် ဆူးဇ်မန်း နဲ့ ဘုတ်အဖွဲ့ကပဲ ဆုံးဖြတ်တာပါ။ အလွန်ထူးခြားကောင်းမွန်တဲ့ ဆုံးဖြတ်ချက်လို့ပဲ ထင်ပါတယ်။"တဲ့။

image