#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ နယူးယောက်တိုင်းမ်သတင်းစာ ပူလစ်ဇာဆုလေးဆုအထိ ယခုနှစ်တွင်ရရှိ
ကမ္ဘာကျော် သတင်းမီဒီယာဆုဖြစ်သည့် ပူလစ်ဇာဆုရရှိသည့် အမေရိကန် သတင်းမီဒီယာအဖွဲ့ အစည်းများကို မေ ၅ ရက်တွင်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းဌာနကြီးများအနက် ရိုက်တာသတင်းဌာနသည် ဖန်တနိုင်းမူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများနှင့်ပတ်သက်၍ နိုင်ငံတကာဈေးကွက်အတွင်း ကွင်းဆင်းရေးသားခဲ့သော စုံစမ်းဖော်ထုတ်မှုသတင်းများကြောင့် ပူလစ်ဇာဆုကိုရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပူလစ်ဇာဆုသည် ရိုက်တာသတင်းဌာနရရှိခဲ့သော ၁၃ ခုမြောက် ပူလစ်ဇာဆုဖြစ်သည်။ ယခုနှစ်ပူလစ်ဇာဆုကို အများဆုံးရရှိခဲ့သောသတင်းစာမှာ နယူးယောက်တိုင်းမ်သတင်းစာဖြစ်ပြီး ပူလစ်ဇာဆုလေးဆုအထိ ရရှိခဲ့သည်။
ထိုနည်းတူ နယူးယော့ကာမဂ္ဂဇင်းသည်လည်းယခုနှစ်တွင် ပူလစ်ဇာဆု သုံးဆုအထိရရှိခဲ့ကြောင်း သိရသည်။
နယူးယောက်တိုင်းမ်သတင်းစာနှင့် နယူးယော့ကာမဂ္ဂဇင်းတို့သည် ပြည်ပစစ်ပွဲများနှင့် ပတ်သက်၍ ရယူပေးခဲ့သောသတင်းများကြောင့် ပူလစ်ဇာဆုများကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်တွင် ပူလစ်ဇာဆု လေးဆုထပ်မံဆွတ်ခူးနိုင်ခဲ့ပြီးနောက် နယူးယောက်တိုင်းမ်သတင်းစာ ရရှိခဲ့သောပူလစ်ဇာဆုအရေအတွက်မှာ ၁၃၉ ဆုအထိ ရှိလာခဲ့ပြီဖြစ်သည်။
ဝါရှင်တန်ပို့စ်သတင်းစာကမူ ဒေါ်နယ်ထရန့်ကိုလုပ်ကြံရန်ကြိုးပမ်းမှုအတွင်း ရိုက်ကူးခဲ့သည့် သတင်းဓာတ်ပုံကြောင့် သတင်းဓာတ်ပုံ ပူလစ်ဇာဆုနှင့် ခေါင်းကြီးပိုင်းကာတွန်းပူလစ်ဇာဆုတို့ကို ယခုနှစ်တွင် ရရှိခဲ့သည်။
ရိုက်တာ
